Wednesday, September 21, 2016

လက်ကိုင်ဖုန်းလေး သေသွားတဲ့မနက်ခင်း

ငါ အသက်မရှိသလို စက်ဘီးနင်းမိတဲ့အခါ
ငါ အသက်မရှိသလို စာအုပ်ဖတ်နေမိတဲ့အခါ
ငါ အသက်မရှိသလို ရင်ထဲနှင်းတွေခဲတဲ့အခါ ...။
ငါ အသက်မရှိသလို
အို...ကဗျာရေးမိတာကအစ ပင်မရေစီးတယ်
ဒီအချစ်ကို ဘာနဲ့စမ်းသပ်ရမလဲ
ငါ အသက်မရှိသလို နှလုံးခုန်နေတဲ့အခါ...။
ငါ အသက်မရှိသလို ဖြစ်တဲ့အထိ
ဖုန်းထဲ မတ်ဆေ့တွေ စာရွက်ပေါ်ကူးရေးမိတဲ့အခါ
အားးး ငါ ဘယ်ဓာတ်ပုံကို ကြည့်ရမလဲ
ငါ အသက်မရှိသလို ဖြစ်တဲ့အထိ
သတင်းစာတွေမှာ ငါ့နာရေးကို ရှာမိတဲ့အခါ...။
နှစ်တွေ ခုတ်သွားပြီ
င့ါ...အသက်
ဓာတ်တိုင်ကို ဆောင့်ကန်ဖို့တောင် အားမရှိလို့
လက်ကိုင်ဖုန်းကိုပဲ ဓာတ်တိုင်နဲ့ပေးနမ်းတယ်
ခွမ်းခနဲ အေး..ခွမ်းခနဲ ကွဲစမ်းဟေ့ ကွဲစမ်းဟ
ငါ အသက်မရှိသလို ဖုန်းဆက်လို့မရတဲ့အခါ
အဲ...ဒီ....အခု.......အခါ....။
ငါ အသက်မရှိသလို လက်ကိုင်ဖုန်းလေးသွားပြီ
မှန်တွေဟာ အမှန်တရားအတွက်သေပွဲဝင်ကြပေါ့
ရယ်မောလိုက်တယ်...မသာမလေးရယ်
လက်ကိုင်ဖုန်းအစုတ်လေးသေသွားပြီးနောက်
ငါ ပြန်ရှင်သလို ပျော်ရွှင်ရတာ တရားတယ်။ ။

မောင်ရေချမ်း
22 March 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ