Sunday, May 25, 2014

ညီလေး ..အတွက်



ပထမဆုံး ပြောချင်တာပြောရရင်
မင်းဟာယောင်္ကျားလေးဖြစ်ရက်နဲ့များ ဆိုက္ကားတစ်စီးပေါ်တက်ထိုင်မိရင်
မင်းကိုယ်မင်း ပြန်ဆဲဆိုပါ
မင်းလမ်းမလျှောက်နိုင်တဲ့အခါ တရွတ်ဆွဲသွားပါ
သူများချွေးစက်များနဲ့တော့ ခရီးမတွင်ချင်ပါနဲ့...ညီလေး

ဘယ်ဘုရားမှ မရှိခိုးချင်နေပါ
ရင်ထဲက မေတ္တာဓာတ်ကိုတော့တူးဆွလို့ တစ်နေ့သုံးကြိမ်ဦးချရမယ်
ကမ္ဘာကြီးထဲမှာ
လူအဖြစ်ဟာ ကိုယ့်ကိုယ်ကို ချစ်နေရုံနဲ့မလုံလောက်လို့
ကောင်မလေး တစ်ယောက်ယောက်ကို မင်းချစ်ရမယ်
မိသားစုကို မင်းချစ်ရမယ်
ပြီးတော့ မြင်နေကျ သစ်ရွက်စိမ်းစိမ်းလေးတွေကို မင်းချစ်ရမယ်
အမုန်တရားတွေကိုတော့ ခြစ်ထုတ်ပစ်ပေါ့ကွာ

မင်းက သူရဲနီကို အားပေးနေချိန်
သူများက အမြောက်တပ်သားဖြစ်နေတာဟာ
ရန်လိုစရာတော့မဟုတ်ပါဘူး
မင်းရဲ့လက်ခုပ်ကို ယုံကြည်စွာတီးပါ
ပြီးတော့ သူများရဲ့လက်ခုပ်သံကို လေးစားစွာနားစွင့်ပါ
ဒါဆို နေရထိုင်ရတာဟာ သာသာယာယာပေါ့

ကမ္ဘာကြီးက ကျဉ်းကျဉ်းလာတဲ့အချိန်မှာ
လူတွေက ကိုယ့်နေထိုင်ရာဂူသေးသေးလေးထဲမှ
ကိုယ့်အကြောင်းကိုယ် တခမ်းတနားပြောဆိုနေတတ်ကြတယ်..ညီလေး
ယုန်လေးတွေနဲ့တွေ့တဲ့အခါ ခြင်္သေ့လိုနေပြီး
ခြင်္သေ့နဲ့တွေ့တဲ့အခါ ကြွက်စုတ်လိုနေတတ်သူများဟာ
မြေခွေးမျက်နှာနဲ့တူသော လူများပဲဖြစ်တယ်..ညီလေး
ဟောဒီ့လောကထဲမှာ
ကျောချင်းကပ်ထားပေမယ့် ရင်ဘတ်ချင်းခြားနေတဲ့လူတွေနေတယ်..ညီလေး
ဟောဒီ့လေထုထဲမှာ
တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပေမယ့်
နောက်ကွယ်မှာ ခြေထိုးခံကြတဲ့ လူတွေရဲ့ရှူထုတ်လိုက်တဲ့လေတွေပျံ့နှံ့နေတယ်..ညီလေး
အဲဒီ့တော့..မင်းကိုမင်း ထုဆစ်ပါ
ကြီးကြီးကျယ်ကျယ်လူတွေအကြောင်းစဉ်းစားပြီး
သိုသိုဝှက်ဝှက်သာ နေတတ်ပါစေ...ညီလေး

ဘာလိုပဲဖြစ်ဖြစ်
သစ်ရွက်ဖျားလေးပေါ်က ဆင်းလာတဲ့ရေပွင့်လေးတွေကိုအရသာခံပြီးကြည့်တတ်ပါစေ
မင်းအိမ်ရှေ့က သစ်ပင်နုနုလေးတွေရဲ့ ပန်းပွင့်သံကို တယုတယနားထောင်ကြည့်တတ်ပါစေ
ဘယ်လိုပဲဖြစ်ဖြစ် အစိမ်းရောင်ပါတီထဲတော့ မပါသွားစေနဲ့
ဘယ်လိုပဲဖြစ်ဖြစ် လူမျိုးရေးလှုံ့ဆော်မှုတွေထဲ မပါသွားစေနဲ့
ကိုယ့်လမ်းကိုယ် မှန်မှန်လျှောက်ပြီး
ရှေ့မှာ လှေကားထစ်ရှိရင် ခုန်တက်လို့
ရှေ့မှာ ကောင်းကင်ရှိရင် ခုန်ခူးလို့
မင်းစိတ်ကူးတွေ ပြည့်တဲ့အခါ
မင်းဟာ ကမ္ဘာကြီးတစ်ခုလုံးကို ပုံတူကူးသားပါ..ညီလေး။

                                 မောင်ရေချမ်း

                               25 May  2014

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ