Saturday, September 24, 2016

သေဆုံးသူ၏ ဦးခေါင်းအတွင်းပိုင်း


ဒုတိယဘုရားသခင်ဟာ
ငါ့ခေါင်းကိုဖြတ်တယ်
သူများတွေကို အာဏာသိမ်းတယ်

`လူ့ဘဝဆိုတာ တိုတိုလေးပါကွာ´ဆိုတော့
မျက်ရည်တွေက အရှည်ကြီးရယ်ချတယ်
`ဘယ်လောက်နာကျင်နေသလဲ´မေးခွန်းမှာ
ပြုံးပြရတာပါပဲ
အလှဆုံးဒဏ်ရာဟာ အကောင်းစားအပြုံးဖြစ်တယ်
ရွှေပုလ္လင်​ပေါ်ကကောင်ကိုဗောဓိပင်ကဆဲဆိုတယ်
ဘုရားမပွင့်တဲ့အချိန်မှာ မာရ်နတ်တွေပွင့်တယ်
တရားဟာတကယ့်ကိုပဲ တရားလွန်းတယ်
ဘုရားအစစ်တွေပါ သတ်သွားတယ်
မာရ်နတ်ဟာညောင်ရွက်တွေကိုကြင်နာသလိုပွတ်သပ်ရင်း
ဗောဓိပင်ခြေရင်းမှာ သေးပန်းခြင်းကိုပြုလုပ်တယ်
မသိခင်တုံးက
မသိသလိုပါပဲ
မမ...မသိခင်ကို ချစ်ခဲ့မိတယ်
မသိခင်တုန်းက
သိချင်ယောင်ဆောင်မိသလိုပဲ
မသိခင်ကို ချစ်တဲ့ကောင်လေးအဖြစ်ရှိခဲ့တယ်
ဒါအမှားလို့ မပြောဘဲ
ဒါတွေက အမှန်လမ်းကိုပြဖို့
ဘုရားတွေက ပွင့်ခဲ့ရှာတယ်
တကယ့်ကို မျက်ရည်နဲ့မျက်ခွက်ရယ်စရာပဲ
ဘုရားစကားနားထောင်တဲ့ကောင်မှန်သမျှ
အသည်းကွဲရတယ်
ကျကွဲသွားတဲ့ဖုန်းတိုင်းဟာ
အစင်းရာတွေကိုပျော်ရွှင်ဖို့အတွက်သုံးစွဲရတယ်
လူ့ဘဝမှန်သားပြင်ပေါ်မှာ...။
ဘဏ်တိုက်တွေထဲ...
ပိုက်​ဆံစုဖို့ မေ့ခဲ့တယ်
အိပ်မက်တွေထဲ
အိမ်လေးတစ်လုံး သတိတရဆောက်ခဲ့တယ်
ငါဟာ
ပိုက်ဆံပေါ်မှာတံဆိပ်ဖြစ်သွားတဲ့အိပ်မက်လေးပါ
ငါဟာ
ဘဏ်တိုက်ထဲဝင်သွားတဲ့အိမ်လေးတစ်လုံးပေါ့။
ရယ်ရတယ်
ဒါပေမယ့်...ငိုချပစ်ချင်တယ်
အရမ်းရယ်ရတယ်
ဒါပေမယ့်.. .တအားငိုချပစ်လိုက်တယ်။


                                  မောင်ရေချမ်း
                            26 August 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ