Sunday, December 2, 2012

တဖျစ်ဖျစ်မြည်နေတဲ့ မီးတောက်တွေနဲ့ အိပ်မက်သေတွေကို ဖွာရှိုက်နေတဲ့ကမ္ဘာ


ဆာလောင်ကြ
ဆာလောင်ကြ
မြူနှင်းတွေကို ဆာလောင်ကြ
အိပ်မက်အသစ်တွေကို ဆာလောင်ကြ
တရားတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကြ
ဓားတွေ လွှတ်ချ
လှံတွေ လွှတ်ချ
ဆွတ်ဆွတ်ဖြူနေတဲ့ လမ်းတစ်ခုရှာဖွေကြမယ်

 စကားလုံးတွေ ၊ ၀ါကျတွေ
ရွှေ့ထားစမ်းပါကွာ ၊ ကိုယ်နဲ့ဝေးရာသာ ရွှေ့ထား
တရားမျှတမှုဟာ ငါတို့ဝယ်မ၀တ်နိုင်တဲ့ ဘောင်းဘီတစ်ထည်
ဒေါသတွေကို ကျေကျေနပ်နပ် ဖောက်ခွဲပစ်ချင်သလား
စိတ်ပါလက်ပါ စိတ်လိုလက်ရ ဆဲပါ ၊ ဆိုပါ
ကတိချိုချိုတွေကို ၀ဲပစ်ပါ/ခေါက်ထားပါ
ဘာညာ ဘာညာ ကျင့်စဉ် ၊ ဘာဖြစ်သည်။ ညာဖြစ်သည်ပေါ့
ကြာတော့လည်း ပြီးသွားမှာပဲ
ပြီးတော့လည်း အကြာကြီးစောင့်ရဦးမှာ အသေအချာမို့
ဘာကြီးလဲ..ဟ
"ဒါကြီးဘာကြီးလဲ ...ဒါကြီးဘာကြီးလဲ " လို့
ရက်ပ် သီချင်းတစ်ပုဒ်ထဲက ပုပ်ပွပွအသံနဲ့ မေးရတော့မယ်

အချိန်တွေက ညစ်တော့
ငါတို့ ရေးတဲ့ကဗျာတွေလည်း သစ်မယ်မထင်တော့ဘူး
လေချွန်တာတောင် ၀ုန်းဒိုင်းကြဲချွန်နေရ
ကိုယ့်ကိုကိုယ်တောင် မယုံရတဲ့ရုတ်ရုတ်သဲသဲအနေအထားမို့
သူများပြောသမျှ တော်ကီတွေကို ခေါင်းခါတယ်
နာကျင်မှုဟာ ခဏခဏဆိုချင်စရာ မကောင်းတဲ့သီချင်း
ကိုယ်တစ်ခါတစ်ခါ ပျင်း ပျင်း ..လာ..ခဲ့
ဟိုဟာကို မျှော်ရ ၊ ဒီဟာကို စောင့်ရ
ဘာအခွင့်အရေး ၊ ညာအခွင့်အရေး
အခုလောလောဆယ် ဖြစ်နေတာ
ကိုယ့်ဘ၀ကိုယ်တောင် အနိုင်နိုင်ဆယ်ယူနေရ
ကြားသမျှသတင်းတွေက မီးခက်တွေနဲ့
ဖွင့်ထားတဲ့ရေဒီယို သွေးညှီုနံ့တွေနဲ့
ကြာတော့လည်း ဒီမျက်နှာ ( ဒီေ---ာက်ခွက်တွေ )
ရုပ်မြင်သံကြား ပိတ်ပစ်ရင်ကောင်းမလား
လနဲ့ကမ္ဘာကြား အကွာအဝေး နှစ်သိန်းလေးသောင်းတဲ့
ပုံပြောကောင်းကြ
ခရီးဝေးကို ခြေဗလာနဲ့ ဒိုးကြ
တကယ့်ဟာသတွေကို မျက်ရည်ဖွေးဖွေးလှုပ်အောင် ငါတို့မှာ ငိုရ
မှားမှားယွင်းယွင်း မှားယွင်းခဲ့ကြ
စနစ်တကျ ယုံကြည်ခဲ့ကြ
ဆာလောင်ကြ
ဆာလောင်ကြ
ငါတို့ အားလုံးဟာ လမ်းအစစ်တွေကိုဆာလောင်ကြ
အိပ်မက်အသစ်/သီချင်းအသစ်တွေကို ဆာလောင်ကြ
"ဘာထူးလဲ အခုအခါ "
ဒီသီချင်းစာသား အပိုင်းအစလေးပဲ ဆိုညည်းရတော့မလား
မသေမရှင်ဘ၀တွေက သေမထူး နေမထူး
သေမထူး၊နေမထူး (မသေမရှင်) အသက်ရှူသံတွေကို
ဘနဖူးသိုက်တူးကြတဲ့ သတ္တ၀ါတွေလည်း ရှိရဲ့
အကြောင်းကြောင်းကြောင့်
အကြောင်းကြောင်းကြောင့်ဆိုတဲ့ ခပ်စုတ်စုတ်လမ်းဘေးလေသံနဲ့ဆင်ခြေတွေ
ငလျင် ၊မုန်တိုင်း ၊ သဘာဝဘေးအန္တရာယ်များနဲ့
ရေတွေလည်း ကြီးချင်တဲ့နေရာ ကြီး
ငလျင်တွေလည်း လှုပ်ချင်တဲ့နေရာ လှုပ်
စစ်တွေလည်း ဖြစ်ချင်တဲ့နေရာ ဖြစ်
မီးညွှန့်၊ မီးတောက် လူလုပ်ဘေးအန္တရာယ်များနဲ့
တ၀ှစ်ဝှစ်နဲ့ နာရီတွေ အသေအပျောက်များတဲ့ခေတ်
သံသယခေတ် ၊ ဗရမ်းဗတာခေတ်
ပလီမလာခေတ် ၊ ရယ်စရာခေတ်
ကမ္ဘာကြီးက ခုန် ခုန်နေတာ
ကမ္ဘာကြီးက လှုပ် လှုပ်နေတာ
ငါတို့အားလုံးဟာ ငေးမောနေရ
လူတွေက ရန်ပွဲတွေကို တယုတယမွေးမြူလို့
တစ်ယောက်နဲ့တစ်ယောက် ဓားပေါက်ပြိုင်ကြ
ဟေး....လာပါ....လာပါ ....မိတ်ဆွေတို့
ခေတ်ကြီးကို တစ်ယောက်တစ်ပေါက် ကြမ်းတမ်းလှပစွာ ဆဲဆိုကြ
ကလိမ်ကကျစ် စကားလုံးတွေကို နှာခေါင်းရှုံ့ကြ
နေ့စဉ်နေ့စဉ် တွက်ချက်ရှင်သန်ရင်း
ဒုက္ခတွေကို စုပ်ယူစားသုံးနေရ
ဒေါသသံကင်းတဲ့ ၀ါကျတစ်ကြောင်းကို ကြိုးစားပမ်းစားရေးဖွဲ့ရင်း
ကြာတော့လည်း ကြာခဲ့ပြီ
အချိန်တွေဟာ အမှောင်ထဲမှာမြုပ်ရင်း
ကြာတော့လည်း ....
ငါတို့ဟာ အေးစက်ချိုမြနေတဲ့
ဆောင်းရာသီစစ်စစ်လေးကိုပဲ ဆွေး..မြေ့..တမ်း...တ နေရပေါ့ ။                    ။

                                                                                               မောင်ရေချမ်း

1 comment:

  1. ဆရာရေချမ်းရေ....ကဗျာရှည်ကြီးကို မိုးနတ် ၂ခေါက်တိတိပြန်ဖတ်
    သွားတယ်...ကြိုက်လွန်းလို့.....:)
    ကဗျာရှည်သလို ရသကလဲ စုံလွန်းတော့ ကဗျာရှည်ဖတ်ရမှာ ပျင်းတတ်တဲ့
    မိမိုးနတ်တစ်ယောက် ပျင်းချိန်မရတော့ဘူးပေါ့...မပျင်းဘူးဆိုတာထက်
    လေးနက်တဲ့ အဓိပါယ်တစ်ရပ်ရှိသေးတယ်...အဲဒါက
    ရေးဖွဲ့တဲ့ အကြောင်းအရာနဲ့ လတ်တလော တိုက်ဆိုင်နေတဲ့..ပြောရရင်
    update ဖြစ်နေတဲ့ အဖြစ်အပျက်လေးတွေပါ ပါဝင်နေတော့
    ပိုပြီးခံစားလို့ရတာပေါ့လေ...အနှစ်ကျတယ်ခေါ်မလား...ဟားဟား
    မိုးနတ်စကားလုံးတွေက သိပ်များကြီးကျယ်သွားပြီလား......
    ခင်မင်နေလျက်....မိုးနတ်

    ReplyDelete

နှစ်သက်စွာ ခံစားနိုင်ပါစေ