Sunday, September 27, 2020

- စပတ်ထဲက ပြန်ထွက်လာတဲ့မြွေ -


ကားတွေက လုံးဝကို မလာဘူး အဲဒါနဲ့ သူတို့တစ်လခွဲလောက် ကြာသွားတယ် ဟုတ်တယ် ၊ အဲဒီဘတ်စ်ကားမှတ်တိုင်မှာပဲလေ တခေါခေါ တခူးခူး အိပ်နေရာကနေ အမျိုးသမီးက နိုးလာတယ် ဦလေးကြီးက အဲဒီတော့မှ သူခိုးလူမိသွားတဲ့ပုံနဲ့ အိုးတိုးအမ်းတန်းကြီး ဖြစ်သွားတယ် "ဟာ ...ဦးလေး ၊ ကျမဖုန်းကို ဘာယူလုပ်တာလဲ" လို့ အထိတ်တလန့်မေးလိုက်တယ် ဦးလေးကြီးလည်း ကယောင်ကတမ်းပုံစံနဲ့ ဖုန်းကို အဲဒီအမျိုးသမီးဆီကို လှမ်းပေးလိုက်တယ် ဖုန်းက အရာမယွင်းသလိုမျိုးပဲ ၊ အမျိုးသမီးဟာ ဦးလေးကြီးကို မသတီတဲ့မျက်နှာပေးနဲ့ကြည့်ရင်း "လူတစ်ယောက်ရဲ့ပရိုက်ဘာစီဆိုတာကို နားမလည်ဘူးလား" လို့ မေးလိုက်တယ် ဦးလေးကြီးကလည်း အူကြောင်ကြောင် မျက်နှာပေးနဲ့ "ဘာ ...ဘာကြီး ...ပရိုက်ဘာဆီ" ဆိုပြီး သံယောင်လိုက်သလို၊ မေးခွန်းထုတ်သလိုမျိုး ရေရွတ်နေတယ်။

"ကျမစပတ်ထဲ မြွေတစ်ကောင်ဝင်သွားတာနဲ့ပဲ ကျမကို လူလို့ မမြင်တော့ဘူး မဟုတ်လား" လို့ ဒေါကြီးမောကြီးနဲ့ ပြောချလိုက်တဲ့ အမျိုးသမီးရဲ့စကားအဆုံးမှာတော့ ....လူကြီးဟာ အခုမှ အိပ်မောကျနေရာမှ နိုးလာတဲ့ သူတော်စင်ကြီးလေသံမျိုးနဲ့ "ဟေ...အဲဒါ ဘယ်နှစ်နှစ်တောင် ရှိနေပြီလဲ"လို့ တအံ့တသြဖြစ်သွားသလို မေးစေ့ကို ပွတ်သပ်နေတယ် အမျိုးသမီးရဲ့ဗိုက်ကတော့ တဖြည်းဖြည်းပူထွက်လာတယ်

 ပြီးတော့ ...အထဲမှာ ဘာကြီးမှန်းမသိတဲ့အရာတစ်ခု ရွေ့လျားနေတယ်။

အမျိုးသမီးဟာ ရုတ်တရက် "အား ...ကျွတ် ...ကျွတ်" လို့ အော်ပြီး မျက်နှာကို ရှုံမဲ့လိုက်တယ်။ "ဟင်...နင် မွေးတော့မှာလား" ဆိုပြီး လူကြီးက မဲ့ရွဲ့ပြီး မေးလိုက်တဲ့အခါ 

"ဟုတ်ကဲ့ရှင့်"တဲ့ အဲဒါဆို ငါ မီးညှပ်ကို သွားပြန်ရှာရမှာလား ဆိုတဲ့ လူကြီးရဲ့နောက်ဆက်တွဲမေးခွန်းကိုတော့ အမျိုးသမီးဟာ ကြောက်သွားပုံရတယ် 

 "မရှာပါနဲ့ရှင် ....မရှာပါနဲ့ ..အဲဒီမီးညှပ်ကိစ္စကို 

ထားလိုက်ပါတော့" လို့ တောင်းပန်ပြောရှာတယ်။

"ခုန နင့်ဖုန်းထဲက ငါ ဘာတွေ တွေ့ထားလဲ သိလား"တဲ့ ခြိမ်းခြောက်သလို၊ သတိပေးသလို ပြောလိုက်တဲ့လူကြီးရဲ့စကားကို အမျိုးသမီးက မထီမဲ့မြင်ပုံစံမျိုးနဲ့ မျက်ခုံးလေးပင့်ပြလိုက်တယ်။ပြီးတော့ သူ့ဘာသာသူပဲ စကားအရှည်ကြီး ပြောတယ်။ "ဘာတွေ တွေ့ရမလဲ၊ ကျမရဲ့စပတ်ပုံတွေ တွေ့သွားမှာပေါ့။ ဟုတ်တယ် မဟုတ်လား ....Gallery ထဲက Hide photos ထဲကိုသာ ဝင်ကြည့်မယ်ဆိုရင်တော့ ကျမ saved ထားတဲ့ လိင်တံပုံတွေ အမျိုးမျိုးကိုတောင် တွေ့ဦးမယ်။ ဘာလဲ ...အဲဒီပုံတွေကို မြင်ပြီး ဦးလေးကြီး ဖင်ခံချင်သွားပြီလား  အဲဒါဆို ဒီလိုလုပ်လေ အခု ကျမ masturbate လုပ်ပြပေးမယ် အဟင်းဟင်း ဘတ်စ်ကားလာရင် ဘယ်လိုလုပ်မလဲလို့ တွေးနေတာ မဟုတ်လား စိတ်ချပါရှင် မလာပါဘူး တော်သေးတာပေါ့ ဖုန်းကိုပဲ ယူကြည့်လို့ ကျမအိတ်ထဲကိုသာ ဦးလေးကြီး ကြည့်မိသွားရင် Vibrator ကိုပါ တွေ့သွားဦးမှာ အဲဒါဆို ဦးလေးကြီးရဲ့ဖင်ကို ခိုးပြီး ကလိချင်ကလိနေမှာလေ မဟုတ်ဘူးလား" 

"ဟာ ..အဲဒါတွေ ထားလိုက်ပါတော့ဟာ ..ငါ့ကို နားရှက်စရာတွေ ပြောမနေပါနဲ့တော့ ...နင့်ကလေးကိုသာ နင်ဖြောင့်ဖြောင့်မွေး ၊ ငါ ဘာကူညီပေးရမလဲပဲ ပြော" ဆိုတော့ အမျိုးသမီးက တဟားဟား အော်ရယ်ရင်းနဲ့ ပြန်ပြောတယ်။"ခုန ဖုန်းထဲက Group Photo တစ်ခုတွေ့တယ် မဟုတ်လား ၊ အဲဒါ ကျမသူငယ်ချင်းတွေနဲ့ ကျမသူငယ်ချင်းတွေရဲ့ဘဲတွေလေ ၊ အဲဒီနေ့ညက Club ကနေ အပြန် မူးရူးနေပြီး အကုန် Hotel ရောက်သွားကြတာ ၊ ပြီးတော့ ...ရှစ်ယောက် လေးတွဲ ၊ ကျမပါ ပါရင် ကိုးယောက်ပေါ့ အဲဒီညမှာ အဲဒီပုံထဲကလိုတွေ ဖြစ်ကုန်ကြတာပဲ စုပ်သူစုပ် ၊ ယက်သူယက် ၊ လှန်သူလှန် ၊ မှောက်သူမှောက် ၊ လေးဘက်ထောက်သူထောက် ၊ ကုန်းသူကုန်း ၊ ခွသူခွ ပေါ့လေ မသိရင် ကျမက ဒိုင်လူကြီးဖြစ်သွားတဲ့အတိုင်းပါပဲရှင်" တဲ့။

လူကြီးလည်း ဘယ်လို သည်းခံလို့မရတော့တဲ့လေသံမျိုးနဲ့ "ဟဲ့ ...နင်က တကယ့်ကို မိစ္ဆာမ ၊ အဆိုးရွားဆုံးမိစ္ဆာမတစ်ယောက်ပဲ" လို့ အကျယ်ကြီး ထအော်ပစ်လိုက်တယ်

 "ဟုတ်တယ်လေ ၊ ကျမက မိစ္ဆာမပေါ့ ၊ အဲဒါကြောင့်လည်း ကျမစပတ်ထဲကို မြွေဝင်သွားတာပေါ့" လို့ ပြောရင်း ဘတ်စ်ကားမှတ်တိုင်က ထိုင်ခုံပေါ် နောက်မှီပြီး ထိုင်ချပစ်လိုက်တယ် အနာကျင်ဆုံးဝေဒနာကို ခံစားနေရတဲ့ပုံစံမျိုးနဲ့ ရှုံ့မဲ့နေပြီး ပေါင်နှစ်ချောင်းကိုလည်း ဖြဲပစ်လိုက်တယ် ဦးလေးကြီးက မဝံ့မရဲပုံစံမျိုးနဲ့ အနားကို တိုးကပ်သွားတော့ ..

"ဟာ ...ဒီနားကို လာခဲ့လေရှင် ၊ ဘာလဲ 

ယောင်္ကျားမဟုတ်ဘူးလား ၊ ဒုက္ခရောက်နေတဲ့ မိန်းမတစ်ယောက်ကိုတောင် မကူညီချင်တော့ဘူးလား" လို့ ပြောရင်း အမျိုးသမီးဟာ တွန့်လိမ်နေတယ်။

လမ်းမပေါ်ကို အဖြူရောင်အရည်တွေ စီးကျကုန်တယ်

 ပြီးတော့ ...အနီရောင်တွေ ၊ ချွဲကျိကျိအရည်တွေကြားက နေ ....လူးလူးလွန့်လွန့်နေတဲ့ အနက်ရောင်အရာကြီးတစ်ခုပေါ်ထွက်လာတယ်  "ဟာ .." လို့ အလန့်တကြား ရေရွတ်ပြီး ဦးလေးကြီးကတော့ ...နောက်ကို ပြန်ဆုတ်သွားတယ် အမျိုးသမီးကတော့ ...အေးအေးလူလူပဲ ပေါင်ကို ပြန်စေ့လိုက်ရင်း "ဦးလေးက ဘာကို မျှော်လင့်ထားသေးလို့လဲရှင် ၊ စပတ်ထဲကို မြွေက ဝင်ခဲ့ပြီးပြီပဲ ၊ အခု ပြန်ထွက်လာတာ မြွေဖြစ်နေတာ ဘာထူးဆန်းနေလို့လဲ" လို့ပြောလိုက်တယ် လမ်းနံဘေးက သစ်ပင်တွေဟာ အိပ်စက်နေကြတယ် 

အမှောင်ထုကတော့ အေးစက်နေခဲ့တယ်။

                                                   မောင်ရေချမ်း

Monday, September 14, 2020

စပတ်ထဲ ဝင်သွားတဲ့ မြွေ

                              (၁)

ဘတ်စ်ကားမှတ်တိုင်မှာ လူနှစ်ယောက်။ တစ်ယောက်က အသက် ၃၅ နှစ်လောက်ရှိတဲ့အမျိုးသမီး ၊ နောက်တစ်ယောက်က အသက် ၅၀ ကျော်အမျိုးသားကြီး။ သူတို့နှစ်ယောက်ဟာ ပထမတော့ မတ်တပ်ရပ်နေတာ ခပ်ခွာခွာပဲ။ နောက်တော့ .. အမျိုးသမီးက အဲဒီလူကြီးနားကို မသိမသာနဲ့ တဖြည်းဖြည်းလိုက်ကပ်ရော။ အဲဒါကို လူကြီးက သတိထားမိသွားပြီး အမျိုးသမီးနဲ့ ဝေးရာဘက်ကို ခြေလှမ်း ငါးလှမ်းလောက် ရွေ့တယ်။ ဒီတော့မှ...အမျိုးသမီးကလည်း လူကြီးနားကို ဒရောသောပါး အတင်းကပ်ပါလေရော။ အနားရောက်တော့ ..လူကြီးရဲ့ပခုံးကို လက်နဲ့တို့ပြီး 

"ဦးရယ် ..မြွေတစ်ကောင် ကျွန်မ စပက်ထဲ ဝင်သွားလို့ ကယ်ပါဦးရှင်" ဆိုပြီး အကူအညီတောင်းလိုက်တယ်။ လူကြီးက ပြန်လှည့်တောင် မကြည့်ဘူး။ အဲဒါနဲ့ "ဒီမှာ ...ဦး ၊ ကျွန်မ စပတ်ထဲ မြွေတစ်ကောင် ဝင်သွားလို့ ကယ်ပါဦး ဆိုနေ" လို့ အမျိုးသမီးက ထပ်ပြောလိုက်ပြန်တယ်။ ဒီတော့မှ ... လူကြီးက ပျင်းရိပျင်းတွဲ့ ပုံစံမျိုးနဲ့ ခေါင်းတစ်ချက်စောင်းငဲ့လာပြီး "မြွေက ခေါင်းဘက်ကနေ စဝင်သွားတာလား ၊ ဖင်ပိုင်း အမြှီးဘက်ကနေ ဝင်သွားတာလား၊ ခေါင်းဘက်ကနေ စဝင်သွားတာဆိုရင် လက်နဲ့ပဲ ပြန်ဆွဲထုတ်လိုက်မယ်။ ဒါဆို လက်အိတ်လိုတယ်။ အမြှီးဘက်ကနေ စဝင်သွားတာဆိုရင်တော့ မီးညှပ်နဲ့ ပြန်ဆွဲထုတ်ပေးမယ်။ အခု ...ငါ လက်အိတ်ရော၊ မီးညှပ်ရော ဟိုစတိုးဆိုင်မှာ သွားဝယ်လိုက်ဦးမယ်။ ဘာနဲ့ ဆွဲထုတ်ရမလဲ ငါ့တူမကြီး သေချာစဉ်းစားထား" လို့ စကားအရှည်ကြီး ပြောပြီး လမ်းဖြတ်ကူးသွားတယ်။

                                      (၂)

လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ မီးညှပ်ကြီးကို ကိုင်ရင်းပေါ့။ "ကဲ...ငါ့တူမကြီးရေ ၊ ဦးလေးတော့ ... ဒီမှာ မီးညှပ်နဲ့လက်အိတ်ရခဲ့ပြီ" ဆိုပြီး လမ်းကူးလာတဲ့ လူကြီးက ပြောလိုက်တယ်။ ဘတ်စ်ကားမှတ်တိုင်က အမျိုးသမီးက တစ်ချက်လေးတောင် လှည့်မကြည့်တော့ အဲဒီလူကြီး နည်းနည်း ဇဝေဇဝါ ဖြစ်သွားတဲ့ပုံမျိုးနဲ့ “ဒီမှာ …မီးညှပ်လေ ၊ ငါ့တူမကြီး” လို့ အသံကို မြှင့်ပြီး ထပ်အော်ပြောလိုက်တယ်။ “အဲဒီတော့ ဘာလုပ်ရမှာတုန်း ရှင့်” တဲ့။ အမျိုးသားကြီးက ဒီတစ်ခါတော့ တော်တော်ကို စိတ်မရှည်တော့တဲ့ လေသံနဲ့ “မြွေလေ …မြွေ ၊ တူမကြီး စပက်ထဲက မြွေလေ ၊ ဆွဲထုတ်ဖို့” ဆိုပြီး မီးညှပ်ကြီးတပြင်ပြင်နဲ့ လုပ်တော့တာပဲ။ “ဟာ…ဦးလေးရယ်၊ အဲဒီစတိုးဆိုင်ထဲကို ဦးလေးဝင်သွားတာပဲ ( ၁၈ ) နာရီ ကျော်ကြာသွားပြီ။ ကျွန်မ စပက်ထဲက မြွေက လွန်ခဲ့တဲ့ (၇)နာရီလောက်ကပဲ ပါးစပ်ထဲကနေ ပြန်ထွက်သွားပြီရှင့်” လို့ အမျိုးသမီးက အေးအေးလူလူ ပြန်ပြောတယ်။ လူကြီးလည်း အဲဒီတော့မှ မီးညှပ်ကြီးကို ချွင်ခနဲ လွှင့်ပစ်လိုက်ပြီး လက်အိတ်ကိုလည်း ဗြစ်ခနဲ ပြန်ဆွဲချွတ်လိုက်တယ်။

                                  (၃)

ဘတ်စ်ကားတစ်စီး ရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ဒီတိုင်းပဲ ကြည့်နေလိုက်တယ်။  "ဒါပေမဲ့ ... ဦးရဲ့ ၊ ကျွန်မတော့ ဒုက္ခပဲရှင့်" တဲ့။ အမျိုးသမီးရဲ့ထိတ်ထိတ်ပြာပြာ အဲဒီစကားသံကြောင့် ခဏတိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်ဟာ ပြန်အသက်ဝင်လာသလိုပဲ။ အဲဒီလူကြီးက "ဟဲ့ ...ဘာဖြစ်ပြန်ပြီတုန်း ဟ" လို့ စိတ်ရှုပ်တဲ့ လေသံနဲ့ မျက်နှာကြီးကို စူပုတ်ပြီး မေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ၊ အမျိုးသမီးကတော့ ပမာမခန့်ပုံစံနဲ့ "ဘာမှမဟုတ်ပါဘူး ၊ ဦးရယ် .. အဲဒီမြွေက စပက်ထဲကနေ ဝင်ပြီး ပါးစပ်ထဲက ပြန်မထွက်ခင်မှာ ကျွန်မ ဗိုက်တစ်နေရာမှာ ဥ ..ဥခဲ့ပုံပဲ။ အခုနေရတာ ခိုးလိုးခုလုကြီး" လို့ အေးအေးလူလူပဲ ပြောတယ်။ လူကြီးလည်း ဘယ်လိုဖြေရှင်းပေးရမလဲ မသိသလိုမျိုးနဲ့ သူ့မျက်နှာသူ ပြန်ပွတ်သပ်ပြီး ဟင်းခနဲ သက်ပြင်းကြီးတစ်ခု ချတယ်။ အမျိုးသမီးကတော့ ... ဆက်ပြောဖြစ်အောင်ကို ပြောလိုက်တယ်။ အဲဒါကို လူကြီး ကြားလား၊ မကြားလား မသိဘူး။ "သေချာတာကတော့ ...ကျွန်မ အဲဒီဥလေးကို မွေးဖြစ်အောင်မွေးမှာပဲ"တဲ့။

                                     (၄)

ညဘက်ရောက်တော့ ...ဘတ်စ်ကားတွေ မလာတော့ဘူး။ တကယ်တော့ ... လာလာ၊ မလာလာ သူတို့ နှစ်ယောက်အတွက် သိပ်အရေးမကြီးသလိုပဲ။ "ဦး ...ပျင်းနေပြီလား" လို့ အမျိုးသမီးက မေးလိုက်တယ်။ "ပျင်းတော့ ...နင် က ပြ မလို့ လား ၊ ငါက စာသားထဲ ရောက်နေတာလေ၊ စပက်ထဲ ဝင်ခဲ့တဲ့ မြွေက အခုဘယ်မှာလဲ" ဆိုပြီး လူကြီးက ပြန်မေးလိုက်တယ်။ လက်ထဲမှာလည်း ဘယ်က ရောက်လာမှန်းမသိတဲ့ ကွမ်းယာထုပ်ကြီးနဲ့။ "မဟုတ်ပါဘူး ...ဦးရယ်၊ ကျွန်မက ဒီဟာလေး ပြချင်လို့ပါ" လို့ ပြောရင်း အမျိုးသမီးက သူ့ရဲ့အပေါ်အင်္ကျီကို ချွတ်ချလိုက်တယ်။ "ဟာ ...ဟာ မလုပ်နဲ့လေ ၊ ဘာတုန်း ဟ" ဆိုပြီး အဲဒီလူကြီးရဲ့မျက်လုံးတွေ ပြူးထွက်လာတယ်။ ဒါပေမဲ့ ...အမျိုးသမီးက အတွင်းခံဘလာဇီယာပဲ ကျန်တော့တယ်။ ညမီးရောင်အောက်မှာ ..မြင်လိုက်ရတာက... အမျိုးသမီးရဲ့ဝမ်းဗိုက်ထဲမှာ ဘာမှန်းမသိတဲ့ အလုံးကြီးတစ်ခု ဟိုရွေ့၊ဒီရွေ့ သွားလာနေတာ။ ။

                                                             မောင်ရေချမ်း

Sunday, September 13, 2020

သက်ရှိသတ္တဝါ A နှင့် B တို့၏ သမားရိုးကျ အသည်းကွဲပုံပြင်(သို့မဟုတ်)ဇာတ်လမ်း




ဤအဖြစ်အပျက်ပါလူသတ္တဝါထီးတစ်ဦးကို အေဟုခေါ်ဆိုနိုင်ပြီးကျန်လူသတ္တဝါမ တစ်ဦးကို ဘီဟုလွယ်လွယ် ခေါ်ဆိုနိုင်ပါသည်။အမည်နာမတပ်ရန်မလိုသောအရာ/မှတ်သားရန်မလိုအပ် သောအရာများ
အတွက် စာဖတ်သူမိတ်ဆွေကို ခေါင်းမရှုပ်စေချင်ပါ။



+++ +++ +++
ထိုနေ့က မိုးလည်းမရွာပါ။လှပသော သက်တန့်တစ်စင်းလည်း ကောင်းကင်၌ ပေါ်ထွက်မနေပါ။
ဤဇာတ်လမ်းပါလူဆန်ဆန်ဇာတ်ကောင်သက်ရှိ အေနှင့်ဘီ တို့စတင်တွေ့ဆုံသည့်နေရာမှာလည်း အချစ်ဝတ္ထုများတွင်ပါရှိသော တိတ်ဆိတ်ငြိမ်အေးသည့်ကော်ဖီဆိုင်တွင်လည်းမဟုတ်ပါ။လူပြတ်သော လမ်းသွယ်တစ်ခုတွင်လည်းမဟုတ်ပါ။ ထို့အတူ လူရမ်းကားများနှောင့်ယှက်သောကြောင့် အေမှ ဘီကိုကာကွယ် ကယ်တင်ကာ စတင်ရင်းနှီးတွေ့ဆုံခြင်းလည်းမဟုတ်ခဲ့ ။

+++ +++ +++

စတင်တွေ့ဆုံရာနေရာ_ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏အမှိုက်ပုံတစ်နေရာဖြစ်သည်။အေသည် အမှိုက်ပုံကို သံချိတ်တစ်ချောင်းဖြင့်ထိုးဆွလျက်။ ဘီက အေနှင့်ခပ်လှမ်းလှမ်းတစ်နေရာတွင်ရာဘာဖိနပ်ဟောင်းတစ်ရံကို မြွေအရေခွံအိတ် ထဲသို့ ထိုးထည့်နေသည်။ ထိုသို့ ကဗျာမဆန်သောနေရာတွင်တစ်ယောက်နှင့်တစ်ယောက် စတင်တွေ့ဆုံခဲ့ကြသည်။ အေမှဘီကို မထူးဆန်းသောအကြည့်တစ်ချက်ဖြင့်ကြည့်ကာရွှံ့ပေနေသော ရေသန့်ဗူးခွံတစ်လုံးကို အင်္ကျ ီဖြင့်တစ်ချက်ပွတ်ကာသူ့ကျောပေါ်
တင်ထားသောအိတ်ထဲသို့ပစ်ထည့်လိုက်သည်။
 “နင်က ဘယ်ကလဲ”
 အေ၏အမေးစကားမှာ နုရွလှပမနေ သာမန်ပြောရိုးပြောစဉ်အတိုငး် ။ အချစ်ဝတ္ထုများတွင် ပါနေကျဖြစ်သော ဇာတ်ကောင်မင်းသားမှ မင်းသမီးကို နာမည်မေးမြန်းစုံစမ်းရာတွင် မဝံ့မရဲဖြစ်နေသည့်ဟန်မျိုးလည်းမရှိပါ။
 “အေး ..ငါကဟိုဘက်ရပ်ကွက် က ။ နင်ကရော ဘယ်ကလဲ”
 ဘီမှ ပြန်ဖြေရာတွင် မျက်လုံးကိုလည်းပေကလက်ပေကလက်လုပ်၍မဖြေပါ ။ ထို့အတူ ရှက်စနိုးဟန်ဖြင့်လက်ကိုင်ပဝါစကိုလည်း ဆွဲလိမ်မနေပါ။ ( လက်ကိုင်ပဝါလည်း အနီးတွင် မရှိပါ ) ။ ဘီ၏နံဘေးတွင်ညစ်ပေနံစော်နေသော အမှိုက်သရိုက်များသာရှိပါသည်။

သူတို့နှစ်ယောက်စတင်မိတ်ဆက်ပြောဆိုသောစကားများမှာ အောက်ပါအတိုင်းဖြစ်သည်။
 “ ငါက ဒီရပ်ကွက်ကပဲနင်က ဘာလို့ ဒီဘက်ရပ်ကွက်အမှိုက်ပုံအထိ လာရှာတာလဲ”

အေ၏အသံမှာသိသိသာသာမာနေပါသည်။

“ငါတို့ ရပ်ကွက်ကအမှိုက်ပုံနည်းလို့ ဒီဘက်အထိကူးလာတာ”

“ဒါဆို နောက်နေ့လည်းနင်ဒီကို လာဦးမှာပေါ့”

“အေး” ဘီ၏ပြန်ဖြေသံမှာလည်း ဇာတ်ဝင်ခန်းများတွင်တွေ့နေ/ကြားနေကျပျစ်ချွဲချွဲအသံမျိုးမဟုတ်။အေးတိအေးစက်ဖြစ်၏။

“အေး ၊ ပီးရော။ ငါတော့ ဟိုဘက်လမ်းကြားထဲ သွားရှာဦးမယ်။အဲဒီ့ဘက်မှာ ဘီယာဗူးခွံတွေ ရတတ်တယ်”

“အင်း”

ထိုနေ့က သာမန်အတိုင်းပင် အေနှင့်ဘီတို့ဆုံတွေ့ပြီးခွဲခွာခဲ့ရသည်။

+++ +++ +++


နောက်နေ့များတွင်လည်းအေနှင့်ဘီတို့ ထိုနေရာ၌ပင် တွေ့ဆုံဖြစ်ကြသည်။ပြောနေကျစကားများကိုပြောဖြစ် ကြသည်။

“နင်တို့ရပ်ကွက်မှာရော ပစ္စည်းဈေးက ဒီလောက်ပဲလား။ရေသန့်ဗူးတစ်လုံးဘယ်လောက်ပေးလဲ”

“တစ်ဆယ်။ဘီယာဗူးဆို နှစ်ဆယ် ။ ဘီယာပုလင်းခွံ ဆို ငါးဆယ်”

“အော်…သိပ်မကွာဘူးပဲ။ နင်ရော အဆင်ပြေလား ”

“ပြေသင့်သလောက်တော့ပြေပါတယ်ဟာ ။ နင်ရော”

“ငါလည်း ဒီလိုပါပဲ”

သူတို့နှစ်ယောက်နေ့စဉ်ပြောလေ့ရှိကြသောစကားများပါအထက်ပါအတိုင်းပင်ဖြစ်သည်။

+++ +++ +++

A နှင့် B တို့၏ သံယောဇဉ်ထုံးဖွဲ့သောရက်စွဲများ
တစ်ရက်/တစ်ရက်/တစ်ရက်/တစ်ရက်/……………………………..
(၃) လခန့်ကြာသော်

+++ +++ +++

“နင့်ကိုငါချစ်တယ်ဟာ” အေသည်မြေကြီးထဲတွင်မြှုပ်နေသောအချိုရည်ဗူးခွံလေးကို မရမကထိုးဆွနေရင်းနှုတ်ဖျားမှ စကားတချို့ ခုန်ကျလာသည်။ဘီက ကော်ပစ္စည်းအကျိုးအပဲ့တချို့ကိုမိမိအိတ်ထဲသို့ထည့်ရင်း အေကိုပြန်မော့ကြည့်သည်။
ထို့နောက် တဟီးဟီး ရယ်သည်။
“နင်က ငါကိုချစ်တယ်တဲ့။ ဟီး ..ဟီး ။ ရယ်စရာကြီး ရှက်လဲမရှက်ဘူး ပြောတယ်”

အေ အနည်းငယ်ဒေါသထွက်သွားဟန်ဖြင့်

“ဟ ဘာရှက်စရာလိုလဲ။သူများတွေလဲ အဲလိုပဲပြောနေကျတာပဲ ။ နင်ဗီဒီယိုတွေမကြည့်ဖူးဘူးလား ဟ”

အေ၏အသံမှာအတန်ကျယ်လောင်သွားသဖြင့်ဖြတ်သွားဖြတ်လာစုံတွဲတစ်တွဲက အမှိုက်ပုံပေါ်သို့တစ်ချက်လှမ်းကြည့်သည်။ထိုနောက် အကြည့်ကိုလွှဲကာထိုစုံတွဲမှ ကောင်မလေးက သူ့နှုတ်ခေါင်းဝသူ တစ်ရှူးစဖြင့်အုပ်လိုက်သည်။အေ၏ မျက်နှာကျင်ခနဲ ဖြစ်သွား၏။

“ဟယ် …ဟိုမှာရာဘာဖိနပ်တစ်ရန် ဟ။ ကော်တာပဲ ။ ငါအရင်တွေ့တာနော် ။”

ဘီက ပြောပြောဆိုဆိုပင် ပလက်စတစ်အိတ် တွေအောက်မှ ဖိနပ်စုတ်တစ်ရန်ကိုသံချိတ်ဖြင့်ချိတ်ယူလိုက်သည်။

“အေးပါဟာ။ ငါ့ ခုရည်းစားစကားပြောတာကို အဖြေပေးဦးလေ ဟာ နင်ကလဲ”

အေက အားမလိုအားမရဟန်ဖြင့်ပြောသည်။ဘီက စိတ်မရှည်ဟန်ဖြင့် မဲညစ်နေသောသူ့နှုတ်ခမ်းကိုတစ်ချက်ကိုက်ရင်း

“အေးဟာ ၊ပေးတယ် ။ နင်နဲ့ငါ ရည်းစားပေါ့ ။” ဟုပြောရင်း ဟိုတစ်စ၊သည်တစ်စ ကြွပ်ကြွပ်အိတ်များကိုလိုက်လံထိုးဆွနေပြန်၏။
အေကတော့ ဝမ်းသာအားရဟန်ဖြင့်အားရပါးရ ဘီကို ငေးစိုက်ကြည့်နေသည်။

“အေး ဒါဆို ပြီးတာပဲ ၊ ဟန်ကျတာပေါ့။ လပြည့်နေ့တွေဆို ဘုရားအတူတူသွားလို့ရပြီ နင်နဲ့ငါ ။
ရော့ ဒါက နင်နဲ့ငါ ချစ်သူဖြစ်တဲ့အထိမ်းအမှတ် နင့်အတွက်”

ပြောပြောဆိုဆိုပင်အေသည် မိမိမြွေရေခွှံအိတ်ထဲမှ ရေသန့်ဗူးခွံဆယ်လုံးခန့်ထုတ်ပေးသည်။ဘီ၏လက်များက
မြန်ဆန်စွာလစ်ခနဲယူရင်း သူ့အိတ်အတွင်းသို့ထိုးထည့်ပစ်သည်။ဘီ၏မျက်လုံးများအရောင်တဖျက်ဖျက်လက် နေသည်။
အေက “ဟေး”အော်ပစ်လိုက်သည်။
ဤသို့လျှင်အေနှင့်ဘီတို့ လှပစွာ ချစ်သူဖြစ်ခဲ့ကြ၏။
+++ +++ +++
တစ်ရက်တွင်ဘီနေမကောင်း၍ အေနှင့်ဆုံနေကြနေရာသို့ရောက်မလာနိုင်။ အေတစ်ယောက်တည်း အမှိုက်ပုံကို သံချောင်းဖြင့်ဆွရင်းတစ်ချက်တစ်ချက်လမ်းမဘက်သို့မျှော်ကြည့်နေမိသည်။စိတ်တွင်းမှလည်း

“အင်း ။ဒီနေ့ သူရောက်မလာဘူး ။ ဘာဖြစ်လို့ပါလိမ့် ၊ ဘယ်ရပ်ကွက်ဘက် သွားရှာနေလဲမသိဘူး”

“ နေများမကောင်းလို့လားမသိဘူး၊ နေမကောင်းရင်တော့ ဒုက္ခပါပဲ ။ သူ့မိသားစုမှာ သူတစ်ယောက်ပဲ
အလုပ်လုပ်တဲ့လူရှိတာတဲ့ဟိုတစ်ခါပြောဖူးတယ်။ သူ့မောင်လေးတွေက ပုစုခရုတွေဆိုတော့…အင်းခက်ပြီ”

“အင်း တော်ပြီ စဉ်းစားရတာ အလုပ်ပျက်တယ်။ ငါလဲ ဈေးဖိုးမရသေးဘူး။အမေလဲ မျှော်တော့မယ်။ ဟိုဘက်လမ်းကြားထဲလဲ သွားရဦးမှာ တော်ပြီ တော်ပြီ မစဉ်းစားတော့ဘူး”

စသဖြင့် တရစပ်တွေးတောနေမိသည်။ပြီးနောက်အေတစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်အမှိုက်ပုံပေါ်မှ ဆင်းသွား၏။
+++ +++ +++
“ဟဲ့ ။ နင်ဘာလို့ မနေ့က မလာတာလဲ”

အေက နှာချေးဖတ်အခြောက်ကို လက်ဖြင့်ခွာရင်းဘီ့ကိုမေးသည်။

“နေမကောင်းလို့ဟာ။ မနေ့က ငါ့မောင်လေးတွေ ထမင်းစားလိုက်ရဘူး” ဘီ့အသံသိသိသာသာတုန်နေသည်။

မည်းမှောင်သောမျက်နှာတွင်မျက်ကွင်းများကချိုင့်ခွက်နေသည်။ဘီ့ဆံပင်ပေါ်တွင် ကပ်နေသောဖုန်မှုန့်တို့ကို အေက ခါပေးနေမိသည်။

“အင်း။ ဒါဆို ငါ့အိတ်ထဲက ပစ္စည်းတွေနင် ဒီနေ့တဝက်ယူသွားဟာ”

အေမဝံ့မရဲပြောရင်းသူ့အိတ်ထဲမှ ဘီယာဗူးခွံ၊ရေသန့်ဗူးခွံနှင့်အခြားပစ္စည်းအကျိုးအကျေများကို ထုတ်ပေးကာ  ဘီ့ကိုအေးစက်စက်ကြည့်သည်။ထို့နောက်သူ့အိတ်ကို စိတ်မပါလက်မပါပုခုံးပေါ်တင်ရင်း

“ငါ ပြန်တော့မယ် ဟာ ၊ နင်နေကောင်းအောင်နေနော်” ဟု လေးတွဲ့တွဲ့နှုတ်ဆက်ကာအမှိုက်ပုံမှဆင်းသွားသည်။ ဘီ၏မျက်လုံးထဲတွင် စိုထိုင်းထိုင်းလာဖြစ်လာ၏။မျက်နှာကို အင်္ကျ ီဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်သည်။
ထို့နောက်အေထားခဲ့သော ဗူးများခွံများကို သွက်သွက်လက်လက်သူ့အိတ်ထဲသို့ကောက်ထည့်သည်။
+++ +++ +++
A နှင့်B တို့၏ ဖြစ်ရိုးဖြစ်စဉ် နိဂုံး

ထိုနေ့သည်လည်းသာမန်နေ့တစ်နေ့သာဖြစ်သည်။ မိုးကောင်းကင်သည်လည်း အုံ့မှိုင်း၍မနေပါ။ နေသည်လည်း ခြစ်ခြစ်တောက်ပူမနေပါ။ ပတ်ဝန်းကျင်ရှိ လူများသည်လည်း သူတို့နှစ်ဦး(အေနှင့်ဘီ)ကို ဂရုစိုက်၍မနေကြပါ။ ထုံးစံအတိုင်း နှစ်ယောက်သား ကြွပ်ကြွပ်အိတ်များကို ထိုးဆွနေကြသည်။ ဘီကရုတ်တရက်ပြောလိုက်တော့ စကားသံကြောင့်အေသည် မိမိကိုင်ထားသော သံချိတ်နှင့်လက်ဆွဲတော်မြွေအရေခွံအိတ်လွတ်ကျသွား၏။

“ငါ လင်ယူရတော့မယ် ” ဘီ၏အသံမှာအေးစက်စက်။

“ဘာ ! နင်ဘာပြောလိုက်တယ်။”

“ဟုတ်တယ်၊ ငါပစ္စည်းသွားသွင်းနေကျ အဝိန်က ငါ့ကို ယူမယ်လို့ပြောတယ်။မနေ့က အိမ်ကို လာတယ် ။ငါ့ အမေနဲ့စကားပြောတယ် ။ ငါ သူ့ကို ယူရတော့မယ်”

“ဟင် / ဒါဆိုငါ … က” ပြောရင်းဆိုရင် အေသည် အနီးရှိ ပလစ်စတစ်အပိုင်းအစလေးတစ်ခုကို ဆက်ခနဲဆွဲကောက်လိုက်သည်။

“အင်း ။ ငါဒီနေ့ ဒီကိုလာတာ နောက်ဆုံးပဲ ။ အဲဒါ လာပြောတာ နင့်ကို”

ဘီ၏စကားသံမှာပြတ်တောင်းပြတ်တောင်း ။ တစ်ဆက်တည်းမှာပင်

“ဒါပဲဟာ ။ငါသွားတော့မယ် ။ နောက်ဆို နင်လဲ အဝိန့်ဆိုင်မှာ ပစ္စည်းလာသွင်းချင်သွင်းလေ ။ ငါလဲ ရှိနေမှာပဲ”

အေသည် ဘီ့ကိုမျက်မှောင်ကျုတ်၍ကြည့်နေမိသည်။
ဘီက အမှိုက်ပုံပေါ်မှစတင်ဆင်းနေလေပြီ။ ဘီတစ်ချက်လှည့်ကြည့်သည်။ထို့နောက် ခြေလှမ်းကို ချာခနဲပြန်လှည့်ကာအေနှင့်ဝေးရာသို့ တစ်လှမ်း….တစ်လှမ်း….တစ်လှမ်း လျှောက်သွားလေတော့သည်။
ဘီထွက်သွားသောလမ်းဘက်သို့ကြည့်ရင်း အေ တွေဝေငေးငိုင်နေ၏။
ထို့နောက်သူလည်းအမှိုက်ပုံပေါ်မှ ဆင်းကာ သူသွားနေကျဘီယာဗူးခွံများပေါများသောလမ်းကြားထဲသို့ ဝင်လာခဲ့သည်။

+++ +++ +++

ခါတိုင်းနေ့ထက်ပိုမိုထူးခြားသော နေ့ရက်တစ်ရက် အေ့အတွက် ဖြစ်ပွားခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော်ထိုနေ့က လမ်းကြားထဲတွင် ဘီယာဗူးခွံများ ခါတိုင်းထက်ပေါများစွာရရှိခဲ့သည်။
အေ အလွန်ပျော်ရွှင်ရပါသည်။

မောင်ရေချမ်း
ရနံ့သစ်မဂ္ဂဇင်း၊ ဧပရယ်လ ၊ ၂၀၁၄

Monday, September 7, 2020

--- ဝါညိုနုရောင် သနပ်ခါးပေါ်က လောက် ---


ရွှေတိဂုံစေတီတော် ၊ စနေထောင့်မှ

အလိမ်အညာ အမှတ်တရတွေအတွက်

ဂိုသေ့ရဲ့ဖော့စ်ကို ငါ စားတယ်

ရိုင်းပျရန်လိုမှု မဖြစ်စေဘဲ

အထီးကျန်ဆန်ခြင်းဟာ အလေ့အကျင့်ဖြစ်လာလို့

ထင်ရာစိုင်းခွင့်ကို ငါ စားတယ်

ပဋိပက္ခကို အသွင်ပြောင်းဖို့

အောက်မှ အထက်သို့ ချဉ်းကပ်နည်းနဲ့

တစ်ယူသန် တတိယကမ္ဘာကို ငါ စားတယ်

ပြဿနာသစ်ပင်ကို နစ်နာချက်အရ

တပြေးညီ မုန်းတီးစွာ ငါ စားတယ်

ချွန်မြစူးရှတဲ့ ဘိုင်စကယ်စမုတ်တံတွေကို ကျော်လွန်ပြီး

ရစ်ချပ်ဒေါကင်းရဲ့တစ်ကိုယ်ကောင်းဆန်သောမျိုးစေ့ကြောင့်

ဆက်သွယ်ရေး ကျွမ်းကျင်မှုမှာ

ဘုံတူညီချက် ရပ်တည်ရေးမှာ

လှုပ်ရှားပြောင်းလဲရေးသမားကို ငါ စားတယ်

ထိရောက်တဲ့နားထောင်ခြင်းလည်း မရှိ

တက်ကြွတဲ့ အကြမ်းဖက်ခြင်းလည်း မရှိ

ရောမမြို့ရဲ့ရေပြင်ပေါ်မှာတော့

ငါ မရေးထားတဲ့ ကိရဲ့စာကြောင်းတချို့ ရှိတယ်

အဲဒါကြောင့်…

လူ့တန်ဖိုးကို ယုံမှားသံသယဖြစ်လို့

အနားသတ်ဘောင်ခတ်ထားသော

ရှေးရိုးစွဲဒီမိုကရေစီကိုပါ ငါ စားတယ် ။ ။

                           မောင်ရေချမ်း

 အာသီသမဂ္ဂဇင်း | အမှတ် ၂ အတွဲ ၁ | 

      စက်တင်ဘာ  ၂၀၁၉