Sunday, May 25, 2014

မိသားစု




သန်းခေါင်စာရင်းစာရွက်ထဲမှာတော့
အစဉ်လိုက် ညီညာစွာ သိပ်ချစ်ကြတယ်

အဖေက ကိုယ့်အရိပ်ကိုတောင် တယုတယ
အဲဒီလိုချစ်တတ်သူ
အတ္တတွေကို သိုထည့်ထားသောဂိုဒေါင်ခပ်ကြီးကြီးတစ်လုံးပါ

အမေက ငါတို့အရိပ်ကိုတောင် ဆေးခြယ်ဖို့တသသ
ဒါပေမယ့် မျက်ရည်လွယ်သူ ၊ သာမန်မိန်းမသားတစ်ယောက်ပါ

ငယ်ငယ်က
အဖေနဲ့အမေရန်ဖြစ်ချိန်
ညီမလေးက ငါ့ကိုဖက်ဖက်ပြီး ငိုတဲ့မျက်ရည်စက်တွေ
မနေ့ညက အိပ်မက်ထဲအထိ လာ....လာ စင်တုန်း

ထမင်းလက်ဆုံဆိုတာ
ဗီဒီယိုဇာတ်ကားတွေထဲမှာသာ တွေ့ဖူးတဲ့..ငါ့ငယ်ဘ၀တွေ
ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပါဘူး
ကိုယ့်စိတ်ကိုယ်သိပ်ချစ်တတ်လို့ သူများနဲ့စစ်ဖြစ်လေ့ရှိတဲ့လူ့သဘာဝပါပဲ
အဲဒီလိုပဲ မှတ်သားထားခဲ့ပါတယ်
အဲဒီလိုပဲ မှတ်သားထားခဲ့ပါမယ်

အစ်ကိုကြီးက မလိမ္မာဘူး
ညီမလေးက မလိမ္မာဘူး
ငါကလည်း မလိမ္မာဘူး
ထားလိုက်ပါတော့ ..ဒီအတိုင်းပဲ
မိဘတွေ လိမ္မာအောင်ရော ဘယ်သားသမီးက ဆုံးမနိုင်ဦးမလဲ
ထားလိုက်ပါတော့...ဒီအတိုင်းပဲ

ဒီ့ထက်ပို ဇာတ်နာအောင် ဒီစာသားတွေထဲမှာ
တစ်ယောက်ယောက်ကို သေပေးပစ်လို့ရသေးတယ်

မိသားစုက အပေါစားသိုင်းဝတ္ထုတစ်အုပ်ဆန်လွန်းခဲ့
ဘယ်စာမျက်နှာဖတ်ဖတ် ပေါက်လွှတ်ပဲစားတွေချည်း
နှစ်ဝေးဝေးတွေ ကြာခဲ့ပြီ
ညစာကို ငါတစ်ယောက်တည်းဖြစ်သလိုစားနေခဲ့တာ။

                                        မောင်ရေချမ်း

                                      23 May 2014

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ