Thursday, June 23, 2016

ဒီနှစ်လည်း မရောက်ဖြစ်တဲ့အခါ


ကံ့ကော်ပင်အောက်ကို သူတို့ ရောက်ကြမှာပါ
ရေကန်ကြီးလည်း ရှိတယ်
ဘုရားပန်းတွေ ခူးခဲ့တဲ့နေရာ
အုတ်တံတိုင်းတစ်လျှောက် ။
သရက်သီးတွေ ပြွတ်သိပ်နေခဲ့တယ်
အင်ကြင်းပင်ဘေးမှာ ပိန္နဲပင်သုံးပင်
မာလကာအူနီသီးတွေဟာ ခါချဉ်တွေဦးတယ်
သီးပင် ပန်းမန် ဥယျာဉ်ထဲမှာ အုတ်ချပ်နီနီများ
ရေနံဝနေသော သစ်သားဆောင်က ပုဝပ်နေခဲ့
အလံလွှင့်လိုက်ချိန်ဟာ မြက်ခင်းပြင်ပေါ် ညီညာဖို့
ဗောင်ဗောင်သီးတွေနဲ့ ပစ်ခဲ့တယ်
ရာဘာစေးတွေလည်း ခြစ်ခဲ့တယ်
သံဆူးကြိုးတွေ ဖြဲပြီး ရေခဲထုပ်ဝယ်စားတဲ့အရသာ။
ဗောက်အိုးဖောက်ပြီး ခြအုံကို ဖြိုပစ်တာ ဘယ်သူ
စာသင်ခုံပေါ် စိတ်ညစ်ပြီး မျက်နှာမှောက်အိပ် ဘယ်သူ
စာမေးတိုင်း ခုံအောက်ထဲပုန်းနေတာ ဘယ်သူ
ကြိမ်လုံးသံမှာ ရင်ခုန်သံက တင်ပါးမှာ ဘယ်သူ
ပြေးလွှား တက်ကြွ ခုံတွေအမြဲစီတာ ဘယ်သူ
ရန်မဖြစ်ကြပါနဲ့ စိတ်မဆိုးကြပါနဲ့ ဖြန်ဖြေ ဘယ်သူ
ဟိုကောင်တွေ မသိအောင် ဘောလုံးဖွက် ဘယ်သူ
ငြိမ်ငြိမ်လေးနေမှ စာရမယ် စာအုပ်ထဲ ဘယ်သူ
မြေဖြူခဲနဲ့ရေးတဲ့စေတနာကို စုပ်ယူတာ အတူတူ
ဘယ်သူ ဘယ်သူတွေ ခေါင်းလောင်းသံက ခွဲခွာ
တစ်သုတ် တစ်တန်း တစ်ခန်းကို နှုတ်ဆက်ပြီး
နောက်တစ်သုတ်ပြီး တစ်သုတ် အနာဂတ်လုပ်သော
ညနေ ခင်းပါပြီ
ကျောင်းခန်းမှ ဘဝလမ်းအမှောင်ကို တိုးဝှေ့ ခွဲခွာပြီ
ကြယ်လေးတွေ တပ်ပေးလိုက်တာ သင်ယူခဲ့သမျှ
မတွေ့ဆုံတော့ပေမယ့် တွေ့ဆုံကြဦးစို့တွေ
သင်္ချာတွေ ပိုတွက်တတ်လာလို့
သဒ္ဒါတွေ ပိုနားလည်လာလို့
ဟိုး...လမ်းအဆုံးမှာ ဘာရှိရှိ ခရီးရှည်
ကံ့ကော်ပင်အောက်ကို သူတို့ရောက်ကြမှာပါ
အခြေခံပညာအလယ်တန်းကျောင်း ၊ လမ်းလွှာ။ ။

 
                                                မောင်ရေချမ်း
                                            3 April 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ