Sunday, July 26, 2015

ရနေတဲ့ အရသာဟာ ရပ်ပြီး ပျင်းနေရင် ပြိုသွားမှာ


အတူတူပဲ
အချိုးမပြေတဲ့ကောင်တွေရော
အချောင်ချောင်းနေတဲ့ကောင်တွေရော
ဘယ်ပုံစံနဲ့ဘယ်လိုပြုံးပြီး ဘယ်လောက်လောင်လောင်
နောက်ဆုံး ဘာမှ မရှိတော့သလို
နိုးကြားခဲ့သမျှ နာရီတွေရော
ရင်ခုန်ခဲ့သမျှ ရောဂါအရသာတွေရော
ပြောရရင် ဘယ်လိုတံဆိပ်နဲ့ဘာမဆို ပြာဟာပြာ။
ဘယ်ပုံစံနဲ့ဘယ်လောက်လူလိုလောင်မလဲ
ပြီးရင် လစ်ကြရမှာ...ပြာဟာပြာ။
"ဖြစ်နေတာတွေဟာ
မဖြစ်ချင်တွေချည်း ဖြာကျနေတယ်" တဲ့
အဲဒီလိုတွေးတဲ့လူတစ်ယောက်ခမျာ သနားစရာပါပဲ
ဖြူဖပ်ဖြူရော် ဖျော့တော့တော့နဲ့ ပြုံးလိုက်ငိုလိုက်လုပ်တယ်
အဆင်မပြေမှုကို အင်အားသုံးပြီးထိုင်ဖြုန်းနေတာပဲ
တစ်ယောက်ကလည်း ပြောင်ချော်ချော်ပြောတယ်
"အသက်ရှူရတာ ပျင်းတယ်"တဲ့
ပျင်းရင် ကိုယ့်ခေါင်းကိုယ်ဖြတ်ပြီး မီးပုံထဲ ပစ်ချလိုက်
ဓားလေးနဲ့ကိုယ့်အရည်ပြားပေါ် အရသာခံပြီး တစ်ခုခုကို ပုံဖော်လှီးထွင်းလိုက်
အဲဒီလိုပြောလိုက်တော့
ပျင်းတာပျောက်ပြီး သွေးမထွက်ခင် ခွေခေါက်သွားတော့တာပဲ
ဒါပဲလေ တစ်ယောက်ယောက်ကို ပြောင်တိုင်းပျော်စရာမရဘူးဆိုတာ
ဒါပဲလေ အပျင်းပြေချင်ရင် အနည်းဆုံးတော့ တစ်ခုခုကိုဖြစ်နိုင်သလောက် ခြစ်နေဖို့လိုတယ်
ချိုတာကိုလိုချင်ရင် ခါးတာချဉ်တာကိုလည်း အာဟာရဓာတ်အဖြစ် စားဦးပေါ့
ဘယ်သူပြောတဲ့ ဘယ်လိုရင်နာစရာမှ ယုံဖို့မကောင်း
ရုန်းကန်နေရတာ အရသာလို့လည်း လာမပြောပါနဲ့
အူတက်အောင် ရယ်မိရင် ရန်လိုဦးမယ်
သွေးထွက်တာကိုမှ ဒေါသသေးသေးလေးမထွက်ရရင်
ဒဏ်ရာဆိုတာ အမာရွတ်ဖြစ်လာဖို့ ဘာအဓိပ္ပာယ်ရှိဦးမလဲ
မီးတောက်ပါးပါးလေးအလောင်ခံရလို့တော့ တဖျစ်ဖျစ်ပူမနေနဲ့ပေါ့
နေရထိုင်ရတာ ပျင်းတယ်လို့လည်း ပေါ့ပေါ့လေး မပြောနဲ့
အဲဒီလောက်နဲ့တော့ မရဘူး
ဘဝဟာ ပြူးနေအောင် ပြာယာခတ်လည်း ပျော်စရာ ဘာမှ မရှိ
ဒါပေမဲ့..ဖြစ်သမျှကို ပြိုင်ပြီး ပြာယာခတ်ဖို့လိုကိုလိုလိမ့်မယ်
အသက်ရှူရပ်သွားတဲ့အခါ ဘယ်သူ့ပြာမှာမဆို နာမည်ပါတယ်။ ။

                                       မောင်ရေချမ်း
                                     29/June/2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ