Saturday, September 17, 2016

Only me အရေးအသားများ

 ( ၁)
အဲဒီ သီချင်းကို နားထောင်တိုင်း
လွမ်းနေရင် ဂီတာ လာတီးပေးမှာပေါ့
သီချင်းဆိုမကောင်းတဲ့ပါးစပ်ကနေ
ကဗျာတွေ ထွက်လာရင်
မင်း ပျော်ရွှင်သွားမှာပါ
မင်း ပျော်ရွှင်သွားမယ် မျှော်လင့်မိရုံပါ
မငိုနဲ့လေ
ကမ္ဘာ့ရတနာသေတ္တာကို ဖွင့်ဖို့ မင်းလက်ကို စောင့်နေတယ်။ ။


(၂ )
တကယ်ဖြစ်တယ်
မဟုတ်ဘူးဆိုရင် တကယ်ဖြစ်ခဲ့တယ်
မင်း မျက်ရည်က လာစိုတဲ့အခါ
မင်း ခုန်ချချင်တဲ့အမြင့်ကို ငါ ဖျောက်ခဲ့
မင်း ခုန်ချချင်တဲ့အောက်မှာ ငါမွေ့ယာခင်းထားခဲ့
သတ်သေမယ့်ကြိုးခွေတွေလည်း
ကြွက်တစ်ကောင်လို ငါ ၀ါးစားပစ်ခဲ့တာပဲ
ပျော်ပါစေ ။ ။

(၃ )
ငါ့ကို ချစ်ပါ လို့ မပြောခဲ့ဘူး
အသည်းပုံလေးကို နှိပ်လိုက်တယ်
မင်းကို ချစ်လို့ ။ ။


(၄)
 နံဘေးနားက ပတ်လမ်းပေါ်မှာဘဲနေပေးပါလို့
တောင်းဆိုရင်းပဲ ဗဟိုဆွဲအားကနေ ဆန့်ကျင်သွား
အီလက်ထရွမ်မလေးရယ်.... ဝေးခဲ့တယ် ။

(၅)

ဘုရားရှိခိုးတိုင်း
ချစ်သူကို ပိုင်ဆိုင်ရပါလို၏
အဲလို   အူကြောင်ကြောင်ဆုကို ငါ မတောင်းခဲ့
အဲဒါ အမှား တဲ့လား
တကယ်က ငါ ဘုရားကို မရှိခိုးခဲ့တာပါကွာ။

(၆)

မင်းကို ချစ်တယ်
မင်းကို ချစ်ဖို့ အဖြစ်နဲ့
ငါ လူရာဝင် ချင်ခဲ့တယ်
ရင်ထဲမှာ...
လင့်ခ်အမှားတွေ နှိပ်မိသလိုပဲ
ငါပြောဖို့ ငါ့ကွန်ပျူတာခီးဘုတ် ။

(၇)

ဖုန်းထဲကနေ ပွတ်သပ်လိုက်သမျှ အငွေ့
သိရဲ့သားနဲ့ မသိသလို အရာရာအရသာ
ဆုံးရှုံးတဲ့အခါတိုင်းတွေအဖြစ်
ဖုန်းနံပါတ်တစ်ခုကို လိုက်ရှာမိသလို
အရူးတစ်ပိုင်း ဖုန်းတစ်ပိုင်း ။

(၈)

အချစ်အကြောင်းပြောလိုက်ရင်ကို
ယုတ်မာရက်စက်တတ်သူတွေဟာ
အပြာစာအုပ်အရေးအသားအဖြစ်
မှတ်တမ်းတင်လို့ ပြောရခက်ခဲ
တကယ်က အချစ်မှ မရှိဘဲလေ
အချစ်ရောက်သွားတာ ဒီနေ့ပဲ
ဟေ့ကောင်တွေ မင်းတို့က
ဘယ် ကမ္ဘာမှာလဲ
အေး ...အခု ဘယ်ကမ္ဘာမှာလဲ ။

( ၉ )

ပြောပြောသမျှ အသံမှာ အရောင်တွေ ထလို့
ရောက်ရောက်သမျှ စကားဟာ ရောဂါအတိုင်း
လက္ခဏာဗေဒင်ကျမ်းစာမှာ အင်တာနက်ခေတ်ရဲ့
လူဖြစ်ကြောင်းကို ခန့်မှန်းချက် မပါဘူး
အရူးတွေ ... သောက်ရူးတွေ
မိုးရွာထဲမှာ ဟာခနဲ ကြေကွဲသလို အရူးတွေ
သေလိုက်လေ သေလိုက်ပါလား
ဖင်ယားချင်သူတွေဟာ ကဗျာရေးတယ်
ဖင်ယားတဲ့သူတွေဟာ ကဗျာဖတ်တယ်
အဲဒါနဲ့ လူ့ဘ၀ကို ငါတို့ စွန့်ခွာခဲ့တယ်
ပျော်ရွှင်စွာ ။

မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ