Sunday, February 9, 2014

ခေတ်တစ်ခေတ်လုံးကို ရှော့ခ်တိုက်မယ့်အတိုင်း ခပ်ကြောင်ကြောင် DESIGN တွေ မြို့ထဲ ဝင်လာတယ် !



ဒီဇိုင်းတွေကတော့ အပြတ်ဂေါ်တယ်
ခပ်တည်တည်ပဲ
မြို့ထဲကိုဝင်လာကြပုံ

ဆံပင်နီကြောင်ကြားနဲ့ကောင်တွေ ပါတယ်
နားမှာ ပြောင်လက်လက်ကွင်းကြီးစွပ်ထားတဲ့ကောင်တွေ ပါတယ်
လက်မောင်းပေါ်က တက်တူးကို မြင်စေချင်လို့
အင်္ကျီကို တမင်ဖြဲပြီး ၀တ်ထားတဲ့ကောင်တွေ ပါတယ်
အော်တာရှပ်ကို လက်ခေါက်ဝတ်ပြီး
စီးကရက်လက်ကြားညှပ်ထားတဲ့ကောင်တွေ ပါတယ်
အရက်ပုလင်းကို ခါးကြားထိုးပြီး
မူးမူးနဲ့ သီချင်းအော်ဆိုနေတဲ့ ငနဲတွေလဲ ပါတယ်
ဘယ်ကလာမှန်းမသိပေမယ့် သွားမယ့်နေရာအတူတူပဲ သူတို့တွေ
ဘယ်သူတွေမှန်းမသိပေမယ့် အော်သံတွေကအတူတူပဲ သူတို့တွေ

သူတို့ မြို့ထဲ ၀င်လာကြတယ်
ခပ်တည်တည်ပါပဲ
အပြတ်လန်းနေတဲ့ ဒီဇိုင်းတွေနဲ့

မျက်နှာပေးတွေက
တစ်ကမ္ဘာလုံးကို နေ့ပြန်တိုးပေးထားတဲ့ရုပ်တွေနဲ့
မျက်နှာပေးတွေက
ယောက္ခမအသုဘမှာ ဖဲနိုင်လာတဲ့ရုပ်တွေနဲ့
မျက်နှာပေးတွေက
နတ်တွေကိုပဲ သူတို့က စောင့်ရှောက်ထားသလိုရုပ်တွေနဲ့

သူတို့မြို့ထဲဝင်လာပုံက
ကောင်းဘွိုင်ဇာတ်ကားတွေထဲက ဇာတ်လိုက်တွေမြင်းစီးလာသလိုပေါ့
သိပ်မဂေါ်တဲ့ခုနစ်တွေကို ဂေါ်ပြားနဲ့ ဖြတ်ရိုက်ဖို့
နာရီတွေကို ထောင်းထောင်းထအောင်ထုချေဖို့
လူကြီးလူကောင်းနံရံကို ကွမ်းတံထွေးနဲ့ ပစ်ထွေးဖို့
ဦးထုပ်အဟောင်းတွေရဲ့မျက်ခွက်ကို ရေနွေးပူနဲ့ပက်မလို့
အဲဒီ့ကောင်တွေ မြို့ထဲဝင်လာကြတယ်

ခေတ်တစ်ခေတ်လုံးကို ရှော့(ခ်)တိုက်မယ့်ဒီဇိုင်းနဲ့
ဂျင်းဘောင်းဘီအကျပ်ဝတ်ပြီး ဆံပင်ထောင်ထားတဲ့ကောင်တွေ ။ ။

မောင်ရေချမ်း

( ကဗျာခေါင်းစဉ်အတွက် အကို ShweKo NatUcsm ကိုကျေးဇူးတင်ပါတယ် )

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ