Thursday, March 26, 2015

ပျင်းရိဖွယ်နေ့များ


အရည်ရော အဖက်ရော မရတဲ့လူတွေနဲ့မဆက်ဆံချင်ဘူး
ပေါင်းသင်းရတာ ပျင်းတယ်

တစ်နေ့ပြီးနောက်တစ်နေ့ပေါ့
ဘာမှမဟုတ်တဲ့ စစ်ပွဲသတင်းပါတဲ့သတင်းစာတွေ
ဖတ်ရတာ ပျင်းတယ်
လူကြီးတွေက ကလေးတွေကိုသုံးပြီးစစ်တိုက်တတ်တဲ့ခေတ်ထဲ လူလာဖြစ်ရတာကိုက ပျင်းဖွယ်

မနက်မိုးလင်းရင် ဒီသီချင်းပဲ
နားထောင်ရတာ ပျင်းတယ်

တဖြည်းဖြည်းနဲ့
ပျင်းဖို့တောင် ပျင်းပျင်းလာပြီ

ဘယ်ဘုရားမှ ဒစ်စကိုနဲ့မကခဲ့ပေမယ့်
ငါတို့ခေတ်မှာ ဘုရားတွေဒစ်စကိုနဲ့ခဏခဏကြွတယ်
ဆဲရမှာပျင်းလို့ ပါးစပ်ပိတ်ထားတယ်

သူရဲကောင်းတွေများတဲ့ခေတ်ထဲ အညတရဖြစ်ရတာကအစ
ကြောင်သူတော်ကြွက်သူခိုးတွေများတဲ့ခေတ်ထဲ
ရိုးသားသူဂျလေဘီလူငယ်လေးတစ်ယောက်ဖြစ်ခဲ့တဲ့အထိ ငါ ပျင်းခဲ့ပြီးပြီ

ပျင်းလို့ ပျော်စရာရှာမိပါတယ်
ပျင်းစရာလူတချို့နဲ့ တည့်တည့်တိုး
ပျင်းစရာစာအုပ်တွေနဲ့ တည့်တည့်တိုး

ဘုန်းတော်ကြီးမြတ်လှပါသော မြတ်စွာဘုရား
ငရဲနဲ့နိဗ္ဗာန်ကြား
တပည့်တော် ရိုးသားစွာပျင်းပါရစေသား ။ ။ 



မောင်ရေချမ်း
23.3.2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ