Sunday, July 26, 2015

ချက်ပြုတ်နေဆဲ ဟင်းလျာ


လျှာအမျိုးမျိုးရှိသော ဖွယ်ဖွယ်ရာရာကမ္ဘာထဲမယ်
စားဖိုမှူးကောင်းမှ ဟင်းလျာကောင်းမယ်ဆိုတော့
ချက်ပြုတ်နေဆဲဟင်းလျာဟာ
မီးဖိုပေါ်မှာပဲ ပုပ်သိုးသွားခဲ့ပါပြီ

ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
မရိုးသားသူများတည်ခင်းတဲ့ မသတီစရာညစာပေါ့
မိုးရွာထဲ ချက်ပြုတ်ဖွယ်ရာများပျံ့ကြဲလို့
သိက္ခာရှိချင် ရောင်းတန်းဝင်ဖို့ကြိုးစားလေသူ
ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
ငတ်ပြတ်လာတဲ့အခါ ခွက်စုတ်ဆွဲပြီးတောင်းစားခဲ့တာပါပဲ
ယုံကြည်စိတ်ချစွာ စားသုံးဖို့ အာမခံလို့
ရက်စက်တဲ့ကြယ်များ မီးဖိုအဖြစ်အသွင်ပြောင်းရင်း
ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
မြည်းကြည့်စရာ လျှာများမလိုတော့ပါဘူး
ချီတက်သွားတဲ့အရသာရှိရေးခရီးမှာပဲ
ပါသမျှအာဟာရဓာတ်ဟာ ဓားပြတိုက်ခံခဲ့ရပြီ
ချက်ပြုတ်နေဆဲ ဟင်းလျာထဲ
ရောဂါပိုးမွှားတွေဟာ သူခိုးတွေလို ထိုးထွင်းဝင်ရောက်လို့
အရောင် အနံ့ အရသာ ပြည့်စုံစွာတန်ဖိုးမြင့်သော
တဗွမ်းဗွမ်းထ ရွှေသေတ္တာ ငွေသေတ္တာတွေ နေရာမှာ
ခြတွေ ဂျပိုးတွေ မြွေတွေကို ဟန်မပျက်ထားခဲ့ပါတယ်


ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
စားသောက်ချင်စရာမရှိအောင် ညစ်ပတ်ခဲ့ပါပြီ
ဟင်းဖက်များထဲမှာ လောက်တွေ တရွရွ
ဟင်းရည်များထဲမှာ သွေးတွေ တဒီးဒီးစီးလို့
ဘယ်ညာစွပ်စီးထားတဲ့ခိုးရာပါဖိနပ်ကြီးဟာလည်း ပွစိစိမျောနေခဲ့တယ်
ချက်ပြုတ်နေဆဲ ဟင်းလျာဟာ
ဘယ်သူမှ မစားချင်ရွံ့ရှာနေမှန်း သူကိုယ်သူမသိ
သိက္ခာမရှိပုပ်သိုးနေမှန်း သူ့ကိုယ်သူလက်မခံ
လူကြိုက်များအောင် ခပ်တည်တည်ပြင်ဆင်ပြီး
စားချင်စဖွယ်ဟင်းလျာအဖြစ် ကမ္ဘာပတ်ပြီးကြွားတယ်

သိပ်သနားစရာ ချက်ပြုတ်နေဆဲ ဟင်းလျာပဲ
ဟင်းအိုးတစ်အိုးလုံး မြောင်းထဲသွန်ပစ်ချင်စရာ
သိပ်ရွံ့ရှာစရာ ချက်ပြုတ်နေဆဲ ဟင်းလျာ
တန်ဖိုးထား နှမြောဖွယ်တစ်ဇွန်းစာမှ မရှိသော
မိလ္လာတွင်းထဲ ပစ်ချချင်စရာချက်ပြုတ်နေဆဲ ဟင်းလျာ

ချက်ပြုတ်နေဆဲ ဟင်းလျာ
ချက်ပြုတ်နေဆဲ ဟင်းလျာ ရေ...
ခင်ဗျားကို ရွံ့ရှာလို့ မစားသုံးချင်ပါကြောင်း
လူတွေက ခဏခဏပြောနေတာလည်း မောလှပြီ
တကယ်တော့ ခင်ဗျား သနားစရာပါ
ဘယ်သူပစ်ထည့်လိုက်မှန်းမသိတဲ့ နံစော်တဲ့ပစ္စည်းတွေကြောင့်
မီးဖိုပေါ်မှာပဲ ပုပ်သိုးသွားတာ နှစ်ပေါင်းများစွာကြာပါပြီ။
အာဟာရဓာတ်ပြည့်ဝ အရသာထူးကဲတဲ့ဟင်းလျာကို
သုံးဆောင်နိုင်ဖို့ ရင်ခုန်မျှော်လင့်နေကြသူများဟာ
စားဖိုမှူးကောင်းကောင်းကို မျှော်နေတာလည်း ကြာလှပြီ။ ။

                                         မောင်ရေချမ်း
                  21/6/2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ