Sunday, February 2, 2014

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ

________________________________________________________

| တိမ်တွေပေါ် ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာဟာ ထူးဆန်းဖွယ်ရာ၊ကြည်နူးဖွယ်ရာ
သိမ်မွေ့ရာ အရာရာများဖြင့် စီးမျောလည်ပတ်။ တိမ်တွေပေါ်ရောက်သွားတဲ့ခဏက
အဲဒီ့ကမ္ဘာဟာ ကျယ်ပြန့်သော လွင်ပြင်များ၊ ကြည်လင်သောစမ်းချောင်းများ ၊
သန့်ရှင်းသော တိမ်တိုက်များ ၊ မွှေးသောစမ်းချောင်းများ ၊ စိမ်းမြသောတောအုပ်များ၊
ယဉ်ကျေးသောတောင်တန်းများ ၊ ၀ဖြိုးသော ချစ်ခြင်းများနှင့် လတ်ဆတ်သောအရာ
ရာ အားလုံး တိမ်တွေပေါ်ရောက်သွားတဲ့ခဏ အဲဒီ့ကမ္ဘာ |


---- (၀ ) ----
ပန်းတွေ တချွင်ချွင်ပွင့်လို့
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက
ကမ္ဘာအနှံ့အပြားက သတင်းထောက်တွေဟာ
ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေကြလိမ့်မယ်
ငြိမ်းချမ်းသော စိမ်းလန်းသောနယ်မြေအဖြစ် မှတ်တမ်းတင်လို့ပေါ့
တိမ်တွေပေါ် ရောက်သွားတဲ့ခဏက

ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့နေပေါ့
လယ်ကွင်းဟာ စိမ်းစိုနေပုံ
အလင်းတွေဟာ ဖြာကျနေပုံ
ကောင်းကင်ဟာ ပြာလွင်နေပုံ
တရိပ်ရိပ် တအေးအေးနဲ့
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက
ဝိုးတ၀ါးလို ဖြစ်လာတယ်
အေးစက်စက်နေတဲ့အမှောင်ကိုဖြတ်လာတယ်
မောလျနွမ်းအိလာပုံနဲ့
တိမ်တွေပေါ် ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ

---- ( ၁ ) ----
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက
မနက်ခင်းနေဟာ ပျော့ပျောင်းစွာကျဆင်းလို့

သန့်ရှင်းတဲ့ မြေတလင်းမှာ
ကလေးတွေဟာ ကျည်ဆန်မထွက်တဲ့ သေနတ်တွေနဲ့ စစ်တိုက်တမ်းကစားနေကြမယ်

အားကောင်းသန်မာ လူငယ်တချို့ဟာ
အုတ် ကျောက်တွေကို သယ်ယူရင်း အဆောက်အအုံအသစ်တွေဆောက်နေလိမ့်မယ်
စာသင်ကျောင်းတွေ ၊ ဆေးရုံတွေ ၊ လူမှုကူညီရေးအသင်း တွေပေါ့

---- (၂ ) ----
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
တချို့လူတွေဟာ ဓားတွေ၊လှံတွေကို ဂျုံတွေ ဆန်တွေနဲ့ လဲစားနေကြတယ်

ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
တချို့စစ်သားတွေဟာ ကလေးတွေကို ချောကလက်တောင့်တွေဝေပေးနေတယ်

ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
တချို့စစ်သားတွေကိုဟာ လူနာတွေကို တယုတယတွဲလို့ ဆေးရုံပို့ပေးနေမယ်

ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
တချို့စစ်သားတွေဟာ အဘိုးအဘွားတွေကို ထမင်းခွံ့ကျွေးနေတယ်

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ

---- ( ၃ ) ----
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
ပုန်းကျင်းတွေနေရာမှာ ကလေးကစားကွင်းတွေပေါ်လာတယ်
ဒုက္ခသည်စခန်းတွေနေရာမှာ စာသင်ကျောင်းတွေပေါ်လာတယ်
စစ်သားတွေနေရာမှာ စာအုပ်တွေနဲ့
လေယာဉ်ပျံတွေတွေ မကြားရတော့ပါ
သီချင်းသံများနဲ့ ငြိမ်းချမ်းစွာ
အိပ်မက်တွေ အသစ်သစ် မွေးဖွားဖြစ်လာမယ်

ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
ကောင်းကင်ဟာ မေတ္တာတရားကို သိမ်းဆည်းပြီး ၀ဖြီးနေပါလိမ့်မယ်

--- (၄)----

ပန်းတွေ ပန်းတွေ တစ်ပွင့်ချင်းတစ်ချင်း တချွင်ချွင်ပွင့်လာပုံ
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
ယမ်းငွေ့တွေနေရာမှာ နှင်းပွင့်တွေ တစက်စက်လွင့်လို့
တစ်ဖက်နဲ့တစ်ဖက် အသေအကြေတိုက်ခဲ့ကြတဲ့ စစ်သားတွေဟာ
အချင်းချင်းပွေ့ဖက်လို့ ၀မ်းအားရနှုတ်ဆက်နေကြတယ်
သူတို့ပါးပြင် မျက်ရည်စတွေစိုလို့ သူတို့မငိုဘဲ ရယ်မောနေကြလိမ့်မယ်
အဲဒီ့နောက်
သူတို့ဟာ တကယ့် ညီအစ်ကိုတွေလို အတူတူ သီချင်းတွေဆိုကြလိမ့်မယ်
အတူတူ ရှန်ပိန်ပုလင်းတွေ ဖွင့်လို့ ကခုန်တီးမှုတ်နေကြလိမ့်မယ်

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
သေစေနိုင်သောလက်နက်တွေကို တိုက်ပွဲမှာကျဆုံးသွားတဲ့စစ်သားတွေနဲ့အတူ
တစ်ပါတည်း မြှုပ်နှံပစ်ကြလိမ့်မယ်

တိမ်တွေပေါ်မှာ ကမ္ဘာ ပကတိသာယာကြည်လင်လို့

---- (၃ ) -----
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
အဲဒီ့ကမ္ဘာမှာ စစ်ပွဲတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေ မရှိတော့ဘူး
ရုပ်မြင်သံကြားမှာ ခြေပြတ် ၊ လက်ပြတ်သတင်းတွေမလာတော့ဘူး
မိသားစုတွေဟာ အတူတူစုလို့ ချစ်ခြင်းမေတ္တာအကြောင်းကို ၀ိုင်းဖွဲ့ပြောနေကြမယ်

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
ရှိရှိသမျှအိမ်တွေဟာ သော့ခတ်မထားတော့ဘူး
တစ်ယောက်အိမ်တစ်ယောက် တံခါးမရှိဝင်ထွက်သွားလာလို့
တစ်ယောက်ဟင်းခွက်တစ်ယောက် လဲစားနေကြလိမ့်မယ်

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
ဘာသာမတူကြပေမဲ့ လူတွေဟာ
အမှန်တရားတစ်ခုကိုတော့ တူညီစွာကိုးကွယ်ကြလိမ့်မယ်

မွှေးသောစမ်းချောင်းလေးရဲ့ရေမှာ
ဓမ္မတေးတွေဟာ လွှင့်ပျံလို့

--- (၂ )----

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
ကျားတွေ ၀ံပုလွေတွေကို အိမ်မွေးတိရစ္ဆာန်အနေနဲ့မွေးထားကြလိမ့်မယ်
မြေခွေးတွေဟာ သစ်ဥသစ်ဖုကို စားလို့ ရှင်သန်ထွားကြိုင်းနေကြလိမ့်မယ်

တောင်တန်းတွေဟာ သန့်ရှင်းသောအိပ်မက်တွေနဲ့အထပ်ထပ်သစ်လို့

---- ( ၁ ) ----
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
တိရစ္ဆာန်ရုံတွေ မရှိ
ငှက်လှောင်အိမ်တွေ မရှိ
အကျဉ်းထောင်တွေ မရှိ
ငှက်တွေဟာ လွတ်လပ်စွာဝဲပျံလို့ ညောင်းညာလာတဲ့အခါ
လူတွေ ပုခုံးထက်မှာ အနားယူနေကြပါလိမ့်မယ်

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
လမ်းအတုတွေဆိုတာ မရှိ
တရားအတုတွေဆိုတာ မရှိ
ကိုယ့်ကိုကိုယ် အုပ်ချုပ်လို့ ကိုယ့်အလုပ်ကိုယ် လုပ်နေကြလိမ့်မယ်

တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
အမျိုးသမီးတွေဟာ စာသင်ခန်းထဲမှာလုံခြုံသိက္ခာရှိလို့နေလိမ့်မယ်
ပညာသင်ကြားခွင့်ဖိနှိပ်ထားတာ မရှိ
အမှောင်တွေ မရှိ
လူကုန်ကူးမှုတွေ မရှိ
ကလေးစစ်သားတွေ မရှိ
ကလေးအလုပ်သမားတွေ မရှိ
ဆူပူအကြမ်းဖက်မှုတွေ မရှိ
မီးရှို့အကြမ်းဖက်မှုတွေ မရှိ
လူတွေဟာ မေတ္တာတရားကိုသာ ရောင်းဝယ်ဖောက်ကားလို့
ချစ်ခြင်းတရားအကြောင်းကို မွှေးစွာပြောရင်းကွယ်လွန်ကြလိမ့်မယ်

ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ
Church ကျောင်းက ခေါင်းလောင်းသံ
ဗလီကျောင်းက ၀တ်ပြုသံ
လေထုထဲ အားလုံးဟာ သိမ်မွေ့သန့်ရှင်းစွာစီးဆင်းလို့နေလိမ့်မယ်

---- ( ၀) ----
ပန်းတွေ တချွင်ချွင်ပွင့်လို့
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ
ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့လို့
ကမ္ဘာအနှံ့အပြားက သတင်းထောက်တွေဟာ
ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်နေကြလိမ့်မယ်
ငြိမ်းချမ်းသော စိမ်းလန်းသောနယ်မြေအဖြစ် မှတ်တမ်းတင်လို့ပေါ့
တိမ်တွေပေါ် ရောက်သွားတဲ့ခဏက

ပတ်ဝန်းကျင်ဟာ ကြည်လင်သိမ်မွေ့နေပေါ့
လယ်ကွင်းဟာ စိမ်းစိုနေပုံ
အလင်းတွေဟာ ဖြာကျနေပုံ
ကောင်းကင်ဟာ ပြာလွင်နေပုံ
တရိပ်ရိပ် တအေးအေးနဲ့
တိမ်တွေပေါ်ရောက်သွားတဲ့ခဏက
ဝိုးတ၀ါးလို ဖြစ်လာတယ်
အေးစက်စက်နေတဲ့အမှောင်ကိုဖြတ်လာတယ်
မောလျနွမ်းအိလာပုံနဲ့
တိမ်တွေပေါ် ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာ ။ ။

-- -- --- --

| တိမ်တွေပေါ် ရောက်သွားတဲ့ခဏက အဲဒီ့ကမ္ဘာဟာ ထူးဆန်းဖွယ်ရာ၊ကြည်နူးဖွယ်ရာ
သိမ်မွေ့ရာ အရာရာများဖြင့် စီးမျောလည်ပတ်။ တိမ်တွေပေါ်ရောက်သွားတဲ့ခဏက
အဲဒီ့ကမ္ဘာဟာ ကျယ်ပြန့်သော လွင်ပြင်များ၊ ကြည်လင်သောစမ်းချောင်းများ ၊
သန့်ရှင်းသော တိမ်တိုက်များ ၊ မွှေးသောစမ်းချောင်းများ ၊ စိမ်းမြသောတောအုပ်များ၊
ယဉ်ကျေးသောတောင်တန်းများ ၊ ၀ဖြိုးသော ချစ်ခြင်းများနှင့် လတ်ဆတ်သောအရာ
ရာ အားလုံး တိမ်တွေပေါ်ရောက်သွားတဲ့ခဏ အဲဒီ့ကမ္ဘာ |

                                                          မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ