Thursday, April 23, 2015

ငါ့ကဗျာကို မဖတ်နိုင်တော့တဲ့ ငါ့သူငယ်ချင်းအတွက် ငါ့ကဗျာ

ငါ မငိုဘူး ဟယောင်
ဖုန်းကိုင်ပြီး လူက ဒိုင်းခနဲလွင့်ထွက်သွားသမျိုး
ငါ့မျက်ရည်က ချော်ရည်တွေလိုအတွင်းမှာကျိတ်လောင်နေသလိုမျိုး
ငါ အပူခံပစ်လိုက်တယ်
ငါ မငိုဘူး ဟယောင်

ငိုရအောင်
မင်းက ပေါက်လွှတ်ပဲစားလူဖြစ်ရှုံးသွားတာမှမဟုတ်တာ
ငိုကြပါစေ
မင်းပျော်နေတုန်းက မနာလိုခဲ့တဲ့ကောင်တွေ
မင်းနဲ့ငါ ခြင်ထောင်တစ်ခုတည်းအိပ်ခဲ့တာ
မင်းနဲ့ငါ စာအုပ်တစ်အုပ်ကို အတူတူလုဖတ်ခဲ့တာ
မင်းနဲ့ငါ စာမရလို့အတူတူအရိုက်ခံတာ
မင်းနဲ့ငါ စာမေးပွဲတစ်ခုကို အတူတူအောင်ခဲ့တာ
ဟယောင် ငါမငိုဘူး ဟယောင်

ရှိတုန်းသတိမရတဲ့
မရှိတော့မှ လွမ်းကြတဲ့လူတွေ ငိုကြပါစေ
ငါ မငိုဘူး ဟယောင်
ဒီရက်ပိုင်းမှာ ငါရင်းနှီးဆုံးသုံးယောက်ဟာ မင်းလိုပဲဖြစ်သွား
ငါ့ဝမ်းနည်းမှုဟာ တစ်နေရာတည်းကွက်မရွာဘူး
မင်းအဖေက 'ငါ့သားလေး မင်္ဂလာဆောင်ရင်'တဲ့ခဏခဏပြောတယ်
အခုထိ ပြောတယ်
ငါ မငိုဘူးကွာ ဟယောင်

ဘီယာနံ့တောင်မခံနိုင်တဲ့ မင်းကိုမှ
လူရှေ့သူရှေ့မှာ သနားသလိုတရားစကားတွေပြောကြပြီး
ငါ့နားနဲ့ဆတ်ဆတ်ကြားအတင်းစကား
မူးရူးပြီးအဲသလိုဖြစ်သွားတာလို့ ပြောတဲ့လူတွေကြားထဲ
ငါမငိုဘူး ဟယောင်

မင်းက မကောင်းတာဘယ်လောက်များများလုပ်ခဲ့လို့
ကောင်းရာဘုံဘဝရောက်ပါစေ ငါဆုတောင်းပေးရမှာလဲ
ချစ်လိုက်တာ ခင်လိုက်တာလို့တဖွဖွပြောပြီး
အခု မင်းလာမှာကြောက်နေတဲ့အရူးတွေကိုငါလှောင်ရယ်နေတယ်
ငါ့ဆီ ဘယ်ဘဝက ဖြစ်ဖြစ် မင်းပြန်လာခဲ့စမ်းပါ
နောက်တစ်ခါ လွတ်ထွက်မသွားအောင်ဖက်ထားမလို့ပါကွာ
ငါ မငိုဘူးကွာ ဟယောင်။ ။

မောင်ရေချမ်း
17.4.2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ