Thursday, August 23, 2012

ပေစုတ်စုတ် ဂျစ်ပစီကောင်ရဲ့ခပ်ရွဲ့ရွဲ့အကြောင်း


မိုးသံ၊လေသံတွေကို မုန်းတယ်
ဓားသံ၊လှံသံတွေကို မုန်းတယ်
ဒီလို သက်သက်နဲ့ပဲ ပေစုတ်စုတ်နေထိုင်တတ်ခဲ့
ဒီလို သက်သက်နဲ့ပဲ သိပ်ဂွကျတဲ့ကောင်ဖြစ်လာခဲ့
“သေခြင်းတရားဟာ အသံမထွက်ဘဲ တိတ်တိတ်လေးပဲ”
အဲဒီ့အယူအဆကို လက်ခံထားတယ်
ဒါနဲ့ပဲ ဂျစ်ပစီလို မွဲပြာပြာရှင်သန်တတ်ခဲ့
ဒါနဲ့ပဲ  မလှမပပွင့်ဖူးခဲ့တဲ့ကောင်
စိတ်ကို စိတ်ထဲမှာ လွင့်ပစ်ထားရင်း
စိတ်ထဲမှာ တောက်ခေါက်သံတွေ ဆူပွက်ထ
ဒဏ်ရာတွေက သွေးကြောတွေကို ကုတ်ခြစ်လာ
ဂျစ်ပစီကောင်ဟာ အိပ်မက်တွေ ကစားစရာအလုပ်ခံရတာမုန်းတယ်
ပုံပြောကောင်းသူတွေကို မြက်ပင်လေးဆွဲပြီး တိုက်ခိုက်တယ်
ရွှံ့တောင်ကို ရွှံ့နဲ့ပြန်ပေါက်တယ်
ဒုက္ခတွေဟာ အချိန်နဲ့အမျှ ဘတ်တီးရီးယားလိုပဲ တိုးပွားနေပါတယ်
သူဟာ အဲဒါကိုပဲ အချိန်နဲ့အမျှ စားသုံးရှူရှိုက်လို့
ဒီလိုနဲ့ သူ့ကဗျာတွေဟာ ရွဲ့စောင်းလာခဲ့
ဒီလိုနဲ့  ခုနစ်တွေအကြောင်းကို သက်ပြင်းမောတွေ ချွေချွေချလို့
ဒုက္ခတွေကို မုတ်ဆိတ်မွှေးတွေလို ရိတ်ပစ်လိုက်တယ်
ဒါနဲ့ပဲ……. ဂျစ်ပစီကောင်ရဲ့ ညတွေဟာ သူများညတွေထက်ရှည် ရှည်လာတယ်
…………………………………………………………………………………………………
……………………………………………….ပြီးတော့
လပြည့်ညတွေကို မျှော်ရင်း လကွယ်ညတွေမှာ အိပ်စက်နေခဲ့ရတယ်။                         
                                                                                                       မောင်ရေချမ်း

1 comment:

  1. ကဗျာလေးကို ဖတ်သွားပါတယ်။ ပြီးတော့ ခံစားတတ်သလိုလည်း အစွမ်းကုန် ခံစားနားလည်သွားပါတယ်။ အရမ်းသဘောကျရတဲ့ စာကြောင်းလေးတွေလည်း ပါတယ်။

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ