Sunday, July 26, 2015

ဟိုခေတ်ကနေ နောက်ခေတ်များ အထိ ကြည်လင်တဲ့တော်လှန်မှုဟာ မြင့်မြတ်ထင်ရှား

ပြောမယ်ဆို ခေါင်းစဉ်ပဲ
ထပ်လျှာရှည်ရရင် သမိုင်း
အခုပြောမှာ ဟိုးရှေးရှေးတုန်းက ဆိုပြီး စတယ်
ကမ္ဘာ၏လွန်ခဲ့သောအမှောင်ခေတ်။
ယဉ်ကျေးမှုနိမ့်ကျ၍ လူလူချင်းကျွန်ဖြစ်ရသောခေတ်။
မြို့တွေ လမ်းတွေ မှန်သမျှဟာ ဘုရင်တစ်ဦးတည်းပိုင်သောခေတ်။
လူတွေဟာ လူတွေကို ရှိခိုးကြောက်ရွံတဲ့ခေတ်။

အဲဒီလို ရှေးရှေးကရဲ့စုတ်ပြတ်တဲ့ခေတ်မှာ
မြင့်မြတ်ခမ်းနားတဲ့အဖြစ်အပျက်များ ဖြစ်ပွားခဲ့
သူပုန်တစ်ယောက်ဟာ လူအဖြစ်ကိုရဖို့ ကောင်းကင်ဘုံကနေ ဖြာလက်ခုန်ဆင်းခဲ့တယ်
သူပုန်တစ်ယောက်ပြီး နောက်တစ်ယောက်
နောက်ထပ်တွေ တစ်ယောက်ပြီး တစ်ယောက်
သူပုန်တွေအများကြီး လူ့ပြည်ရောက်ခဲ့တယ်
အဲဒီခုနစ်တွေကို သူပုန်ခေတ်လို့အမည်တွင်ခဲ့
သူပုန်ဟာ ပြုန်းတီးပျောက်ကွယ်သွားတဲ့ အမှန်တရားအကြောင်းတွေကို ပြောတယ်
သူပုန်ဟာ ပုန်းလျှိုးကွယ်လျှိုး
သူပုန်ဟာ ပြင်းပြင်းထန်ထန်
သူပုန်ဟာ တော်လှန်မှုမီးတောက်ကို သူ့အရိုးပြာကျတဲ့အထိ ပျိုးခဲ့တယ်
သူပုန်ဟာ သွေးအေးတယ်
ပြာယာခတ်မနေဘဲ ပီပြင်ပြတ်သားတယ်
သူပုန်ကို ပေါတောတောကောင်လို့
အထင်သေးခဲ့တဲ့ပိန်းတိန်းတိန်းဘုရင့်စစ်သည်တွေဟာ
သူပုန်ရဲ့ပိရိသေသပ်တဲ့ဓားချက်နဲ့
ခန္ဓာတွေအပိုင်းပိုင်းပြတ်ပြီး သေပွဲဝင်ခဲ့ရတယ်
သူပုန်ကိုင်တဲ့ဓားဟာ
သူ့အဖေဆီက အမွေရခဲ့တာ
သူပုန်ဟာ
သူ့ကိုဖမ်းဆီးချင်တဲ့စစ်သည်တွေကို ရယ်တယ်
ဖမ်းဆီးခိုင်းတဲ့ဘုရင်ကို ရွံတယ်
ရယ်ပြီးရွံတတ်တဲ့သူပုန်ဟာ ရိုးသားတယ်
ချပ်ဝတ်တန်ဆာမပါလည်း အင်္ကျီဗလာနဲ့
ပြီးတော့ တစ်ကိုယ်လုံးကျောက်သားနဲ့
ရှေးတုန်းက သူပုန်
နောင်လာနောင်ခါ သူပုန်
ဘယ်အချိန်ရဲ့သူပုန်ဖြစ်ဖြစ်ခေါင်းဖြတ်ခံရလည်း
သူ့ရဲ့သူပုန်စိတ်ဓာတ်ဟာ ပြုတ်ထွက်မသွား
ဟေ့ ဘေးဖယ် ငုယင်ဗန်ထရွိုင်းလာတယ်
ဟောဟိုမှာ သောမတ်ဂျက်ဖာဆန် လာတယ်
ဟောဟိုမှာ မာတင်လူသာကင်းလာတယ်
ဟေ့ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖေလာတယ်ကွ
မတရားမှုဆို ရန်လိုဖို့ ရုန်းကန်ရင့်သီးရင်း
ကောင်းကင်က မော့ကြည့်ရတဲ့ကောင်တွေလို
မြင့်မြတ်တဲ့သူပုန်သူရဲကောင်းတွေ လာတယ်
သူပုန်စိတ်ဓာတ်ဟာ
ဥတုရာသီ ဒေသမရွေး ရှင်သန်ကြီးထွားတယ်
ကြောက်လန့်ခြင်းဆိုတာ
သူပုန်အတွက် အယားပြေရင်ခုန်တဲ့ ရောဂါ
သတ်လေ သတ်ပါ
အသတ်ခံရင် တော်လှန်မှုဟာပိုမိုကြီးထွားတတ်တဲ့ဗီဇနဲ့
သူပုန်စိတ်ဓာတ်ကို ချိုးဖဲ့ပြက်ရယ်ပြုလိုသူအပေါင်းတို့ !
ဟေ့ ဒီမှာကြည့်
တော်လှန်မှုကြောင့် တုန်ရီနေရှာတဲ့
လူ့တိရစ္ဆာန်ထိုင်ရာ ရာဇပလ္လင်အပေါင်းကို ခေတ်တွေမှာ တွေ့မယ်
ထပ်ပြောရရင်
သူပုန်ဆိုတာ နတ်ပြည်ကနေ ခုန်ဆင်းလာတယ်
လူ့ပြည်ကို နတ်ပြည်လို ပြုမလို့ ပြင်မလို့တဲ့
သူတို့ရဲ့အသွေးအသားဟာ
သူတို့ အဖေအဘိုးများရှေ့အမျိုးများ ထံမှ ဆင်းသက်လာတယ်
မျိုးဆက်ဆိုတာ ဘယ်တော့မှ ပြုတ်ပြတ်ထွက်မသွား
အပြိုင်စကြဝဠာတွေဆီခရီးဆန့်နိုင်မယ့်နောင်ခေတ်များအထိ မြင့်မြတ်ထင်ရှားနေမယ်
ခေတ်တိုင်းရဲ့သူပုန်သူရဲကောင်းများကို
ဒီနေ့မှာ ငါဟာဒီလိုဦးညွှတ်တယ်
အာဇာနည်နေ့ ရောက်ဖို့ တစ်ရက်အလို။
                                               မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ