Thursday, February 20, 2014

လူငယ်တစ်ယောက် ( ၄)



မနက်မိုးလင်းတာနဲ့
နန်းတော်ပေါ်က
လောလောလတ်လတ်ဆင်းလာတဲ့ မင်းသားတစ်ပါးလို
လမ်းတွေကို မောက်မောက်မာမာဆက်ဆံ လိုက်တယ်

လနဲ့လည်း ဆက်သွယ်
ညနဲ့လည်း ဆက်သွယ်ရင်း
သွားချင်တဲ့တိမ်တွေဆီလည်း မျက်ခြေမပြတ်ဆက်သွယ်ခဲ့

အချစ်အကြောင်း ကဗျာရေးပြီး
တလက်လက်ထနေအောင် သွေးထားတယ် ဓားကို
ဓားရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်လို့
သူခိုးတွေကို ဓားရိုးကမ်းဖို့မဟုတ်ဘူး
ဓားဦးနဲ့ ချွန်မြနေအောင် ထိုးပစ်ဖို့

ချစ်သူကိုတော့ သယံဇာတတစ်ခုလို ဖူးဖူးမှုတ်ထားပုံမှာ
လိမ္မာတဲ့တောင်တန်းတွေတောင် မနာလိုကြ

မနက်မိုးလင်းတာနဲ့ လိုနေတာ အချစ်ပဲမို့
ဒေါသထွက်နေတဲ့ သစ်ပင်တွေကို လမ်းပေါ်ကခြစ်ချပစ်တယ်

ပိုက်ဆံမရှိတဲ့နေ့တွေမှာတော့
ချစ်ခြင်းမေတ္တာကို Miss Call လှမ်းထိုးတယ်
စိတ်ပုပ်ပုံက ဘယ်တော့မှ ဖုန်းပြန်မခေါ်ဘူး။

                                              မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ