Sunday, July 26, 2015

စစ်တုရင်


တစ်ကွက်ရွှေ့မှားရင်တောင်
တစ်ပွဲလုံးရှုံးတတ်တယ်ဆိုတော့
သတိထားရတယ်
စစ်တုရင်။

မြင်းတစ်ကောင်ကျိုးသွားတာလည်း
အနိုင်ရဖို့ အားပဲ
စစ်တုရင်။

ပွန်းကောင်တွေဟာ
ဘုရင်မကို သိပ်ကြောက်တယ်
စစ်တုရင်။

အခြေအနေကို ရှုပ်ထွေးအောင်
ဘစ်ရှော့ကို အသုံးချရတယ်
စစ်တုရင်။

အကွက်ရွှေ့စရာ သိပ်မကျန်တဲ့အခါ
ဘုရင်ဟာ ချွေးပြန်ရတယ်
စစ်တုရင်။

အနိုင်ဖို့ဟာ တိုက်စစ်နဲ့မှ မဟုတ်ဘူး
ခံစစ်ကနေ ဘုရင်မ ဟာ လှုပ်ရှားတယ်
စစ်တုရင်။

အချိန်ဟာ အဖြေ
ကုန်သွားတဲ့အင်အားတွေမှာ အချိန်လည်း ပါတယ်
စစ်တုရင်။


ရှေ့တက်လာတဲ့ပွန်းကောင်တွေဟာ
ကောင်းကောင်းမသုံးတတ်ရင် အလကားပဲ
စစ်တုရင်။

ဘုရင်မအချင်းချင်း လဲဖို့ဆို
တန်ဖိုးချင်းကို သေချာတွက်ချက်ဖို့လိုတယ်
စစ်တုရင်။

စိတ်ပါတဲ့လူတွေ ကစားကြတယ်
ဘေးထိုင်အာလူးဖုတ်ရင် အာရုံနောက်တယ်
စစ်တုရင်။

ဥာဏ်ရည်မပါဘဲ ယတြာချေပြီးဆော့ရင်
ပျော်ရပါ့မလား
ဘယ်လိုပဲဖြစ်ဖြစ်
တစ်ပွဲအနိုင်ရဖို့ အချိန်တွေကုန်ခဲ့ရင်
အောင်မြင်မှုဟာ အချိန်တွေရဲ့ပေးဆပ်မှုပေါ့
စစ်တုရင်။

မိတ်ဆွေရေ...
သိပ်ကောင်းတဲ့ပွဲဆို အစအဆုံးကြည့်ပါ
ကြိုက်ရာဘက်က ရင်ခုန်ပါ
အချိန်တန်ရင် အချိန်ရဲ့အဖြေကိုရပြီ
စစ်တုရင်။

                                    မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ