Monday, December 30, 2013

နှစ်ထောင့်ဆယ့်သုံးတော့ ဒိုးတော့မယ်


နောက်ထပ်ဒုက္ခအသစ်တွေ ဘယ်တော့လဲ
နောက်ထပ်ဈာပနအသစ်တွေ ဘယ်တော့လဲ
သေရမယ့်လူတွေ မသေသေး
သူရဲကောင်းတွေက သူရဲကောင်းဆန်ဆန်နှုတ်ဆက်သွားခဲ့ကြ

"ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ် "
ကဗျာဆရာလှသန်းကတော့ အဲဒီလို ညည်းခဲ့လေရဲ့

စိတ်ပျက်ဖွယ်ပျော့စိစိကတိများ ချန်ထားခဲ့
စိတ်ပျက်ဖွယ် အီစီကလီကြောင်စီကွေး ဒီမိုကရေစီ ချန်ထားခဲ့
စိတ်ပျက်ဖွယ် အာဝါးဒါး ပြက္ခဒိန်အဟောင်းများ ချန်ထားခဲ့

မပြီးနိုင်သေးသော စစ်ပွဲများ
မပြီးနိုင်သေးသော ပြက်လုံးများ
မပြီးနိုင်သေးသော အရှုံးများ

ဖွယ်ဖွယ်ရာရာပြင်ဆင်ထားတဲ့ စိတ်ပျက်ဖွယ်ရာများ
အားလုံးကို ထားခဲ့ရတော့မယ်ဆိုတော့
ဘာတွေကိုများ လက်ဆင့်ကမ်းယူသွားရမှာလဲ
နောက်ထပ်ဒုက္ခအသစ်တွေ ဘယ်တော့လဲ
နောက်ထပ်ဈာပနအသစ်တွေ ဘယ်တော့လဲ

တာ့တာပါ နှစ်ထောင့်ဆယ့်သုံး
ငါတို့မှာတော့ ဆဲတုန်းဆိုတုန်း အိပ်မက်ပြိုသံတွေတ၀ုန်းဝုန်းနဲ့ပေါ့

အသုံးမကျတဲ့နည်းပြစုတ်ကို ကန်ထုတ်လိုက်သလိုပေါ့
ဒါမှမဟုတ် ပေါက်လွှတ်ပဲစားစကားလုံးတွေများတဲ့ဝါကျကို ခြစ်ထုတ်ပစ်လိုက်သလိုပေါ့
စိတ်ပျက်ဖွယ်နေ့စွဲများ ချန်ထားခဲ့
စိတ်ပျက်ဖွယ်နှစ်တစ်နှစ်အား ချန်ထားခဲ့ ။ ။

                                         မောင်ရေချမ်း

1 comment:

နှစ်သက်စွာ ခံစားနိုင်ပါစေ