Sunday, August 3, 2014

ကွယ်လွန်သွားတဲ့အလံတော်ကို မီးရှို့လိုက်တော့ ဖွာခနဲ ကျလာတဲ့ ပြာစတွေ !



အဲဒီ့အလံတော်မှာ ငါတို့က အရောင်သေးသေးလေးတွေ
အဲဒါကြောင့် ငါတို့ ပျော်တယ်
ရိုးရိုးပျော်ရတာ အားမရလို့ ၀မ်းနည်းကြေကွဲစွာ ငါတို့ပျော်တယ်
ငါတို့ရဲ့ဝမ်းနည်းကြေကွဲမှုတွေကို မိုးအဖြစ်ရွာချတော့
အလံတော်ဟာ စိုရွှဲသွားတယ်
ပြီးတော့ အအေးမိဖျားနာပြီး ကွယ်လွန်သွားတယ်
ကွယ်လွန်သွားတဲ့အလံတော်ဟာ
ခပ်တည်တည်နဲ့ကြီးကြီးကျယ်ကျယ်တွေ ဆက်ပြောတယ်
ဒါပေမဲ့...လေထုထဲမှာ သေးကွေးသိမ်ငယ်စွာ လွင့်ဝဲလို့

အဲဒီ့အလံတော်ပေါ့
ကော်ရှူ ၊ ဆေးခြောက်ရှူပြီး ဖီး(လ်)လေးနဲ့ငြိမ့်နေတာ
အဲဒီ့အလံတော်ပေါ့
စိတ်ကြွဆေးတွေသုံးပြီး ပေါက်လွှတ်ပဲစားနေရာမှာ တက်ကြွနေတာ


အလံတော်ဟာ ကိုယ်ခန္ဓာချို့တဲ့မှုများစွာနဲ့သနားစရာဖြစ်တယ်
လမ်းမမြင်ဘဲလျှောက်ပြေးနေတဲ့ အကန်းအလံတော်ဖြစ်တယ်
အော်သံတွေကို မကြားချင်ယောင်ဆောင် ၊နားထိုင်းအလံတော်ဖြစ်တယ်
ပညာတတ်ဦးနှောက်တွေကို သူများဆီရောင်းစားတဲ့ ဦးနှောက်မဲ့အလံတော်ဖြစ်တယ်
မပီမသစကားကို အမြဲပြောနေတတ်တဲ့ အ,နေတဲ့အလံတော်ဖြစ်တယ်
အဲဒီလို အလံတော်ဟာ နှစ်ရှည်စီမံကိန်းတွေနဲ့ နှစ်ရှည်ပုပ်သိုးလို့

အဲဒီ့အလံတော်ဟာ စေတနာကောင်းများစွာနဲ့ပဲ
အလုပ်လက်မဲ့တွေကို မွေးထုတ်ပေးတယ်
ပြည့်တန်ဆာတွေကို မွေးထုတ်ပေးတယ်
စစ်ဘေးဒုက္ခသည်တွေကို မွေးထုတ်ပေးတယ်
ပြောင်းရွှေ့လုပ်သားတွေကို မွေးထုတ်ပေးတယ်
ကလေးစစ်သားနဲ့ကလေးအလုပ်သမားတွေကိုလည်း ချစ်ပြသေးတယ်
ပြီးတော့...ဒုက္ခထမင်းထုပ်တွေ ဝေပေးတယ်
အလံတော်ရဲ့ကျေးဇူးကို ငါတို့ဟာ အထပ်ထပ်အောက်မေ့ရမယ်

အလံတော်ဟာ..နောက်ထပ်
ခမ်းခမ်းနားနားအဆောက်အအုံကြီးတွေနဲ့သိပ်ဟန်ရေးပြတယ်
ပြီးတော့..သိပ်ရယ်ရတာက
အလံတော်ဟာ မရယ်ရတဲ့ဟာသတွေနဲ့ပြက်လုံးထုတ်တတ်ပြန်တယ်

တကယ်တော့...အလံတော်ရဲ့သိက္ခာဟာ
နှုတ်ခမ်းနီရဲရဲဆိုး ၊ မိတ်ကပ်ထူထူလိမ်းပြီး
လမ်းသလားနေရှာတဲ့ မိန်းမပျက်တစ်ယောက်လိုပဲ ဖြစ်တယ်
ပြီးတော့ ..အလံတော်ဟာ မှတ်ဥာဏ်ချို့တဲ့သူလည်း ဖြစ်နေပြန်တယ်
သူ့ခမျာ တူတွေ ၊တံစဉ်တွေကို မေ့နေရှာတယ်လေ
အခြေခံလစာ လေးသောင်းခွဲရဖို့
ပင်ပန်းစွာ ၊ တက်ကြွစွာ အလုပ်လုပ်နေကြတဲ့
အထည်ချုပ်သမလေးတွေရဲ့အသံကိုလည်း သူ့ခမျာ မကြားရှာ
သိပ်သနားစရာ အလံတော်ပေါ့ ။

အလံတော်အောက်က
ငါတို့တွေရဲ့တချို့
လေယာဉ်ကြီးစီးပြီး စွန့်ခွာလို့
အလုပ်ကြိုးစားသောလူငယ်များဖြစ်ကြောင်း သူများအလံမှာ သက်သေထူရ
ငါတို့တွေရဲ့တချို့
အိမ်နီးချင်းအလံအောက်မှာ
အိမ်ဖော်ရဲ့အိမ်က အိမ်ဖော်အဖြစ်သွားလုပ်ရတယ်
ငါတို့တွေရဲ့တချို့မှာ
"မွေးရပ်မြေ"ကို ဘယ်တော့မှ မစွန့်လို့ ကြုံးဝါးရင်း
"မွေးရပ်မြေ"မှာပဲ "ခွေးသေ၊၀က်သေ" နေရ၊သေရတယ်
တကယ်တော့...ငါတို့ဟာ
တန်ဖိုးနည်းအလံတော်ကနေ စွန့်ထုတ်လိုက်သော
တန်ဖိုးနည်းလုပ်သားတွေသာ ဖြစ်ခဲ့ကြတယ်

အဲဒီ့အလံတော်မှာ ငါတို့က အရောင်သေးသေးလေးတွေ
အဲဒါကြောင့် ငါတို့ ပျော်တယ်
ရိုးရိုးပျော်ရတာ အားမရလို့ ၀မ်းနည်းကြေကွဲစွာ ငါတို့ပျော်တယ်
သိပ်ဝမ်းနည်းဖို့ ပိုကောင်းခဲ့ပါတယ်
တစ်နေ့...မိုးတွေ တအားမိပြီးအလံတော်ဖျားတယ်
နာတာရှည်ရောဂါက အဖျားကို ပိုအားကောင်းစေပြီး သူဟာ ကွယ်လွန်သွားတယ်
ကွယ်လွန်သွားတဲ့အလံတော်ကို မီးရှို့သဂြိုလ်လိုက်တော့
ငါတို့ဟာ ပြာမှုန်ပြာစတွေအဖြစ်သာ ထွက်ကျလာတယ်။

                                                    မောင်ရေချမ်း
                                                ၂၉ ဇူလိုင် ၂၀၁၄

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ