Tuesday, June 21, 2016

ခရီးထွက်ရင်း ညတစ်ညကို ကျော်လွန်ခြင်း


ကမ်းကပ်သဘောင်္ကို ဆက်ရွေ့လျားစေသူ နတ်သမီး။
ပင်လယ်ပြင်မှာ လှိုင်းတွေ ရှိပေမယ့်
အတူတူကူးခတ်မယ့်လူတွေ အများကြီးမရှိဘူး
အဲဒီလိုပြောရင်း သင်္ဘောဟာ သေသွားပါတယ်
ဖြူစင်တဲ့ဝိညာဉ်ကို အလဲအထပ်လုပ်လို့
နတ်သမီးဟာ ပင်လယ်ဓားပြကို ဝင်ပူးပြီးစစ်တိုက်တယ်
နတ်သမီးချစ်သူဟာ ဝမ်းနည်းနေရာက ပျော်ရွှင်စွာဖြင့်
ဝါးသေတ္တာလေးတစ်လုံးကို အပေါစားဆန်ဆန်
သော့ခလောက်မပါတော့ အထဲက ဈေးကြီးတဲ့သိက္ခာ
နတ်သမီးချစ်သူက ဆုတောင်းတယ်
နတ်သမီးမျက်ဝန်းတွေကို လျှို့ဝှက်နံပါတ်လို ခိုးယူလို့
ကျောက်စရစ်ပုံထဲဝင်သွားပြီး ငြိမ်ငြိမ်လေးနေလိုက်တယ်
ငြိမ်ငြိမ်လေးကျောက်စရစ်ခဲလေးဘဝမှာ ကံကောင်းတယ်
ဘုရားအစောင့်အဖြစ် ဘီလူးရုပ်ထုကို လုပ်တဲ့အခါ
ပုံသွန်းလုပ်သားရဲ့ ဖန်တီးမှုနဲ့ ဘီလူးမျက်လုံးဖြစ်သွား
နတ်သမီးဟာ ပင်လယ်ထဲက ပြန်မလာတော့ဘူး
ငြိမ်ငြိမ်လေးဟာ ကျောက်စရစ်ဘီလူးမျက်လုံးနဲ့
နတ်သားလေးလို ဒုက္ခရောက်ရင် ကူညီဖို့ စောင့်တယ်
ပင်လယ်ပြင်မှာ နတ်သမီးရဲ့ပျော်နေပုံက
မှော်ဆန်တဲ့သင်္ကေတတွေ တီထွင်နေဖို့တန်ခိုးရတယ်
ငြိမ်ငြိမ်လေး နားလည်ပါတယ်
ငြိမ်ငြိမ်လေးအနေနဲ့ အလွမ်းကို အရမ်းမွှေးပျံ့ တယ်
ငြိမ်ငြိမ်လေးကျောက်စရစ်အဖြစ် ဘီလူးမျက်လုံးထဲမှာ
အရမ်းပျင်းလာတဲ့အခါ စာအုပ်စင်ထဲ ခုန်ဝင်တယ်
အရမ်းလေးလံတဲ့စာအုပ်က မျက်လုံးကိုဖောက်တဲ့အခါ
လူယောင်ဆောင်ပြီး ဘီယာဆိုင် သွားလိုက်တယ်
ခရီးထွက်တဲ့ညရဲ့ ကျော်လွန်ခါနီးအဖြစ်
ဘီယာတစ်ခွက်ပေးပါ မှာလိုက်မိတော့
သိကြားမင်းဟာ စားပွဲထိုးအဖြစ် ဖန်ဆင်းပစ်လိုက်ပုံပဲ
နတ်သမီးရဲ့ ရုပ်လွှာကို ခွက်အပြည့်အမြှုပ်ထအောင် ချပေးတယ်
အဲဒါ...ကျေးဇူးတင်စရာဖြစ်ခဲ့ပါတယ်။ ။


                                                 မောင်ရေချမ်း
                                          10 April 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ