Thursday, September 22, 2016

ငါ့မွေးနေ့သည် မမွေးသေးသောမွေးနေ့များအတွက် တောင်းဆိုခြင်းတွင်

လူငယ်ဘဝရဲ့တစ်ခုသောမွေးနေ့မှာ
ငါဟာ ဒီလို ကုသိုလ်ယူခဲ့မိပါတယ်
ငါ့အတိတ် ယောင်ချာချာကို တူးဆွခဲ့ပါတယ်
ငါ့မွေးနေ့ ရွံစရာများကို ငါ ဖော်ထုတ်ခဲ့ပါတယ်
၁၉၈၈ကို လေးနှစ်လောက် ကျော်လွန်ခဲ့တဲ့နှစ်
ခွေးတွေဇာတ်ခင်း တော်သလင်းဆိုသောလ မှာပါတဲ့
ဆေးရုံကို မသွားနိုင်လို့ပါတဲ့
ရွာတစ်ရွာရဲ့ကျောင်းစာသင်ခန်းထဲ ငါ့ကိုမွေးဖွားခဲ့တာ
လျှပ်စစ်မီးမရှိသော အမှောင်ညမှာ
ငါဟာ အူဝဲ အသံထွက်ခဲ့သတဲ့
ငါ့အမေက ဒီလို ပြန်ပြောပြတဲ့အခါ
ဘယ်သူ့ဆီက ငါ တောင်းဆိုပေးရမလဲ
ငါ့နောက်ကမွေးနေ့တွေအတွက် ဆေးရုံတွေဆောက် ပေးကြပါ
ငါ့နောက်က မျက်လုံးလေးတွေအတွက် အလင်းတွေလောက်ဖို့ ပေးကြပါ
ကြိမ်လုံးတွေနဲ့ မိုးထားလို့ပါ

အဖြူအစိမ်းရဲ့အရွယ်
ဝလုံးတွေ ဝိုင်းအောင် ငါရေးခဲ့တာ
နားမလည်တဲ့စာတွေ ငါအော်ကျက်ခဲ့တာ
ဆုတံဆိပ်သစ်သားပြားတွေနဲ့ ငါဟာ အလိမ်ခံခဲ့ရ
မေးခွန်းပြန်ထုတ်ခွင့်မရရှာတဲ့ ငတုံးလေးအဖြစ်မှာ
ကြိုးစားသူ လူတော်လေးလို့ သတ်မှတ်ခံခဲ့ရတယ်
အောက်စီဂျင်ဓာတ်ငွေ့ဟာ ငါမထုတ်ဘဲ စာရွက်ပေါ်မှာထွက်သွားတာ ငါအမှတ်တွေရခဲ့
ငါ တကယ်သိခဲ့တာက
ကွန်ပျူတာဆိုသည်မှာ စောင်ကြီးအုပ်ထားတဲ့အရာ
ငါရေးရတာက ကွန်ပျူတာဆိုတာ ဘာညာ ဘာညာ
အမှောင်မြစ်ကြီး ဖြတ်စီးနေတာ ငါမသိခဲ့
ငါ့မျက်လုံးတွေဟာ ဖောက်ထုတ်ခံထားခဲ့ရတယ်
ဆန် ရေ စပါး ပေါကြွယ်ဝသောနိုင်ငံလို့ ငါ အော်ခဲ့ရင်း
ဆန်ဈေးတွေကြီးတယ်လို့ အမေညည်းတဲ့အခါ ငါနားမလည်ခဲ့
ငါ့ဦးနှောက်ဟာ သုံးစားမရအောင် ခြစ်ထုတ်ခံခဲ့ရတယ်
ဘယ်သူ့ဆီက ငါ တောင်းဆိုပေးရမလဲ
ငါ့နောက်ကမွေးနေ့တွေအတွက် တွေးခေါ်ခြင်းပညာရေးကို ပေးကြပါ
လူငယ်ဘဝခေါင်းပြူစ
စာမေးပွဲမှာမမေးသောစာအုပ်တွေဖတ်ရတဲ့အခါ
ငါ အော်ကျက်ခဲ့တဲ့သမိုင်းဟာ ငါ့ကိုလှောင်ပြောင်လို့
ငါဟာ အံ့သြတုန်လှုပ်ခဲ့ရ
ငါဟာ ကြောက်လန့်သိမ်ငယ်ခဲ့ရ
ငါ ခိုးဖတ်မိတဲ့သမိုင်းတွေမှာ သွေးစက်တွေကပ်လို့
လမ်းဘေးမှာ ဖွက်ရောင်းတဲ့မိတ္တူစာအုပ်တွေထဲ
ကျောင်းမှာမသင်ရတဲ့ သူရဲကောင်းတွေကို မြင်ရတဲ့အခါ
ငါ့ကျောင်းဝတ်စုံလေးအတွက် ငါရှက်တတ်လာခဲ့
ငါ့ကိုလိမ်တဲ့ ကျောင်းစာအုပ်တွေမှာ ကဗျာတွေရေးခဲ့
ဘယ်သူ့ဆီက တောင်းဆိုရမလဲ
ငါ့နောက်ကမွေးနေ့တွေအတွက် အမှန်တရားပြန်ပေးကြပါ
အချစ်ကဗျာတွေ ရေးလို့
စာကျက်နေတဲ့ရွယ်တူတွေကို ရန်သူလိုကြည့်ခဲ့
ကိုးတန်းကျောင်းသားလေး
၂၀၀၇ ခုနစ် ။
ဂြိုဟ်တုစလောင်းသတင်း သူများအိမ်မှာသွားကြည့်ပြီး ပြန်လာတဲ့အမေက ငါ့ကို မှာတယ်
"ကျောင်းဆင်းရင် အိမ်တန်းပြန်ပါ
ကျောင်းဆင်းရင် အိမ်တန်းပြန်ပါ"
ဘာအတွက်လဲ ငါ့မှာ ဝိုးတဝါး
ပိတ်ဆို့ခံရတဲ့နားရွက်ထဲ ဝင်လာတဲ့သတင်းတွေမှာ
လမ်းပေါ်ပြိုနေတဲ့ သင်္ကန်းတော်တွေအများအပြား
အရိုင်းအစိုင်းတွေဟာ ရန်သူမြို့ကို ဝင်စီးသလို
ကလေးဘဝက လေးစားခဲ့တဲ့အစိမ်းရောင်စစ်ဝတ်စုံများ။
သူတို့ဟာ ငါတို့အတွက် အစိုးရမဟုတ်ဘူး
ငါ အသိဥာဏ်မှာ အမှန်ကို ပထမဆုံးမှတ်သားခဲ့
လမ်းပေါ်ကသေနတ်တွေဟာ သူတို့ရန်လိုတဲ့အခါ ကျည်တွေ ပြေးထွက်လာမလား
ငါ ဟာ ကြောက်ရွံမုန်းတီးမှုနဲ့ကြီးပြင်းလူဖြစ်ခဲ့
ဘယ်သူ့ဆီက တောင်းဆိုပေးရမလဲ
ငါ့နောက်က မွေးနေ့တွေအတွက် ငြိမ်းချမ်းမှုပေးကြပါ
ဒီလိုနဲ့ ငါ ကြီးပြင်းအရွယ်ရောက်လာတဲ့အခါ
ကမ္ဘာကြီးက စွန့်ပစ်ထားဒေသအကြောင်း ငါ ပိုသိခဲ့
အစိမ်းရောင်ရန်ကုန်မြို့ကြီးကို ရန်သူလိုရွံရှာလာခဲ့
တချို့ပူနွေးသောအသံတွေ နားထဲ ဆူညံခဲ့
၂၀၁၀ ဒီမိုကရေစီ အစိုးရသစ်တဲ့
တက္ကသိုလ်တက်စ ငတုံးငအ အဖြစ်မှာ
ငါဟာ ထပ်အလိမ်ခံရပြန်တယ်
သူပုန်ထချင်တဲ့အခါ
ကဗျာတွေ ရေးမိရေးရာ ငါရေးခဲ့
ဒီလိုနဲ့
ငါ့လူငယ်ဘဝမှာ ဆဲဆိုခြင်းသာ ကြီးကျယ်ခဲ့တယ်
ဘယ်သူ့ဆီက တောင်းဆိုပေးရမလဲ
ငါ့နောက်က မွေးနေ့တွေအတွက် သိမ်မွေ့ယဉ်ကျေးခြင်းကို ပေးကြပါ
အတိတ်ကို ငေးကြည့်မိခြင်းမှာ
ကျိုးပဲ့ပျက်စီးနေတဲ့ ငါ့မွေးနေ့တွေကို တွေ့ခဲ့တယ်
အဆိပ်ခံကျွေးခံခဲ့ရတဲ့ကလေးဘဝတွေကို တွေ့ခဲ့တယ်
အခု လူပီပီသသ လေချွန်ချင်လို့ပါပဲ
အာရှရဲ့တစ်ခါက ခမ်းနားလှပခဲ့သောနိုင်ငံကပါ
မစင်ပုံထဲပစ်ချခံခဲ့ရတဲ့မျိုးဆက်ရဲ့လူငယ်တစ်ယောက်ပါ။
ဒီနေ့ဟာ ငါမွေးနေ့ဖြစ်ခဲ့ပါတယ်
ငါ့အတွက် တောင်းဆိုခြင်းကို ငါရုတ်သိမ်းခဲ့ပါတယ်
ဒီဒေသရဲ့လူအဖြစ်မွေးဖွားခြင်းမှာ
မတရားမှုကို အရသာခံဖို့လျှာတွေ အပိုပါခဲ့လေတယ်
ငါဟာ လုံလောက်ခဲ့ပါပြီ
ငါတို့ဟာ လုံလောက်ခဲ့ပါပြီ
နှစ်ပေါင်းငါးဆယ်ကျော်ဟာ လုံလောက်ခဲ့ပါပြီ
ဘယ်သူ့ဆီက တောင်းဆိုပေးရမလဲ
ငါ့နောက်က မမွေးသေးသောမွေးနေ့များရယ်
နောက်ထပ်ရောက်လာကြမယ့်အနာဂတ်လျှာတွေ
ဘယ်သူ့ဆီက တောင်းဆိုပေးရမလဲ
ရက်စက်တတ်သူတွေရဲ့နွဲ့နှောင်းသောအသံနဲ့ပါ
"မိဘပြည်သူများခင်ဗျာ ...
နောင်လာမယ့်လျှာတွေပေါ် အိပ်မက်အသစ်ကို တင်ပေးကြပါ " ။ ။

မောင်ရေချမ်း
16-23 / 9 / 2015

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ