Wednesday, September 21, 2016

ပန်းအော်သံနဲ့အင်္ကျီတစ်ထည်


ကောင်လေးက ငိုပြီး ပြေးထွက်လာတာလေ
ဟိုဘက်လမ်းရဲ့ ကျောက်စရစ်ခဲတွေအောက်မှာ
ငါးရာတန်တစ်ရွက်ကို ဖွက်ထားပြီးမှ ပျော်သွားပုံပဲ
ဓားကို ဓားအိမ်ထဲက ဘာကိစ္စနဲ့မှ ထုတ်စရာမရှိဘူးဟ
တစ်ယောက်တည်းနေရရင်ကို
ဓားက တစ်ယောက်ရင်ဝကို စိုက်သွားရော
လမ်းဘေးမှာ သူတို့ အနမ်းပေးခဲ့စဉ်က
မြောင်းပုပ်ထဲက ကန်စွန်းရွက်ကလေးများပင် ရွှင်ပြ
ကြယ်တာရာပုံသစ်ရွက်ကို တကူးတကစိုက်ခဲ့တာ
ခူးဖို့ကို သွားရည်တဗွမ်းဗွမ်းကျစရာဖြစ်လိမ့်မယ်
သွားကြားထဲကနေ ဓားဟာ ရွှီခနဲ
သိတဲ့လူက နောက်ပြန်ဆုတ်ခဲ့တယ်
တံတွေးတွေလာစင်ရင်ကို လူသတ်သမားရဲ့သွေးလို
သိပ်ဒဏ်ရာမကြီးကျယ်ပါဘူး
ပန်းချီဆွဲပြလို့မဖြစ်နိုင်ရုံလောက်လေးနဲ့ရက်စက်
နောက်ပြန်ဆုတ်ခဲ့ရတယ်
အစ်ကိုသာ ဖျာရောင်းဖူးရင်ပေါ့ ဒီလိုအပြောခံရမယ်
"သုံးချပ်ယူမယ် နှစ်ချပ်ဖိုးပဲထား မင်းလျှော့ပေးနော်"
အစ်ကိုသာ ရေအိုးရောင်းဖူးရင်ပေါ့ ဒီလိုရင့်တာခံဦး
"ရေအိုးက ရေလည်းမပါဘဲ ဈေးကြီးလိုက်တာ
မတန်ဘူး နည်းနည်းလျှော့ပေး"
နှစ်ခုနှစ်ဦး ရယ်မောပျော်ရွှင် အေးပါကွာ
ဝယ်မနေဘဲ အလကားရလိုက်သလိုသဘောထားစမ်း
မင်းတုန်းမင်းကြီးရဲ့ အကြင်နာတရားက
ကုတင်ပေါ်က ကောက်ယူလိုက်တဲ့သွေးကွက်ထဘီ။
မယုံကြည်ဘူး
တစ်ကျပ်တန်တွေမှ မရှိတော့တာ မေ့နေပြီလား
စက်ဘီးလေးနင်းပြီး ရုပ်ရှင်သွားကြည့်ရအောင်..မေ။


မောင်ရေချမ်း
26 May 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ