Wednesday, June 25, 2014

ဖြူစင်သောကလေးများအတွက် ကဗျာ





မေတ္တာတရားဖြင့်သာ ကမ္ဘာကိုသန့်ရှင်းစေတယ်ဆိုတာ
တကယ်လို့များ မုသားစကားဖြစ်ခဲ့ရင်
ကလေးတို့ရေ.....မုသာဝါဒကိုပဲ ဆက်ကျူးလွန်ကြကွယ်

စင်ကြယ်သော ကိုယ်ကျင့်တရားဖြင့်သာ လူအစစ်ဖြစ်တယ်ဆိုတာ
တကယ်လို့များ ခေတ်မမီသောအယူအဆဖြစ်ခဲ့ရင်
ကလေးတို့ရေ...ဥာဏ်တုံးသောခေတ်ဟောင်းလူသားများအဖြစ်သာ ပျော်ကြကွယ်။

ကလေးတို့ရေ...
ကမ္ဘာကိုမွှေးဖို့ဆို
ကလေးတို့ဆိုတဲ့တေးများ ကြည်လင်ဖို့လိုတာမို့
မိမိကိုးကွယ်ရာဘာသာကို ဦးချပါ
သူတစ်ပါးယုံကြည်ရာဘာသာကို လေးစားပါ
ကောင်းသောအလုပ်သာ ကောင်းသောကံကိုဖြစ်စေကြောင်း မှတ်ပိုက်ပါ
ရိုးစင်းသောတရားနဲ့ ရိုးစင်းသောစကားပါပဲ
ကမ္ဘာကို လက်ချည်းသက်သက်လာခဲ့ပေမယ့်
ပြန်တဲ့အခါ ကိုယ့်နာမည်အလံကို စိမ်းလန်းသောတောင်ကုန်းပေါ် ထူလွှင့်ခဲ့ပါ။



ကလေးတို့ရေ...
စစ်သားရုပ်လေးတွေ ပစ်ချပြီး
ရွှံ့စေးနဲ့လုပ်ချိုးငှက်လေးတွေကို တကူကူမှုတ်တမ်းကစားကြကွယ်
သံချပ်ကာတင့်ကားရုပ်လေးတွေ မပူဆာဘဲ
သောင်ပြင်ပေါ်မှာ သဲအိမ်လေးတွေဆောက်ကြကွယ်
ပြီးတဲ့နောက်
ပင်လယ်ပြာပြာကိုလည်း ချစ်ပါ
တိမ်တွေကိုလည်း ခူးပါ
လိပ်ပြာငယ်လေးတွေကိုလည်း ကြင်နာပါ
ပန်းပွင့်လေးတွေကိုလည်း ယုယပါ
သူယုတ်မာတချို့ရဲ့ဝါဒကိုတော့ ရှောင်ရှားကြကွယ်။

ကလေးတို့ရေ...
မင်းတို့များ ကြီးပြင်းလာတဲ့အခါ
အမှန်တရားကိုလည်း ရိုသေပါ
ချစ်ခြင်းမေတ္တာကိုလည်း ဝေမျှပါ
အမျိုးသမီးတို့ကိုလည်း ညှာတာပါ
ပြီးတဲ့နောက်
လူ့တန်ဖိုးကို နှလုံးသားဧည့်ခန်းမှာ ချိတ်ဆွဲလို့
လူမွန်လူချိုများရဲ့ ကမ္ဘာနုနုတစ်ခုကို ဖန်တီးပါ။

ကလေးတို့ရေ..
အောင်မြင်မှုမရရင်တောင်
ရိုးသားသောခြေထောက်များနဲ့သာ ကစားကြရမှာမို့
လက်နဲ့ပစ်ထည့်လို့ ဂိုးဝင်သွားသောဘောလုံးများကိုရှုံ့ချပါ ။

ကလေးတို့ရေ...
မိမိကိုယ်မိမိ လူဖြစ်ကြောင်းတည်ဆောက်ပြီးမှ
လူဆိုတာ ဘာလဲ မေးခွန်းထုတ်ဖို့လိုတာမို့
လူ့ကျင့်ဝတ်ကို လေးစားပါ
လူ့သိက္ခာကို မြတ်နိုးပါ
လူ့ယဉ်ကျေးမှုကို ရွတ်ဆိုပါ ။

ကလေးတို့ရေ...
နှာခေါင်းပေါက်တစ်ပေါက်က ဓမ္မကိုရှူသွင်းပြီး
နောက်နှာခေါင်းပေါက်တစ်ပေါက်က အဓမ္မကို ရှူထုတ်ပါ
နားတစ်ဖက်က ယဉ်ကျေးသောစကားကို သွင်းယူပြီး
နောက်နားတစ်ဖက်က ကြမ်းရုန့်သောဝေါဟာရတို့ကို စစ်ထုတ်ပါ
ပြီးတဲ့နောက်..
မျက်လုံးနှစ်လုံးက ဥာဏ်ပညာကိုမြင်အောင်ကြည့်ပါ
အဲဒါမှ...ပါးစပ်ပေါက်က စားသမျှဟာ သိက္ခာရှိသောအစားအစာ ။

ကလေးတို့ရေ...
သန့်စင်သောကြယ်များကို ၀င့်ကြွားစွာငေးကြည့်ရင်း
စုတ်ပဲ့သောဂြိုဟ်များကိုလည်း ထိုးကော်ချပါ
ဒါဟာ..ကလေးတို့ ပိုင်ဆိုင်ရာယဉ်ကျေးချိုအေးသောကမ္ဘာ
မင်္ဂလာပါ ။ ။

                                                 မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ