Sunday, July 26, 2015

ခွခေါင်းအုံးနဲ့ဆေးပြင်းလိပ်


ခွခေါင်းအုံးရှိရင် ဆေးပြင်းလိပ် ဝယ်
ဆေးပြင်းလိပ်ကိုရှိုက်ပြီး ခွခေါင်းအုံးနဲ့ဇိမ်ယူဂေါ်တယ်
ဝယ်တယ် ယူတယ်တွေဟာ ကြိယာပုဒ်ဆိုတော့
ကလိကြည့်သင့်တယ်
ဤတွင် ကြည့်ဟူသည် မြင်အောင်လုပ်မှုမဟုတ်ဘဲ စမ်းလုပ်သောသဘော ကြိယာထောက်ဖြစ်သည်
ထို့ကြောင့် 'ကြည့်'သည် ရှေ့မှ ကလိဟူသော ကြိယာကိုထောက်ပံ့၏
ဒါဆိုရင် စားကြည့် ဖတ်ကြည့် ပြောကြည့် သေကြည့်
သေကြည့်ဆိုရင် ခင်ဗျားအစမ်းဆော့ပြီးသေနိုင်မလား
သက်သက်ရွဲ့ရေးမိသလိုဖြစ်သွားပြီ မတတ်နိုင်ပါဘူး
ဒီဝါကျတွေဟာ ခင်ဗျားကိုသေစေချင်လို့ အချိန်ယူပြီး စီစဉ်ထားသလိုလည်း ဖြစ်နိုင်တာပဲ မဟုတ်လား
အဲဒါကိုထားပြီး ခွခေါင်းအုံးနဲ့ဆေးပြင်းလိပ်ပဲ
အဲဒီခွခေါင်းအုံးနဲ့ဆေးပြင်းလိပ်ဟာ ဘယ်သူ့ပစ္စည်းတွေလဲ စဉ်းစားကြည့်ပါလား
လိမ္မာတယ် စဉ်းစားရတာရွံစရာလို့ လူတော်တော်များများက ထင်ကြတယ် ခင်ဗျားကတော့ အခု လိုက်ဝါးစားနေတယ်
ဘယ်လိုကောင်တွေရဲ့ဗိုက်ဟာ ဓားနဲ့ထိုးလိုက်ရင် ဓားကျိုးသွားနိုင်ပါသလဲ
ခင်ဗျား မဖွယ်မရာတွေ လိုက်တွေးနေလား ဒုက္ခပါပဲ
တစ်ခုခုဆို စာထဲမှာရေးထားတိုင်း လိုက်မလုပ်နဲ့
သိပ်အန္တရာယ်ကြီးတယ်
လူသတ်ပြီးရင် ဆေးပြင်းလိပ်နဲ့ခွခေါင်းအုံး ပြေးဝယ်
အဲဒါပဲ ကောင်းတယ်
ထောင်ထဲမှာ ခွခေါင်းအုံးရှိမှာ မဟုတ်လောက်ဘူး
ဒီတော့ လူသတ်ပြီးရင် ခပ်တည်တည်အိမ်ပြန်ပါ
ရုပ်ရှင်ထဲမှာလို လူသတ်သမားကို ချက်ချင်းမမိဘူး
ခင်ဗျား အချိန်အများကြီးရပါလိမ့်မယ်
အိပ်ယာထဲမှာ ခွခေါင်းအုံးကိုခွ ဆေးပြင်းလိပ်ကို အားရအောင်ရှိုက်ပါ
ပြီးရင်တော့ ကြိယာတွေကို ကလိချင်သလို ကလိခွင့်ရချင်မှရမယ့်နေရာကို ခင်ဗျားအခေါ်ခံရမယ်
စိတ်မကောင်းစရာက ဆေးပြင်းလိပ်နဲ့ခွခေါင်းအုံးပဲ
ဆေးပြင်းလိပ်ကုန်သွားရင်တောင် ခွခေါင်းအုံးက ခွဖို့မကုန်သေးဘူး
ခင်ဗျား သွားတာနဲ့ တခြားသူက ခွခေါင်းအုံးကို ချောင်းချင်ချောင်းနေလိမ့်မယ်
အဲဒီအခါ မနှမြောနဲ့ ဟုတ်ပြီလား။ ။

                                               မောင်ရေချမ်း
                                            ၃၀ ဇွန် ၂၀၁၅

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ