Tuesday, June 21, 2016

အယူမှန်တဲ့နေရောင်အနမ်း


ဘဝဆိုတာ အချိန်နဲ့ တည်ဆောက်ထားတာဆို
မင်းအကြောင်းတွေတွေးပြီး ငါ အချိန်ဖြုန်းနေတယ်
မျှော်နေတဲ့ဖုန်းမလာလို့ သေရကြေးဆို
ငါ့မှာ ဒီနေ့ဆိုတာကို မရှိတော့ဘူး
မနေ့ကတိုင်းမှာ ငါ သေခဲ့တယ်
ပြီးပြီဆိုပေမယ့် အမြဲ စာရွက်
အစကနေ အဆုံး အထိ ငါ ချရေးနေမိတဲ့အခါ
မှတ်ဥာဏ်ဟာ ဒီနေ့စွဲတွေအပေါ် ပိုမိုစွဲထင်လို့
လျှောက်တဲ့လမ်းပေါ်မှာ လူမရှိတာမှ မဟုတ်တာ
ဖုန်းကို ပြန်ဖွင့်တယ်
စာတွေမှာ ဟိုတုန်းက အချစ်တွေ
စာတွေမှာ အခုတော့ ဓားရာတွေ
မျက်ရည်ဆိုတာကို ငြင်းဆန်ချင်လာတိုင်း
ခေါင်းကို ငုံ့ရတယ်
လတ်လတ်ဆတ်ဆတ်သေဆုံးမှုပါပဲ
တရားခံမရှိ တရားလိုမရှိ
လူနှစ်ယောက် အတူတူရှိခဲ့ကြောင်းတော့ ရှိတယ်
ငါ အခု တစ်ယောက်တည်း မရှိတော့ကြောင်းက
ငါ မရှိတော့ဘဲ မင်း အရိပ်နဲ့ ငါ့ပုံရိပ်တွေ ။
မင်း ထွက်သွားကတည်းက
သေပြီးသားလူတစ်ယောက်အနေနဲ့ မျက်ဝန်းတွေ
မင်း ခြေလှမ်းတွေကိုသာ တရိပ်ရိပ်ကြည့်လို့
မင်း ဘယ်ရောက်နေလဲဆိုတာက
မင်း ဘယ်လမ်းကို ရွေးခဲ့သလဲ ပြောပြနေတယ်
အားလုံးကို ကျော်ဖြတ်နိုင်ပေမယ့်
အလွမ်းကတော့ ချောက်နက်ပါတယ် ။ ။ 


                                               မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ