Wednesday, July 3, 2013

ရန်ကုန်ကို စိတ်ကုန်ခဲ့တဲ့နောက်တော့


မနက်မိုးလင်းလာတဲ့အခါ
ပုံမှန်တစ်ခွက်ဆိုတဲ့ အသံကိုက ပုံမှန်မဟုတ်ဘူး
လက်ဖက်ရည်ဆိုင်ထဲ ရော့(ခ်)သီချင်းကြမ်းကြမ်းနဲ့နေသားတကျ
ငါတို့ဟာ မြို့ပြလူသားတွေအဖြစ် စီးမျော
“ သက်ရှိသက်မဲ့ ဒြပ်ရှိ ဒြပ်မဲ့တို့၏ အမည်ဟူသမျှကို နာမ်ဟုခေါ်သည်”
ရပ်ကွက်လေးရဲ့ဗွက်ထလမ်းကျဉ်း ၁၀ ပေအိမ်ခန်းလေးထဲမှာ ကလေးတွေရဲ့စာအော်ကျက်သံနဲ့ဆူဝေလို့နေ
မြို့ပြဟာ အသက်ရှူမ၀တဲ့ ပန်းနာရင်ကျပ်အဘိုးအိုလို
တံခါးခေါက်သံကြားရင်လည်း သံသယတွေနဲ့
ဖိနပ်သံတရှပ်ရှပ်ကြားရင်းလည်း နားကြီးကြီးစွင့်နေရ
တစ်ယောက်ကို တစ်ယောက် မယုံကြည်ရတဲ့အနေအထားမှာ ရုတ်ရုတ်သဲသဲလွန့်လူးလို့
ဆဲဆဲဆိုဆို အသံတွေ
နစ်နစ်နာနာ အသံတွေနဲ့မြို့
အဲဒီ့မြို့ကြီးမှာ အခုထိ ရန်မကုန်သေးဘူး .. သူငယ်ချင်း
မင်း မ လာချင်ပါနဲ့

စိုးရိမ်ရတဲ့ အခြေအနေတွေ တင်းပြည့်ကျပ်ပြည့်
အောက်စီဂျင်မလိုဘူး ၊ ပုလင်းမချိတ်ဘူး
လူနာစောင့်မရှိဘူး
ကိုယ့်ကိုယ် ကို စောင့်ရှောက်နေရသူတွေမှာ
ကုတင်နံပါတ်ဆိုတာလည်း မလိုဘူး
ရိုးရှင်းသော ဘ၀ရဲ့ပျော်ရွှင်မှုဆိုတာ
ငါတို့မနက်ဖြန်တွေနဲ့စာရင် သီချင်းအတုပဲ သူငယ်ချင်း
အင်တာနက်ခေတ်မှာ သိုလှောင်စရာ နေရာ ခပ်များများမလိုဘူး
ငါတို့တောင် ကျောတစ်ခင်းစာ သက္ကရာဇ်တွေနဲ့ ပွန်းပဲ့နေတာကြာခဲ့ပေါ့
ပွန်းပဲ့နေတာ ကြာပြီကောလေ။


ဘာကြောင့်ဖြစ်ဖြစ် ၊ ဘယ်လိုပဲဖြစ်ဖြစ်
ဘာတော့ဖြစ်ဖြစ် ….
ညိုညစ်နေဆဲ(တဲ့) သာမန်များ
လက်လုပ်လက်စား ၊
သူခိုး ၊ သူတောင်းစား ၊ လူရောင်လွင့်သူများ
အဲဒီ့လူတွေဟာ
HIV ပိုး ကူးစက်ခံခဲ့ရတဲ့မြို့ကြီးမှာ
မြစ်ပွားနာဖြစ်နေတဲ့မြို့ကြီးမှာ
သွေးမတိတ်သေးတဲ့ဒဏ်ရာရမြွေကြီးတစ်ကောင်လို ပျော့အိပုပ်အက်နေတဲ့မြို့ကြီးမှာ
“ကျွန်တော်တို့ဟာ တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ”
“ကျွန်တော်တို့ဟာ တစ်နေ့လုပ်မှ တစ်သက်စားရတာပါ”
အဲသလို မတူတဲ့ အသံတွေနဲ့
ဖျပ်ဖျပ်လူးနေတဲ့ ရေနည်းငါးတွေလို
“ဖြစ်ချင်ရာဖြစ်ဆိုပြီးပစ်လိုက်တာ ငါ့တစ်ဘ၀လုံးညစ်ရောပေါ့”
အဲသလို အသံတွေနဲ့ပါ သူငယ်ချင်း

အကျိုးကြောင့်ဖြစ်ဖြစ် အပြစ်ကြောင့်ဖြစ်ဖြစ်
လူညစ်ပတ်လေးတွေ များလာတဲ့အခါတော့
စစ်ဆိုတာလည်း အပျော်တမ်းအတွက်ဖြစ်ခဲ့
ဒီမြို့ဟာ စစ်ပွဲသတင်းပါတဲ့ဂျာနယ်တွေနဲ့
ဆင်းရဲမွဲတေမှုပပျောက်ရေးဆောင်းပါးပါတဲ့ သတင်းစာတွေနဲ့
အဲသလိုနဲ့  ဒီမြို့ကြီးဟာ မီးယပ်ရောဂါသည်တစ်ဦးလို ပိန်ချုံးခြောက်ကပ်လို့


နောက်ဆုံးထွက်သက်ကို ငင်နေတဲ့လူမမာတစ်ယောက်လို
ဒီမြို့ကြီးဟာ နေ့ည မရွေး အဆင်မပြေမှုတွေနဲ့
အိုးပစ် အိမ်ပစ် ဆွေပစ် မျိုးပစ်
နေရာအသစ်နဲ့ မြို့ပြအသစ်မှာ
စိတ်နောက်ကိုယ်ပါ မျှော်လင့်ချက်တွေနဲ့
အာဟာရတွေ ငတ်
သတင်းတွေ ငတ်
မနက်မနက်ဆို အိပ်မက်အသစ်တွေ ငတ်လို့
အသံတွေ မထွက်ခဲ့/မထွက်ရဲ ပေမယ့်
တစ်ယောက်စီတစ်ယောက်စီ ဂီတာတစ်လက်တော့ ပိုင်တတ်ကြတာပဲမဟုတ်လား
အာခေါင်တွေ ပူမြခြောက်ကပ်လို့
မင်းရော… ငါရော
ဘယ်လို ၀င်းမှည့်မှုမျိုးနဲ့ ကိုင်းညွှတ်အိကျခဲ့ဖူးလို့လဲ သူငယ်ချင်း
အိပ်တယ်ဆိုတာ
မျက်လုံးမှိတ်ရုံနဲ့ မလုံလောက်တဲ့နောက်တော့
မော့ချလိုက်တိုင်း ခါးခဲ့ရတဲ့ ညတွေ ။

လူတွေကလည်း ကုံးကျော်တံတားတွေလိုပါပဲ
ကျော်မယ် ခွမယ် ဆိုတာချည်း
ဘေးမှာ နေရတွေချင်း အတူတူ “ဘေးကို ဘေးကို” ဆိုတဲ့ စကားတွေ သိပ်သိပ်သုံးလာကြ
ဘစ်(စ်)ကားပေါ်က ဘ၀တွေနဲ့ ကားမှတ်တိုင်ကဘ၀တွေဟာ သိပ်မှမကွာကြပဲကွာ
တစ်ယောက် တစ်မျိုးဆိုးရင်း
တစ်ယောက်ကို တစ်ယောက်တိုးရင်း
တဖြည်းဖြည်း ဝေးလွင့်လာချင်ခဲ့
ခပ်ဝေးဝေးက မြို့ကြီးတွေကိုငေးလို့
ဖောင်းအိထိုးထွက်နေတဲ့ တိုက်တာကြီးတွေနဲ့
မိုးပျံတံတားကြီးတွေနဲ့
အလုပ်အကိုင်အခွင့်အလမ်းနဲ့ ၊ ပညာသင်စရာကျောင်းတွေနဲ့
အဲသလို မြို့ကြီးတွေဆီ ငါတို့လူတွေ ရွေ့ပြောင်းသွား
ငါတို့ဟာ အခုထိ ရရစားစားပဲ မဟုတ်လား
အခုထိ ငါတို့မြို့ကြီးဟာ ဖုတ်လှိုက်ဖုတ်လှိုက်
လမ်းတွေက ခဏခဏ ခလုတ်တိုက်လို့
ငါတို့ ဒဏ်ရာတွေလည်း ရင်းခဲ့ကြပါပြီ
နောက်ဆုံးမတော့…
တိတ်တိတ်လေး စိတ်ကိုခွာပြေးလို့ ဒီမြို့ပျက်ကိုစွန့်ပစ်ချင်ခဲ့
သူငယ်ချင်း….
မင်းလည်း မလာပါချင်နဲ့
ငါလည်း ဒီဝမ်းပျက်ဝမ်းလျှောမြို့ကြီးကို စိတ်ကုန်ခဲ့ပေါ့ ။      ။

                                                           မောင်ရေချမ်း ၊ ချမ်းထက်ဟန်

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ