Tuesday, March 19, 2013

ကျနော့် စိတ်ဟာ ဒဏ်ရာတွေနဲ့ ဒရွတ်ဆွဲ

ငါ့ကိုယ်ငါလည်း မချစ်ချင်တော့ဘူး
အမြဲ ၀တ်လစ်စလစ်အိပ်မက်တွေနဲ့
နာနာကျင်ကျင်အိပ်မက်တွေကို နာနာကျင်ကျင်ခူးရတယ်/စူးရတယ်

(ခုံနံပါတ် ၁၂၄
ပထမနှစ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်)
ကျောင်းက စွန့်ပစ်ခြင်းခံရတဲ့ကျောင်းသားလေးတစ်ယောက်ရဲ့ရင်ကိုခွဲကြည့်
မြုံနေတဲ့ အနာတွေ/ဒဏ်ရာတွေရှိတယ်
Dental ဆရာဝန်တစ်ယောက်ကို ဖြစ်ခွင့်ကိုလက်လွှတ်ဆုံးရှုံးလို့
ကဗျာတစ်ပုဒ် ငါစိတ်ဟာ ပေါက်ခွဲပစ်ရ

ဒါ လှလှပပ ပါပဲ
တကယ့်ကို လှပတဲ့ဇာတ်ဝင်ခန်းတွေ
ကျောင်းခန်းအတွင်း အော်ဟစ်မှု
သရုပ်ပြဆရာမအား ပြန်ပြော/ပြန်ဆိုမှု
ကျောင်းခေါ်ကြိမ်မပြည့်မှု
စတဲ့အမှုပေါင်း သောင်းထောင်ခြောက်တွေနဲ့ လွင့်ခဲ့ရ
ဒါဟာ အမှန်တရားမှမဟုတ်ဘဲကွာ
ငါကိုယ်ဟာ တရားသဖြင့် ငါနေထိုင်
ကျောင်းသားတာဝန်ဟာ ကျောင်းသွားရုံသက်သက်လား
အဲဒါကို အမှားလို့တွေးတာ ငါမှားသတဲ့
ဖဲရိုက် အရက်သောက် ၊ ကျောင်းခေါ်ကြိမ်မှာ လက်မှတ်တစ်ချက်ထိုးရုံနဲ့တော့
ငါဟာ ကျောင်းသားဟန်မဆောင်ချင်
ငါ့တရားနဲ့ငါ လင်းပွင့်ရှင်သန်လို့ အမှားမှန်သမျှခေါင်းချင်းဝင်ဆောင့်ဖူး
အခုတော့ ...
ကျောင်းသားတစ်ယောက်ရဲ့ဘ၀မှာ..
ပြောပြချင်စရာဆိုလို့ မြုံနေတဲ့အနာတွေဟာ မလှမပ လှလှပပထိုးကြွနေ

ဒီလိုပါပဲလို့ ပြောရင်း စုတ်တသတ်သတ်နာကျင်ရတာတွေများလှပြီ
ခေတ်ကို မယုံကြည်တဲ့ကျောင်းသားလေးတစ်ယောက်
စာသင်ခန်းထဲမှာ အိပ်ငိုက်ခဲ့ဖူး
စာသင်ခန်းထဲမှာ မြသန်းတင့်ဝတ္ထုတွေဖတ်ခဲ့ဖူး
ကဗျာတွေတစ်ပုဒ် တစ်ပုဒ်
ဒေါသတွေ တစ်အုပ်ပြီးတစ်အုပ် ချွေလွင့်ခဲ့ဖူး
ကြိုသိပြီးသား မေးခွန်းတွေကို စိတ်ပျက်လက်ပျက်ဖြစ်ရင်း
ကိုယ့်ဘ၀ကိုယ် မေးခွန်းထုတ်ခဲ့ဖူး
ဘယ်တော့မှ ထူးခြားလာမှာမဟုတ်ဘူးလို့အနာဂတ်တွေကိုသံသယနဲ့ကြည့်ရင်း
ကိုယ့်ကံကြမ္မာဟာ ဆင်တစ်ဖက်၊ မြင်းတစ်ဖက်
ခုတော့ မုန်တိုင်းတွေထဲ ...
အမြဲ ၀တ်လစ်စလစ်အိပ်မက်တွေနဲ့
နာနာကျင်ကျင်အိပ်မက်တွေကို နာနာကျင်ကျင်ခူး/စူးလို့
ကျောင်းက စွန့်ပစ်ခြင်းခံရတဲ့ကျောင်းသားလေးတစ်ယောက်ရဲ့ရင်ကိုခွဲကြည့်
မြုံနေတဲ့ အနာတွေ/ဒဏ်ရာတွေပဲရှိတယ်။              ။

                                                                                 မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ