Sunday, April 14, 2013

ငါ...တို့....အော်သံတွေ...ဟာ လည်ချောင်းဝ မှာတင် တစ်....ဆို့....ပျောက်...ကွယ်


ဘာတွေများ ပြောစရာကျန်သေးလဲ
ဘာတွေများ ပြောနိုင်သေးလဲ

" ငါတို့သည် ဤမှောင်မိုက်သောလောက၏ အုပ်စိုးရှင်များနှင့်လည်းကောင်း
   ကောင်းကင်အရပ်ရှိ နာမ်ဝိညာဉ်ဆိုးများနှင့်လည်းကောင်း
   ဆိုင်ပြိုင်တိုက်လှန်နေကြ၏ "
 ( ဧဖက် ၆း၁၂ )

လှိုင်းလုံးတွေကြား အားလုံးဟာ ဒရွတ်တိုက်မျောပါ
အသားလိုပေမဲ့ အရိုးလောက်ပဲ တောင်းခဲ့ကြတဲ့ ငါတို့
အခုတော့ ပြောစရာတွေ ဘယ်မလဲ
ဘာတွေများ ပြောနိုင်ကြသေးလဲ

နာနာကျင်ကျင် အိပ်မက်တွေပါပဲ/နှင်းဆီတွေ တစ်ပွင့်တစ်ပွင့်လွင့်
လေတွေ တဖျတ်ဖျတ်မြူး
ဘီလူးတွေဟာ လူယောင်ဆောင်ထားတဲ့ကမ္ဘာ
ပေါင်မုန့်တစ်လုံးကို လူ့အသက်တစ်ချောင်းနဲ့လဲနေရတဲ့နေရာတွေ
ကဗျာဆရာတိုင်းဟာ ခေတ်ရဲ့ ယဉ်ကျေးမှု ကောင်းမွေ ဆိုးမွေ
အားလုံးUpdate သိနေတာ ကောင်းမယ်ထင်တယ် (ShweKo NatUcsm)ဆဲချင်ဆိုချင်စိတ်တွေအတွက် အခုလောလောဆယ် အငမ်းမရ
ကျနော် ၀ါးစားပစ်တယ် / သတင်းတွေကို ၀ါးစားပစ်တယ်
ကောလလာလတွေကို ၀ါးပစ်တယ်
ကိုရွှေကိုယ်ရေ... ဒါဟာလဲ တကယ့်ကို Danger ပဲ ။



ကျနော်တို့ အော်ခဲ့ကြတယ်
မိုးခေါင်ရေရှား ဒေသတွေကနေ အားလုံးအော်ခဲ့ကြ
အရေပြားပေါ်က ဆာလောင်မှုတွေဟာ စကားလုံးတွေအဖြစ်ဝုန်းဒိုင်းကြဲ
အားလုံးဟာ ရိုးသားစွာ ပွင့်ဖူးခဲ့ကြ
အမှားတွေကို မြတ်မြတ်နိုးနိုး ရှုံ့ချလို့
အသားလိုပေမယ့်အရိုးလောက်ပဲ တောင်းခဲ့ကြတဲ့ ငါတို့
အသားလိုပေမယ့် အရိုးလောက်ပဲ တောင်းခဲ့ကြတဲ့ ငါတို့
အ...သား..လို...ပေ..မယ့် ...အ..ရိုး...ပဲ..တောင်းခဲ့ကြတဲ့....ငါ...တို့
အခု......လည်ချောင်းတွေဟာ ကွဲရှလို့

ကိုလင်းရေ.......
ကွာလာလမ်ပူရဲ့အပူလှိုင်းတွေပေါ် ခင်ဗျားအဆင်ပြေရဲ့လား
ခင်ဗျားအဆင်ပြေပြေ /မပြေပြေ ကမ္ဘာကြီးက အဆင်မပြေဘူး
ဖြစ်နိုင်ရင် မွဲခြောက်နေတဲ့အသားအရည်တွေအတွက် ကဗျာတစ်ပုဒ်လောက်ပို့ပေးစမ်းပါဦး
ဆူးရဲရဲ့ ရိုစီဟုခေါ်သည်ကို ကျနော် မျက်ရည်စက်လက်ရွတ်ဆိုနေရတယ်
ရိုစီတွေ ဘယ်လောက်များပြီပဲ
ကဗျာဆရာ ရာဇာမျိုး(အင်းကုန်း)ကတော့
ကွာလာလမ်ပူလမ်းကနေ  အိမ်ဘေးကကောင်မလေးအတွက် ပူ
မိသားစုအတွက် ပူ
လယ် ၊ ယာ ၊ ကျွဲ ၊ နွားအတွက် ပူရင်း ကဗျာတွေဖြစ်ခဲ့ပြီးပြီ
ကျနော် အော်နေတယ်
အပူလှိုင်းတွေ ကြားကနေအော်နေတယ်

ကျနော်တို့အားလုံးဟာ အော်နေကြ
မိုးခေါင်ရေရှားရပ်ဝန်းမှ အော်နေကြ

သမိုင်းဆိုသည်မှာ
လူ့လောကကြီး၏ရာဇ၀တ်မှုများ
မိုက်မဲမှုများနှင့်ကြမ္မာဂြိုလ်ဆိုးတို့ကို
မှတ်ပုံတင်ထားသည့် မှတ်ပုံတင်စာရင်းကြီးသာဖြစ်သည်။
                                          ( အက်ဒွပ်ဂစ်ဘွန်း )
ဘာတွေများ ပြောစရာကျန်သေးလဲ
ဘာတွေများ ပြောနိုင်သေးလဲ

သူကတော့ အဲလိုမှတ်ချက်ချခဲ့ပြီးပြီ
ကျနော်တို့ကတော့ ဆဲလို့ ဆိုလို့ နေ နေရတုန်း
ဘာတွေလဲ
ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်
အိပ်မက်တွေတစ်ဆုပ်ပြီးတစ်ဆုပ်နဲ့ အော်နေကြ
စကားလုံးတွေနဲ့ အော်နေကြ
ကျနော်တို့ အားလုံးရဲ့ အသံတွေဟာ.........

 လည်ချောင်းဝ မှာတင် တစ်....ဆို့....ပျောက်...ကွယ် ရင်း..........။

                                                                    မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ