Thursday, March 26, 2015

ပေါင်မုန့်အတုတွေရဲ့အောက်က ပါးစပ်ပေါက်တွေ


လမ်းပေါ်မှာ မြို့ရွာထဲမှာ
တဝီဝီ တလွှားလွှား ပေါင်မုန့်အတုတွေ လမ်းသလားနေကြ

'မတရားမှုဟာ ဥပဒေဖြစ်လာတဲ့အခါ
တော်လှန်ပုန်ကန်ဖို့ဟာ လူထုတာဝန်ဖြစ်လာတယ်'
သောမတ်ဂျက်ဖာဆင်ရဲ့အဲဒီ့စကားက
ပေါင်မုန့်အတုတွေကြားက ဖောက်ထွက်လာတယ်

ပေါင်မုန့်အတုတွေ တစ်နေ့တခြားများပြားလာတဲ့ကမ္ဘာထဲမယ်
ငတ်နေခဲ့တဲ့ ဘဝများစွာကိုပဲ အလေးပြုခဲ့ပါတယ်

ပေါင်မုန့်အတုဆိုတာ မှိုတက်မြန်မယ်
စားမိရင် လည်ချောင်းထဲမှာ ဓားတစ်ချောင်းဝင်နေသလို နင်မယ်
ဂျုံနဲ့လုပ်ထားတာမဟုတ်ဘဲ
မတရားမှုအသားတုလေးတွေနဲ့လုပ်ထားတာဖြစ်လို့
ပေါင်မုန့်အတုကြိုက်သူများဟာ
မတရားမှုကိုခုံမင်ကြသူများသာ ဖြစ်တယ်

ပေါင်မုန့်အတုတွေကိုဆန့်ကျင်ရေးဟာ
တို့အရေးတင်မကဘူး
ပေါင်မုန့်အတုတွေကိုဆန့်ကျင်ရေးဟာ
ကမ္ဘာ့အရေးဖြစ်လာတယ်
စစ်မှန်သောပေါင်မုန့်များ စားသုံးခွင့်ရရေးဟာ တို့အရေးတင်မဟုတ်ဘူး
စစ်မှန်သောပေါင်မုန့်များ စားသုံးခွင့်ရရေးဟာ
ကမ္ဘာ့အရေးဖြစ်လာတယ်

သေချာခဲ့ပါပြီ
ကမ္ဘာကြီးထဲက လောကပါလစောင့်နတ်ဟာ အိပ်ပျော်နေတဲ့အခါ
ဟော့ဒီ...သုဿန်တစပြင်လိုမြေပြင်မှာ
ပေါင်မုန့်အတုတွေ အားကောင်းလာခဲ့တယ်ဆိုတာပေါ့ ။ ။

မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ