Sunday, July 26, 2015

လက်ဖက်ရည်ဆိုင်တစ်ထိုင်စာ မင်းနဲ့ငါ

ဒီမိုကရေစီဆိုတဲ့ဟာကြီးလောက်တော့ မပြောပါနဲ့
စီးကရက်မသောက်နိုင်လို့ ဆေးပေါ့လိပ်ဝယ်သောက်ခဲ့တယ်
ရွှေပြည်စိုးတောင် အတုတံဆိပ်နဲ့တိုးခဲ့ရတယ်
ဒီလိုတိုင်းပြည်မှာ မင်းနဲ့ငါနဲ့ နေထိုင်နေရတယ်ကွာ
လက်ဖက်ရည်ကိုမော့တိုင်း သတင်းတွေ နင်သွားတယ် မဟုတ်လား
စားပွဲထိုးလေးကို လက်ခုပ်တီးပြီး မခေါ်ပါနဲ့ကွာ
ဒီကလေးဟာ သမ္မတထက် တာဝန်ကျေတယ်
ဒီဆိုင်ထိုင်ရတာ အဆင်မပြေလို့ ဖင်ရွှေ့မလို့လား
သည်းခံမှုဟာ နေသားကျနေပြီပဲကွာ
ဒီထက်ဆိုးတာတွေတာ ငြိမ်နေရပြီးပြီကွာ
ထိုင်လက်စနဲ့စိတ်သာရှည်တော့
လေးဖြူတစ်ခွေလုံးပြီးအောင်နားထောင်မယ်
ရပ်ပါကောင်တွေနားထဲဝင်လာရင် ငါတို့လစ်မယ်
ငါတို့ ယုံကြည်တဲ့သီချင်းကိုတော့
လက်ဖက်ရည်သောက်ရင်းတောင် အထိပါးခံစရာမလို
ဒေါသကိုတော့ တိုတိုသာထား
စိတ်ပါတိုင်း ဓားတွေပါကုန်ရင်
မင်းနဲ့ငါနဲ့ စွဲခုတ်စရာခေါင်းတွေ သိပ်များကုန်မယ်
စာကိုသာ နာနာဖတ်ပြီး စိတ်ကိုလျှော့ထား
သူငယ်ချင်းရေ...
ငါတို့လူငယ်ဘဝလည်း ငါတို့လက်ပေါ်မှာကြီးသွားမှာ
လူသားသိက္ခာမှာ အမှားပါသွားရင် ခက်ကုန်မယ်
တစ်တောလုံးကုန်သွားတာ
ငါတို့ ဝါးတစ်ပင်မှဝင်ခုတ်ခဲ့ဘူး မဟုတ်ဘူးလား
မင်းနဲ့ငါ သောက်တဲ့လက်ဖက်ရည် သိပ်လှတယ်
သေချာမှတ်ထားကြပါမယ်
ဒါကိုယ့်တရားကိုယ် သေသပ်သန့်ရှင်းစွာမော့နေတာ
သိပ်သာယာတယ်။ ။

                                                   မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ