Sunday, July 26, 2015

နံရံမှာ ကပ်ထားတဲ့ဗီရို


'နံရံမှာ ကပ်ထားတဲ့ ဗီရိုဟာ'
ဆိုပြီးများ စဖတ်ရဖို့ မျှော်လင့်ထားရင် ခင်ဗျားမှားပြီ
စိတ်မပျက်ပါနဲ့ ကဗျာရေးရင် ရိုးသားရတယ်ဆိုလား ဘာလား ညာလားဆိုလို့ တစ်ခု ဝန်ခံရမယ်
ဒီကောင်ကဒီခေါင်းစဉ်ကိုပြီးစလွယ်တပ်ထားတာလေ
နံရံမှာကပ်ထားတဲ့ ဗီရိုအကြောင်းကို ပြောချင်လွန်းလို့ ဟုတ်ချင်မှဟုတ်မယ်
ဒီဗီရိုကို သူပိုင်ကြောင်းအပျင်းပြေကြွားဖို့ဖြစ်လိမ့်မယ်
ဒီကောင်နဲ့သူဆိုတာ ဒီစာအစုဝေးထဲမှာ ကျနော်နဲ့အတူတူပဲလို့ ကျနော်ညွှန်းမယ်
ကျနော်ရယ် ဒီကောင်ရယ် သူရယ် တစ်ယောက်တည်းလို့ ညွှန်းလို့ မရဘူးလား
မရရင်လည်းနေပေါ့ အဓိကပြောမှာ အဲဒါမှမဟုတ်တာ
'နံရံမှာကပ်ထားတဲ့ဗီရို'ကို ငါ ပိုင်တယ်လို့ကြွားဖို့ပဲ
'နံရံမှာကပ်ထားတဲ့ဗီရို'ကို ဝယ်နိုင်တဲ့နေ့က
ငါ့ကို ကျနော် ဂုဏ်ယူကျေနပ်တယ်
ဗီရိုကြီးတော့ ငါ့စာအုပ်တွေအများကြီးထည့်လို့ရတယ်
ကျနော့်မှာ ဗီရိုထဲ ထည့်စရာ စာအုပ်တွေပဲရှိတယ်
သူလိုကောင်ကများဗီရိုဝယ်တာကြွားတယ်ထင်မလား
သူ့အနေနဲ့တော့ဗီရိုဝယ်ဖို့ပိုက်ဆံတော်တော်စုခဲ့ရတာ
ခင်ဗျားမှာရော...ဗီရိုဘယ်နှလုံးရှိလဲ
ဗီရိုတစ်လုံး ဘယ်လောက်ပေးခဲ့ရလဲ
ဗီရိုထဲမှာရော ဘာတွေထည့်ထားလဲ
ခင်ဗျားဖြေတာ ကျနော်မသိနိုင်မှန်းသိရက်နဲ့မေးကြည့်မိတယ်
ဒီလိုပဲလေ ဟုတ်ဟုတ် မဟုတ်ဟုတ် စပ်စုတယ်ပေါ့
မေးခွန်းမေးတာဖြေဖို့ မဟုတ်ဘဲ
အကယ်၍များ ခံစားချင်လို့ ဒီကဗျာဖတ်မိတာဆို အခုပဲဖတ်နေတာကို ရပ်လိုက်ပါတော့ အားမနာနဲ့ဦး
'နံရံမှာကပ်ထားတဲ့ဗီရို'ပါဆို ဗီရိုပဲပေါ့
ဘာ ခံစားဦးမလို့လဲ
ဗီရိုကို ချစ် သနား မုန်း တွေ လုပ်စရာလား
ချစ် သနား မုန်း တွေ တစ်ခုခု ခံစားချင်ရင်
ကျနော် ဗီရိုကို ခက်ခက်ခဲခဲဝယ်ခဲ့ပုံပြောပြမယ်လေ
ကျနော် လုပ်ခဲ့တာကို ငါက ပြန်ပြောပြမှာမို့ အမှန်တွေချည်းပဲ ထင်နေမလား
သနားတာခံရဖို့ နည်းနည်းပိုပိုသာသာ ပြောရမှာပေါ့
ဒီကောင်ပြောတိုင်း ယုံချင်မှယုံမှာ ကျနော်သိတယ်
တော်ပြီ တော်ပြီ ဒီတော့ မပြောတာပဲ ကောင်းတယ်
ပြောရင် ကျနော့်ကို ငါ ပြန်ချီးကျူးသလို ဖြစ်မယ်
ဒါပေမဲ့ နည်းနည်းတော့ ပြောပါဦးမယ်
ကျုပ်ဗီရိုကိုမှ ကျနော့်ဟာ သူ့ဟာ ငါ့ဟာ ဒီကောင့်ဟာ ဆိုပြီး လာငြင်းနေကြတာ ပျင်းစရာကောင်းပြီး နားတွေလည်းပူလွန်းတယ်
ဗီရိုတစ်လုံးကို အတူတူလည်း မသုံးချင်ပါဘူး
မည်သို့ပင်ဆိုဆို
ကျွန်ုပ်သည် ထိုဗီရိုဝယ်သောနေ့က ပျော်ရွှင်ခဲ့လေ၏။
                                                   
                                                   မောင်ရေချမ်း
                                                ၃၀ ဇွန် ၂၀၁၅

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ