Sunday, August 3, 2014

ဆဲဆိုရခြင်း အကြောင်းများ



ကမ္ဘာပေါ်မှာ ရှိရှိသမျှဓားတွေဟာ
မီးဖိုချောင်သုံးဖို့နဲ့မုတ်ဆိတ်ရိတ်ဖို့ပဲ ကျေးဇူးတင်ဖွယ်ဖြစ်တယ်
ကိုယ်က အဲဒီလို သီချင်းထဆိုလိုက်တော့
သေနတ်တွေက အားနားပါးနာ လက်ခုပ်တီးပေးကြတယ်
တကယ်က
အောက်ကျနောက်ကျနိုင်ပုံမှာ
ပန်းပွင့်လေးများရဲ့ရယ်သံကိုတောင် ခိုး ခိုးပြီးနားထောင်နေရတယ်
သစ်ရွက်စိမ်းလေးများဟာ
မိုးမျှော်တေးကိုဆိုရင်း ငိုလို့
ကိုယ့်မျက်ရည်နဲ့ကိုယ် စိုစိုရွှဲ
ဒါ..ငါတို့ရခဲ့တဲ့ကမ္ဘာပဲလားတဲ့လေ
ငြိမ်းချမ်းရေးကို လက်ခုပ်တီးဖို့ကြိုးစားရှာသူစစ်သားငယ်လေးခမျာ
တိုက်ပွဲမှာ လက်တစ်ဖက်ပြတ်ကျန်နေခဲ့ရှာသတဲ့
"သိပ်ဆာ ၊ သိပ်ငတ်လွန်းလို့ပါ"
သူများငိုသံကိုမှ ရယ်ပွဲဖွဲ့ရက်သူလမ်းမများရယ်
ငါတို့အရှုံးဟာ ခင်ဗျားတို့ပျော်ဖို့ လောက်င ပါရဲ့လား
အချစ်ကို ယုံလို့ စစ်ကို ထိုင်ဆဲနေကြသော လူငယ်လေးများ
မေတ္တာတရားအကြောင်းကိုသာ တဖွဲ့တနွဲ့ပြောတတ်သူ လူငယ်လေးများ
သက်တော်ရာကျော်ရှည်စေဖို့ ယုံကြည်စွာဆုတောင်းခဲ့ပါ့မယ်
ရန်လိုသောသစ်ပင်များရယ်..
သူတို့ကို တယုတယဂုဏ်ပြုကြပါတော့
ရိုးသားသူ လူငယ်လေးများရေ....
လိမ်လည်မှုတွေများတဲ့ ကမ္ဘာအတွက်
ကိုယ့်လျှာကိုယ်ဖြတ်ပြီး ရဲရင့်ပြစရာမလိုတော့ပါဘူး
ချို့တဲ့စွာသာ ပျော်နေပါတော့ ။ ။

                                                     မောင်ရေချမ်း
                                                 ၃ရက် ၈ လ ၂၀၁၄

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ