Monday, October 24, 2016

ကလေးတစ်ယောက်ရဲ့ ကျောင်းမသွားရဲတဲ့ ဖိနပ်

ကျောင်းမဖွင့်ခင်ကတည်းမှာ
ဝလုံးလေးတွေနဲ့ အေဘီစီဒီကို ချစ်ခဲ့တာတွေ
အမေ့လက်မှာ ပညာတတ်ဖြစ်အောင် လေ့ကျင့်ပေးမှုတွေ မွှေးနေခဲ့တယ်
ချစ်တယ် မူကြို ၊ ဇာတ်လမ်းမဲ့လမ်းလေးထဲ
ငိုကြွေးသူပညာရေးမှာ ပေတံလေးဟာ သွေးပေသွားတယ်
စာမရသူခုံပေါ်တက်သောမျက်ရည်စက်များ
ဆရာမဟာ သင်္ချာညံ့တယ်
ကျောင်းသားလေးသေသွားတဲ့အခါ
နိုင်ငံတစ်ခုလည်း အလောင်းဖြစ်သွားခဲ့တယ်
ခေါင်းလောင်းသံက အနာဂတ်ကို လာပါ အော်ခေါ်ရင်း
ကြိမ်ချက်ဒဏ်ရာက သိမ်းထားတဲ့ဖိတ်စာ
ဝါကျဖွဲ့ဖို့ ဖတ်စာအုပ်ကို ချစ်လို့
ဖတ်စာအုပ်ဖတ်လို့ အတန်းဖော်မလေးကို မမုန်းဖို့
အဖြူနဲ့အစိမ်းမှာ မုသားကင်းစင်စွာတံဆိပ်လာရင်
မြင့်မားရိုးသားတဲ့အသံ တိုးတိုးလေးညံတယ်
ပြာကျသွားသူဝိညာဉ်များကို အသက်သွင်းဖို့
ကျောင်းသွားရမယ့် ဖိနပ်ကလေးတစ်ရံဟာ
ဆရာမ ရိုက်မယ့် ကြိမ်လုံးဒဏ်ကို ကြောက်နေပါတယ်
စာမရလို့ ၊ အလွတ်ကျက်ခြင်းမှာ ညံ့ဖျင်းလို့ ။ ။


မောင်ရေချမ်း
21 Oct 2016

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ