Thursday, December 19, 2013

အခု ငါတို့ဟာ ရေခဲရိုက်ထားတဲ့ အပုပ်အသိုး ဒီ...ဒီ...ဒီ... အခန်းထဲမှာ



ဒုက္ခဆင်းရဲဆိုတာ ဘယ်တော့မှ အလေ့ကျမပေါက်ဘူး
ဖြစ်နိုင်ရင် သီချင်းဆိုချင်တယ်
သူရဲကောင်းတွေရဲ့ နာမည်ကို ဖြစ်ဖြစ်
ရခဲ့တဲ့ဒဏ်ရာတွေကို ဖြစ်ဖြစ်ပေါ့

[ယာဘက်လက်နဲ့ ဆန်ရေစပါး ( အစားအသောက်) ကို ပြည်သူတွေကိုပေးလို့
ဘယ်ဘက်လက်နဲ့ အ၀တ်အထည် ကို စွန့်ကြဲ သတဲ့ ]
ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကျန်စစ်သားရဲ့သမိုင်းထဲမှာအဲသလို သိခဲ့ရတယ် ။

အဲသလိုဆို အခု ငါတို့ဟာ
ဘယ်ဘက်လက်ကိုဖြတ်ပြီး ညာဘက်လက်ကို ၀ှက်ထားတဲ့အချိန်တွေမှာပေါ့

အခု ငါတို့ဟာ လူတောမတိုးတဲ့ခွေးဝဲစားတွေပါ
အခု ငါတို့ဟာ ညစ်ထေးထေးသူတောင်းစားတွေပါ
အခု ငါတို့ဟာ မြှားချက်တွေကိုရှောင်တိမ်းနေရတဲ့ယုန်သူငယ်လေးတွေပါ
အခု ငါတို့ဟာ တစ်နေ့လုပ်အားခ တစ်နေ့စားနေရ သာမန်အခွန်ထမ်းပြည်သူတွေပါ
အခု ငါတို့ဟာ ပေတိပေစုတ် ကျွတ်စပွတ်လေးတွေပါ
အခု ငါတို့ဟာ အော်ချင်ရာအော်ဖို့ ပါးစပ်ပေါက်ပျောက်နေကြသူတွေပါ
အခု ငါတို့ဟာ ပုံပြင်အဟောင်းကို Version ပြောင်းပြောခြင်းကိုခံကြရသူတွေပါ

"တရားမမျှတမှုဟာ ဥပဒေဖြစ်လာတဲ့အခါ တော်လှန်ပုန်ကန်မှုဟာ လူထုတာဝန်ဖြစ်တယ်။" ( သောမတ်ဂျက်ဖာဆင် )
အဲဒီလိုနဲ့ …..
နှစ်တွေ ၊ နှစ်တွေဟာ သူတို့ ချဉ်ခြင်းတက်ရာကို တောင်းဆိုလို့
မီးခက်ပွင့်တွေကြားထဲကနှစ်တွေဟာလည်း
ခြေပြတ်လက်ပြတ်မြစ်တွေဟာလည်း
နှင်းတွေ ရွှဲရွှဲစိုနေမယ့်နှစ်တွေကို မျှော်လင့်နေရ

တကယ်တော့ ငါတို့ဟာ ဓားစာခံတွေပေါ့
မီးထတောက်ဖို့အတွက် အပွန်းခံလိုက်ရတဲ့ကျောက်ကလေးတွေလိုပေါ့
ဒါပေမဲ့ အပွန်းအပဲ့သာခံလိုက်ရတယ်
ဘာမီးမှ မတောက်ခဲ့တာတော့ အသေအချာပေါ့ ။ ။

                                                             မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ