Monday, June 28, 2021

- တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ -


တစ်ယောက်က ကမ်းခြေမှာ မိုးတွေ ရွာလို့

ပျော်ပျော်ရွှင်ရွှင် ကနေတဲ့အချိန်

နောက်တစ်ယောက်က စိတ်ညစ်ညစ်နဲ့

အိမ်ထဲက ရေတွေကို ခပ်ထုတ်နေရမှာ

တစ်ယောက်က "ဥပမာ" လို့ အစချီပြီး

မြင်သာအောင် ပြောဖို့ ကြိုးစားနေချိန်

နောက်တစ်ယောက်က "အစရှိသဖြင့်" ဆိုပြီး

နောက်ထပ် နားလည်ဖို့ ခက်တဲ့စကားတွေ ပြောသွားမှာ

ဥပမာ .  .

တစ်ယောက်က ကဗျာဖြစ်နေတဲ့အချိန်

နောက်တစ်ယောက်က စကားပြေဖြစ်နေမှာ

အစရှိသဖြင့်ပေါ့

နှစ်ယောက်စလုံး တောတွေ တောင်တွေနား

သစ်ပင်အုံ့အုံ့တွေနဲ့ မြက်ခင်းကြမ်းကြမ်းလွင်ပြင်ဆီ

သွားချင်တာချင်း တူမယ် ဆိုရင်တောင်

တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ ။ ။

                               မောင်ရေချမ်း