Sunday, July 26, 2015

မြေပုံထဲမှာ နာမည်ရှာမရတော့တဲ့ တစ်ခုသောမြို့တော်



မြို့တော်ကို တကူးတကသွားဖို့
သူက သေချာပြောခဲ့တယ်

မြို့တော်ရဲ့ပန်းတွေ မရှိတော့တဲ့ဥယျာဉ်ထဲမှာ
တောင်းရမ်းစားသူတွေဆီက ထမင်းထုပ်ကို
နောက်ဆုံးညစာအဖြစ်စားခဲ့တယ် လို့
သူဟာ တုန်တုန်ရီရီ ဝန်ခံခဲ့တယ်


သူ ပြောခဲ့တဲ့မြို့တော်ရဲ့အရသာထဲမှာ
ခေတ်မီသောအဆောက်အဦးများ မပါ
ကောင်းမွန်သန့်ရှင်းသောလမ်းများ မပါ
တိုးတက်ကြီးပွားသောလူများ မပါ
သူ ပြောခဲ့တဲ့မြို့တော်ဟာ
ဒုက္ခရောင်စစ်စစ်နဲ့ စုတ်တီးစုတ်ချာလှတယ်

မြို့တော်မှာ
စားစရာမရှိတဲ့ရိုးသားသူတွေဟာ ခိုးခြင်းအမှုကို ပြုတယ်
မြို့တော်ကို ရိုးသားသူများဟာ ဝမ်းနည်းစွာစွန့်ခွာ
မြို့တော်မှာ
အမှိုက်တွေဟာ ရည်ရွယ်ချက်ကြီးမားစွာအသက်ရှည်ကြတယ်

မြို့တော်ဟာ ငရဲဆန်ပြီး
ငရဲဟာ မြို့တော်ကလူတွေကို စာရင်းယူတယ်
မြို့တော်ဟာ နေ့နေ့ညညအမှောင်ဖုံးအောင်
နေရောင်ရော လရောင်ပါ ဒဏ်ရာရနေတယ်

တိရစ္ဆာန်တွေကအစ ရောဂါဆိုးနဲ့သေခဲ့ကြတယ်
မြို့တော်က ရေဒီယိုနဲ့ရုပ်မြင်သံကြားတွေဟာ သိပ်ကြောက်စရာ
သတင်းစာတွေမှာ သွေးစုတ်ဖုတ်ကောင်တွေသောင်းကျန်းတဲ့အကြောင်း နေ့စဉ်ပါတယ်

ဆက်မပြောဖို့ တားမြစ်နေတုန်း
သူ နောက်ဆုံးအသက်လုပြောသွားတာက
အဲဒီမြို့တော်မှာ
တန်ဖိုးရှိလူသားတွေအခေါင်းဟာ ရောင်းကောင်းတယ်တဲ့

တကယ်တော့
ဒီအကြောင်းတွေကို လူငယ်တစ်ယောက်က
သေခါနီး အားယူပြီး ကျွန်တော့်ကို ပြောသွားခဲ့တာ
မြို့တော်အကြောင်းမှတ်တမ်းတင်ဖို့ ကြိုးစားနေတုန်းမှာ သူဟာ သေနတ်နဲ့အပစ်ခံခဲ့ရတာ

ကျနော်က ခြေထောက်မပါတဲ့လူတစ်ယောက်ပါ
သူ ပြောခဲ့တဲ့မြို့တော်ကို ကျနော်မသွားနိုင်
ခင်ဗျားဟာ အဲဒီမြို့တော်ကို သွားပါ
ခေတ်ပေါင်းများစွာ အသက်ရှည်တဲ့လူသားဖြစ်ခဲ့ရင်
အမှားအရှည်ကြီးတွေကို ရှာပြီး မြန်မြန်ပြန်ခဲ့ပါ
အိပ်ယာထဲက ကျနော် မျှော်နေတယ်။

                                      မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ