Monday, March 10, 2014

ဒီညကို မင်းပဲယူထားလိုက်တော့...ကိုယ့်ည


ဒီတောင်တန်းတွေကို ဘယ်လိုဖြိုချရမလဲ ငါတွေးနေတာ
ရွှီးချင်ရင်ရွှီးလေ မီးညှိပေးမယ်
မီးခိုးတွေကိုတော့ ငါ့ဘက် မမှုတ်ထုတ်ပါနဲ့ ... ကိုယ့်ညီ
တအားကွဲလာရင်လည်း ငိုမပြနဲ့...ကိုယ့်ညီ
သူများမျက်ရည်နဲ့မြင်ရတဲ့လရောင်က မလှလို့ပါကွာ
တိမ်တွေပေါ်မှာ ခုန်ချင်ရင်..ခုန်
ကားယားကြီးတော့ ပြန်မကျလာစေနဲ့ပေါ့
အာရုံရလား အာရုံကျလား
ပြောသာပြောပစ် မင်းအသံကိုအကျယ်ဆုံးအော်
မင်းပြောသမျှစကားလုံးတွေ ငါမှတ်ထားမလို့
ပြီးရင် မင်းရင်ဘတ်တစ်ခုလုံး ငါခိုးသွားမလို့
ပြီးရင် စာသားတွေဖောက်ချပစ်မယ်
ရွှီး..ရွှီး ပြီးရင် မင်းရောက်တဲ့ခရီးကို ငါ့ကိုပြောပါ
မင်းနဲ့အလိုက်ဆုံးသီချင်းဖွင့်ပေးထားမယ်
လေးဖြူရဲ့ "မိုးတိမ်ထဲဝဲ" လား
ဒိုးလုံးရဲ့ "အရိုးများထိအောင်ရူး" လား
ဟိုဘက်နည်းနည်းတိုးပါ ..ကိုယ့်ညီ
ဒီစိမ်းဖန့်ဖန့်အနံ့တွေ ငါမုန်းလို့ပါ
အခုလောလောဆယ် တွေးနေတာ
ဒီတောင်တန်းတွေကို ဘယ်လိုဖြိုချရမလဲပဲ ငါ့ကိုပြောစမ်းပါ။

                                             မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ