Wednesday, March 12, 2014

ဒီနေ့ဟာ ဇွန်းတပ်မထားဘူး

နံရံမှာ ချိတ်ထားတဲ့နာရီကလည်း ပျက်နေတယ်
ဒီနေ့ဟာ ဇွန်းတပ်မထားဘူး
တကယ့်ကို ရိုးရိုးနေ့
တနင်္ဂနွေလား ၊ တနလာင်္လား
သောကြာလား ၊ စနေလား
ဘာနေ့မှန်းမသိအောင်ကို ဒီနေ့ဟာ ပျောက်နေတယ်
ဒီနေ့ကို ဘယ်ပြက္ခဒိန်ထဲက ဆွဲထုတ်ရမလဲ
တကယ့်ကို အာဝါဒါးနေ့
တီဗွီမှာ
အမည်မသိအဆိုတော်မလေးတစ်ယောက်
သကြားလုံးဆယ့်နှစ်လုံးလောက်ငုံထားတဲ့အသံနဲ့သီချင်းဆိုနေတယ်
ဒီနေ့ဟာ ဂျယ်လီလိုပျော့စိစိနေ့
ဘေးအိမ်မှာ
အရက်သမားတစ်ယောက်
မအေကို ဟင်းမကောင်းလို့ဆိုပြီး ဟင်းခွက်တွေဆောင့်ချအော်ဟစ်နေတယ်
ဒီနေ့ဟာ ပေါက်လွှတ်ပဲစားဆန်ဆန်နေ့
လမ်းပေါ်မှာ
ကုန်တင်ကားတစ်စီး
သစ်လုံးတွေ အပြည့်တင်ပြီး လူနာတင်ယာဉ်လိုမောင်းသွားတယ်
ဒီနေ့ဟာ သူခိုးကျင့်သူခိုးကြံနေ့
တကယ်ပါပဲ
ဒီနေ့ဟာ ဇွန်းတပ်မထားဘူး
ဒီနေ့ဟာ ရိုးရိုးနေ့ ။ ။

                                           မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ