Tuesday, July 27, 2021

- လိုအပ်တာကတော့ သေဖို့ပဲ ကိုယ်ဟာ သက်ရှိဆိုရင်ပေါ့ * -


အခြားရွေးချယ်စရာမှ မရှိတာပဲ

ကျည်ဆန်မှန်သွားတဲ့နေရာကို တိမ်တွေ ခူးပြီး

ကပ်ပေးထားလို့မှ မရတာ သေတာပေါ့

တစ်ယောက်ပြီး တစ်ယောက်

တစ်ယောက်ပြီး နောက်တစ်ယောက်

ပြီးတော့ နောက်တစ်ယောက်

နောက်ထပ် နောက်ထပ် တစ်ယောက်ပြီးတော့

နောက်တစ်ယောက် ၊ နောက်တစ်ယောက်

ခြောက်ကပ်တိတ်ဆိတ်သွားတာ မဟုတ်ဘူး

သေကုန်ကြတာ ၊  သေကုန်ကြတာ

အဲဒီ"မချိမဆံ့"ဆိုတဲ့ စကားလုံးဟာ

မရဏမျှော်စင်တွေပေါ် နေရောင်လို ထိုးကျနေလို့

ဒါပေမဲ့ . . .

သက်တံလို လူတွေပါပဲ

"ဒီနေ့တွေကို လီးပဲဟေ့" ဆိုတဲ့ စိတ်နဲ့

မနက်ဖြန်တွေအပေါ် ယုံကြည်တဲ့ စိတ်နဲ့

မိုးရေထဲ လမ်းလျှောက်ထွက်လာကြတယ် ။ ။

                            မောင်ရေချမ်း

* ခေါင်းစဉ် - (ဆရာ)ဇေယျာလင်း -ဘာသာပြန်- 

          ဒီးန်ယန်းဂ်ရဲ့ "ကစားစရာ ပီယာနိုသို့ တမ်းချင်း"မှ

Sunday, July 25, 2021

- ရွှံ့တွေ ပေနေတဲ့အလောင်း -


မြက်ရိုင်းတောကြီးကို ကျော်ရင်

လူခြေရာတွေနဲ့ခွေးခြေရာတွေ

မတူညီတဲ့ဖိနပ်ရာတွေ

ဖိနပ်မပါတဲ့ ခြေဗလာရာပေါင်းများစွာ

ခေါင်းနဲ့မျက်နှာမှာ သွေးတွေနဲ့

ရုပ်ရှင်တွေ ဝတ္ထုစာအုပ်တွေထဲကလို

သူ့အိတ်ကပ်ထဲကနေ ဘာစာတိုလေးမှ ထွက်မလာ

မည်းညစ်နေတဲ့သစ်တော်သီးလေး

သစ်တော်သီးမှ ဘုရားစူး_သစ်တော်သီး

တခြမ်းစာသာ တွေ့ရတယ်

အဲဒါ သူ့နောက်ဆုံးအာဟာရပေါ့။

                       မောင်ရေချမ်း

Saturday, July 24, 2021

- ဦးဇင်းလေးရဲ့ ကိုတင့်ပြဿနာ -


ဦးဇင်းရဲ့နေ့စဉ်ဘဝက ရိုးရိုးပဲ၊ စင်းစင်းပဲ။ ကျောင်းမှာ ဦးဇင်းလေးအပြင် ကိုရင်လေး (၃)ပါးပဲ ရှိတော့ ဦးဇင်းလေးက ကျောင်းထိုင်လိုလို ၊ ဘာလိုလိုပေါ့။ တကယ်တော့ အဲဒါက ဦးဇင်းလေးရဲ့ဘကြီးကျောင်းပါ။ ဦးဇင်းလေးဘကြီးက နယ်မြို့လေးတစ်မြို့က ကျောင်းကို တစ်ဝါတွင်းလောက် ဆိုပြီး ပြန်ကြွသွားတာ ၊ ပြီးတော့ အဲဒီမှာ ပျော်လို့ ထင်ပါရဲ့ လေး၊ငါးဝါအထိ မြို့ကို ပြန်မလာတော့ဘူးလေ။ အဲဒါနဲ့ ဦးဇင်းတစ်ပါးတည်း ဒီမှာ ကျန်ခဲ့တယ် ဆိုပါတော့။ ဦးဇင်းလေးဘကြီးက တစ်ခါက ပြောဖူးတယ်။ "တစ်ခါက" လို့ သုံးနှုန်းပေမယ့် တကယ်တော့ တစ်ခါမကပါဘူး။ သူ့ကိုယ်သူ ပြောသလိုလိုနဲ့ ဦးဇင်းလေးကို ပြောတဲ့သတိပေးစကားပါပဲ။ "မြို့ပြဆိုတာ တော်တော်ရှုပ်တယ်"တဲ့။ ဦးဇင်းလေးကတော့ ထွေလီပွေလီတွေးမနေပါဘူး။ အဓိက ကိုယ်က ရိုးရိုးနေဖို့ပဲ လို့ ထင်မိတာလည်း ပါတာပေါ့။ အဲဒီလို သဘောထားနဲ့ ရိုးရိုးနေခဲ့တဲ့ ဦးဇင်းလေးရဲ့ဘဝထဲကို ကိုတင့်ရောက်လာပြီး မကြာမီ ငါးပါးမှောက်တော့တာပါပဲ။ ဖြစ်ပုံကို ပြောဖို့ ကိုတင့်အကြောင်းကို အရင်ပြောရမယ် ထင်တယ်။ ကိုတင့်ဆိုတာက ဦးဇင်းလေးတို့ ကျောင်းနားက ဖုန်းဆိုင်ကဘဲ။ အဲဒီဘဲက ကျောင်းကို ဟိုဟာလေး ဒီဟာလေး လာလှူတယ် ။ အဲဒါတာ ပထမပိုင်းက ၊ အဲဒီနောက် အလာစိပ်လာပြီး ညနေဆို ဇီးဖျော်ရည်လေးတွေ ဦးဇင်းလေးကို ကပ်တယ်။ ကိုတင့်ကပ်တဲ့ ဇီးဖျော်ရည်လေး သောက်ပြီး ဦးဇင်းလေးမှာ နေလို့ကောင်းသား ထင်နေတာပေါ့။ ခေါင်းထဲမှာ ရီတီတီ၊ ရိပ်တိတ်တိတ်လေးနဲ့လေ။ လေး၊ ငါးလ နေတော့မှ ကိုတင့်က အဲဒီဇီးရည်ဖျော်ရည်ထဲမှာ ဝီစကီလေးတွေ နည်းနည်းပေါက်ထားတယ် လို့ ဦးဇင်းလေးကို ဖွင့်ပြောတော့ ဦးဇင်းလေးလည်း စိတ်မဆိုးမိတော့ပါဘူး။ "ထပ် ကပ်လှူစေ. .ကိုတင့်ရေ" ပေါ့ ၊ အဲဒီလိုပဲ ထားလိုက်တယ်။ နောက်ကျတော့ "ဦးဇင်းလေး တံတားကြီးနားမှာ အလန်းတွေ ရတယ်" ဆိုတာမျိုး ကိုတင့်ဆီက အဆန်းတကြယ်တွေပါ ကြားလာရတယ်။ အဲဒီလို ကြားခါစကဆို ကိုတင့်ကို ကျောင်းဝန်းထဲ နောက်မလာနဲ့ ဆိုပြီး မောင်းထုတ်ဖို့တောင် ဦးဇင်းလေး စိတ်ဖြစ်သေးတယ်။ ဘယ်နှယ့် မဖွယ်မရာတွေလေ။ ဒါပေမဲ့ . . ကိုတင့်အပေါ် သံယောဇဉ်လေးကလည်း ဖြစ်နေပြီ ဆိုတော့ ဒီတိုင်းပဲ လွှတ်ထားလိုက်မိတယ်။ အဲဒါနဲ့ ကိုတင့်က လေး၊ငါး၊ ခြောက်ခါ မကဘူး။ ခဏခဏ အဲဒီအကြောင်းပဲ ပြောဖန်များလာတော့ တစ်ရက် တစ်ညနေမှာ ဇီးဖျော်ရည်လေး သောက်နေတုန်း  "အဲဒါဆိုလည်း ဒီည ခေါ်ခဲ့စမ်း ခေါ်ခဲ့စမ်း" ဆိုပြီး ဦးဇင်းလေးလည်း စိတ်ပေါက်ပေါက်နဲ့ ပြောချလိုက်တယ်။ ဦးဇင်းရဲ့သြဝါဒကို ဦးထိပ်ထားလို့ ကိုတင့်ဟာ အဲဒီနေ့ည (၁၁) နာရီကျော်လောက်မှာ ကျောင်းဝန်းထဲကို သူ ပြောတဲ့ "အလန်းစား" ဆိုတဲ့ ဘာမှန်းမသိတာကြီး ခေါ်ချလာပါရော။ ဦးဇင်းလေးလည်း ထိန်းသိမ်းပါသေးတယ်လေ။ ဒါပေမဲ့ . . .

ပြဿနာက နောက်နေ့ညနေ ကိုတင့် ဇီးဖျော်ရည်လာလှူတဲ့အခါ စတော့တာပဲ။ ဇီးဖျော်ရည်လေး သောက်နေတုန်း ရှိသေး ၊ ကိုတင့်ပေါ့ ၊ ကိုတင့်လေ . .ဦးဇင်းလေးကို ဘာပြတယ် မှတ်တုန်း။ ဖုန်းလေ ၊ ဖုန်း . . .သူ့ဖုန်းကို ပြတာ။ အဲဒီမှာ ညတုန်းက ဦးဇင်းလေးရဲ့ဗီဒီယိုင်ဖိုင်ကြီး။ "ဟေ့ကောင် . .ကိုတင့် ဘာလုပ်ထားတာလဲ ဖျက်ပစ် အခုဖျက်" ဆိုတော့ ရယ်လည်းမရယ်ဘူး။ ကိုတင့်က ခပ်တည်တည်နဲ့ "ဆိုင်မှာ သိမ်းထားတဲ့ ဖုန်းထဲမှာလည်း ရှိသေးတယ်" တဲ့။ "ဒါက ပထမပိုင်း" တဲ့ ။ "ဟာ" ဆိုတဲ့ အသံကြီး ဦးဇင်းလေး ပါးစပ်က ထွက်သွားရုံကလွဲပြီး ဘာပြောရမှန်းကို မသိတော့ဘူး။ နောက် ခဏကြာတော့ ကိုတင့်က "ဦးဇင်းလေး ဟိုတလောက ကျောင်းပြန်ပြင်မယ် ဆိုတဲ့ ပိုက်ဆံတွေလေ" တဲ့။ ဦးဇင်းလေးလည်း ဘာဆက်ပြောရမှန်းမသိတာနဲ့ "အင်း" လို့ပဲ ဇီးဖျော်ရည်လေး စုပ်ရင်း ထောက်ပေးမိတယ်။ အဲဒီနေ့ကပေါ့ ၊ ကိုတင့် ဦးဇင်းလေးဆီက (၃၅) သိန်းယူသွားတာ။ အဲဒါ ( ၂) လ ကျော်လောက် ရှိပြီ။ မနေ့ကလည်း ရေတွင်းတူးဖို့ စုထားတဲ့ ပိုက်ဆံတွေကိစ္စ ကိုတင့် မေးသွားတယ်။ အဲဒါကြောင့် . .နေ့ဆွမ်းလေး စားပြီး ကိုတင့်ကို ဦးဇင်းလေး စောင့်နေရတာ။ မိုးတွေကလည်း တအားသည်းလို့ ၊ ကိုတင့်တစ်ယောက် လာမှလာပါ့မလား ဆိုပြီး ဦးဇင်းမှာ တွေးရင်း ဟင်းခနဲ သက်ပြင်းပဲ ချမိတော့တယ်။ ။

                              မောင်ရေချမ်း


Friday, July 23, 2021

- ကျနော်တို့ ဘာတွေ ပြောဖြစ်ခဲ့လဲ -


    အဲဒီထဲမှာ 'နာကျင်သော' ဆိုတဲ့ 

        နာမဝိသေသနလေးတစ်ခုကိုတောင် 

မပါအောင် တမင် သတိကြီးကြီး ထားခဲ့ကြပုံပဲ

လူအုပ်ကြီးက လူတစ်ယောက်ချင်းစီကို ဝါးမျိုခဲ့တာ 

                     မဟုတ်ဘဲ 

လူတစ်ယောက်ချင်းစီကနေ လူအုပ်ကြီး မွေးဖွားခဲ့တာ

အဲဒါကိုလည်း ရွေးဖယ်ထားခဲ့ကြတယ် ကျနော်တို့

'ဘာဖြစ်လို့ စိတ်ဓာတ်ကျနေရမှာလဲ' တဲ့

        ဓာတ်ငွေ့ကာမျက်နှာဖုံးတစ်ခုအကြောင်း

စာအုပ်တွေ ထည့်ပြီး ရင်ဘတ်ရှေ့မှာ

      လွယ်ခဲ့တဲ့ ကျောပိုးအိတ်တစ်ခုအကြောင်း

တိုက်နေတဲ့လေက အသားစတွေကို တစ်စစီ ဖဲ့ထုတ်လို့

နေလောင်အသားရောင်နဲ့လူတွေဟာ ဘဲဥဟင်းနဲ့

                ထမင်းဘူးလေးတွေကို စားနေကြပုံ

          ပြီးတော့ . . 

မျက်ရည်အပြည့်နဲ့ လက်ချောင်းတွေ

သံချောင်းလို မာနေတဲ့ အသံတွေ

'အိမ်ပြန်သင့်ကြပြီ' ဆိုပြီးတော့များ

တစ်ယောက်နဲ့တစ်ယောက် ပြောခဲ့ကြသေးရဲ့လား

ဆံပင်ကို ဆောင့်ဆွဲပြီး

   ကတ္တရာလမ်းနဲ့ မျက်နှာ ကိုင်ရိုက်ခံခဲ့ရတဲ့ 

မိန်းမငယ်လေးအကြောင်းရော ကျနော်တို့ 

        မပြောဖြစ်ခဲ့ကြဘူး မဟုတ်လား ။ ။

                         မောင်ရေချမ်း


- ခင်ဗျားခြေရာ -


ခင်ဗျား ဆောင့်ရုန်းလိုက်တိုင်း သံကြိုးကွင်းအချင်းချင်း ရိုက်ခတ်တဲ့အသံ တချွမ်းချွမ်း မြည်ဟည်းသွားတာကို တခြားသူတွေအားလုံးလည်း ကြားခဲ့ရပါတယ်။ ပြီးတော့ . . အဲဒီအသံကပဲ အားလုံးကို အားတက်စေခဲ့တာပါ။

သေပုံသေနည်းဟာ နောက်ထပ်ပုံစံတစ်မျိုးပြောင်းလို့ ခင်ဗျားဆီ ရုပ်ဖျက်ပြီး ရောက်လာတယ်။ အဲဒီတော့ . . ခင်ဗျားကလည်း မျှော်လင့်ချက်ကို ပုံစံတစ်မျိုးပြောင်းပြီး ဖတ်လတ်စ စာအုပ်ကြားထဲမှာ ညှပ်ထားလိုက်တာပေါ့ ၊ ဟုတ်လား။ ပြောရရင် . . .ကျောင်းကပွဲမှာ စင်ပေါ်တက်ပြီး ဖင်လှုပ်ပြရတဲ့မိန်းကလေးတွေလိုပါပဲ။ ကြာတော့လည်း လူတွေဟာ မေ့သွားကြတယ်။ တခြားသူတစ်ယောက်ရဲ့ဘဝထဲက အရေးကြီးတဲ့အဖြစ်အပျက်တွေဟာ တခြားသူတစ်ယောက်ရဲ့မှတ်ဥာဏ်ထဲကို စိမ့်ဝင်ပျံ့နှံ့ဖို့ဆိုတာ တကယ်တော့ မလွယ်ဘူး မဟုတ်လား။ ထားပါ။ အဲဒါကြောင့် . . .

အဖြူရောင်အမြှုပ်ဖွေးဖွေးတွေနဲ့အမည်းရောင်အဆိပ်ဆူးချွန်တွေထဲ တိုးဝှေ့ပြီး စိတ်သက်သာရာ ရလိုရငြားဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ပေါ့။ အဲဒီချုံနွယ်ပိတ်ပေါင်းတွေ ပြည့်နေတဲ့ ဒဏ္ဍာရီထဲ ခင်ဗျား ဝင်သွားခဲ့တာ။ ဒါပေမဲ့ ၊ ခြေဖဝါးကို ကျောက်စရစ်ခဲတွေ လာစူးတာက လွဲရင် တခြား ဘာမှ မရခဲ့ပါဘူး။ ခင်ဗျား ကိုယ်တိုင်လည်း လွတ်မြောက်မှုက လွဲရင် တခြား ဘာမှ မလိုချင်ခဲ့ပါဘူး။ ။

                                   မောင်ရေချမ်း


Monday, July 19, 2021

- ပြတိုက်ကြီးတစ်ခု -

ရေနံချောင်းရဲ့ ဖူးစာကုန်းမှာ

ပေါက်နေတဲ့တမာပင်တွေ ၊ အဲဒီအပေါ်ကနေ 

ကြည့်လိုက်ရင်တော့ ဧရာဝတီမြစ်ကြီးပေါ့

 "တစ်နေ့ သေရမှာကို သိတယ်

  ဒီလိုနည်းနဲ့ သေရမှာကိုတော့ မသိခဲ့ဘူး" တဲ့

လမ်းမထက်က မီးတုတ်များ

အကောင်းမြင်ဝါဒရဲ့ ညစာမှာ နှင်းဆီပွင့်တွေနဲ့

လူ့ဘဝဆိုတာ ခွေးစားသွားတဲ့ cracker

ကောင်းကင်ပေါ်က မိုင်(၃ဝဝ) ကျော်ရှည်တဲ့ 

  လျှာကြီးတစ်ချောင်းဟာ မြေပြင်ပေါ်က 

       သွေးတွေကို လှမ်းယက်နေဆဲ

ဒီမှာ . . ဆင်းရဲခြင်းတွေ 

ရောဂါထူပြောမှုတွေ စစ်ပွဲတွေနဲ့

ကျနော့်ချစ်သူဟာ သူ ပျင်းလာတဲ့ နေ့က

ကျနော့်ကို ဖန်ပုလင်းထဲမှာ ပိတ်ထည့်ထားခဲ့တယ်

အဲဒီဖန်ပုလင်းထဲကနေ လှမ်းကြည့်တဲ့အခါမှ

"ကိုးခန်းပျို့"နဲ့ "ပါရမီတော်ခန်းပျို့" ဟာ

အသက် (၂၂) နှစ် ကွာတဲ့အကြောင်း 

                 တွေ့လိုက်ရတယ်။ ။

                         မောင်ရေချမ်း

Sunday, July 18, 2021

သွဲ့ဒီနွယ်နဲ့ စကားပြောခြင်း

 (၁) တခြားစာပေပုံစံတွေ အများကြီး ရှိတဲ့ အထဲကမှ ကဗျာကို ဘာလို့ ရေးတာလဲ။ ဘာလို့ ရွေးခဲ့တာလဲ။

  ____တခြားစာပေပုံစံတွေအများထဲကနေ ‘ကဗျာ’ကို ‌ရွေးချယ်ရတာကတော့ ‘အဆုံးမဲ့ကျယ်ပြောခြင်း'ကို နှစ်သက်လို့ပါပဲလို့ ဖြေရမယ်။ ‘ကဗျာ'တစ်ပုဒ်အဆုံးမသတ်တာကို ပြောတာမဟုတ်ဘူး။ ‘ကဗျာ’နယ်နိမိတ် အဆုံးမဲ့တာကို ရည်ညွှန်းတာပါ။ မရပ်တန့်နေတဲ့ ‘ကဗျာ’အရွေ့တွေပေါ့။ ‘ကဗျာ’ပြုလုပ်သူတွေရဲ့ ‘force’တွေပေါ့။ ‘ကဗျာ’ဟာ ခေတ်တစ်ခုပြီးတစ်ခု ပြောင်းလဲစီးဆင်းနေတယ်။ သမိုင်းတစ်ခုပြီးတစ်ခု မပြတ်ဖြတ်သန်းနေတယ်။ ဒါဟာ ‘ကဗျာ’ရဲ့ ဘယ်သူ့မှ ဂရုမစိုက်တဲ့ ‌အန်ထုတ်မှုကြီးပဲ။ ‘ကဗျာ’ဂြိုဟ်တစ်ခုကနေ နောက် ‘ကဗျာ’ဂြိုဟ်တစ်ခုဆီ အမြဲမပြတ် ခုန်ကူးနေတာ ၊ spark ပွင့်နေတာ ၊ Connecting ခုတ်နေတာ ၊ အဲဒီလိုပေါ့ ။ ‘အဆုံးမဲ့ကျယ်ပြောခြင်း’ထဲ ပင်နယံတွေချိတ်ပြီး သွားနေတဲ့ ‘ကဗျာ’ရဲ့  ‘ကဗျာ့စက်ြာ’ပေါ့။ အဲဒီ ‘ကဗျာ’ရဲ့ အဆုံးမဲ့မှုတွေဟာ ကိုယ့်ကို ဖိတ်ခေါ်နေတာ ၊  ဖိတ်ခေါ်နေတာက ဝတ်ကျေတန်းကျေမဟုတ်ဘူး ၊ တကယ့် နှစ်နှစ်ကာကာ တဗွမ်းဗွမ်းနဲ့ သွေးဆူလာတဲ့ပုံစံမျိုးနဲ့ပေါ့ ၊ “ဟေ့ကောင် - ဒီ မီးတောင်ဝ‌ထဲ ခုန်ဆင်းစမ်း”ဆိုတဲ့ အမိန့်သံမျိုးနဲ့ ဖိတ်ခေါ်နေတာ ၊ ဆိုတော့ ‘ကဗျာ’ရဲ့ အဆုံးမဲ့မှုကို နှစ်သက်လို့ ကိုယ်ကလည်း ‘အဆုံးမဲ့ခြင်းတရား’ကို သဘောကျလို့ ‘ကဗျာ’ကိုရွေးချယ်မိတယ်လို့ပြောချင်လည်း ‌ပြောပေါ့။ ‘ကဗျာ’က ရွေးချယ်လိုက်တယ်လို့ပဲ ပြောချင်ပြောပေါ့။ အဓိက,က ‘ကဗျာ’ ဆိုတဲ့ ဘာသာစကားနဲ့ ကိုယ်နဲ့ပူးကပ်နေဖို့ပဲလိုတယ်။ ‘ကဗျာဆိုတာပြည်သူ့အတွက်’ဆိုတဲ့ အမျိုးအစားထဲတော့ မထည့်ဘူး။ ‘ကဗျာ’ကို ပြည်သူအတွက်ရည်ရွယ်ပြီး‌ရေးတာရယ်လို့လည်းမရှိဘူး။ ဒီအတိုင်းကဗျာ့ဘာသာ ဖြစ်သွားတော့ ကိုယ်နဲ့မဆိုင်ဘူး။’ကဗျာ’နဲ့ပဲ ဆိုင်လိမ့်မယ်။ ကိုယ့်အနေနဲ့က ‘ကဗျာ’ဟာ ‘ကဗျာ’ရဲ့ ‘အဆုံးမဲ့ကျယ်ပြောခြင်း’ကိုပဲ ရည်ညွှန်းပါတယ်။ ရည်ညွှန်းရေးသားတာလားလို့တော့ မမေးနဲ့။ ဒါဟာ  အဆုံးမဲ့ကျယ်ပြောခြင်းရဲ့  ကဗျာအရေးအသားတွေပါပဲ။ ဒါ့ကြောင့် ‘ကဗျာ’ရေးတယ်။ ‘ကဗျာ’ကို ရေးတယ်။ ‘ကဗျာ’က ရေးတယ်။ 

( ၂ ) ကဗျာ စရေးဖြစ်ခဲ့တဲ့ အရွယ်က ဘယ်တုန်းကလဲ။ အဲဒီကာလနဲ့ ပတ်သတ်ပြီး အမှတ်တရ ဖြစ်ရပ်တွေ ရှိလား။

  ___ ကဗျာစရေးတာကတော့ အလယ်တန်းကျောင်းသား (၈တန်းနှစ်ဖြစ်လိမ့်မယ်)ဘဝထဲကပဲ။ ဒါပေမယ့် ‘ကဗျာ’အကြောင်းတော့ သေချာမသိသေးဘူးပေါ့။ ကိုယ့်အစ်ကိုက မောင်ချောနွယ်ရဲ့ ရထား ကဗျာရှည်စာအုပ်ယူလာတယ်။ အိမ်ရှေ့စာပွဲပေါ်တင်ထားတာ။ စာဖတ်ဝါသနာပါတော့ ကိုယ်လည်း တွေ့သမျှစာအုပ်ဖတ်တာပေါ့။ ရသစာပေတွေထဲမှာတော့ အချစ်ဝတ္ထုစာအုပ်တွေတော့မဖတ်ဘူးဗျ။ ကိုယ်မကြိုက်ဘူး။ ဘဝသရုပ်ဖော်ဝတ္ထုတွေပဲ ဖတ်တယ်။ ‌အဲဒီမှာ မောင်ချောနွယ်ရဲ့ စာအုပ်ကို လှန်လိုက်တော့ ' လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ကျော်က ဂျာမန်ကဗျာဆရာ ဂွမ်ထည် ဖွဲ့ဆိုခဲ့သော ကမ္ဘာ့အအိုအမင်း အဟောင်းကြီးကိုပဲ ကဗျာဖွဲ့ပါတယ်။ သူနဲ့ မလုံလောက်ဘူးထင်လို့ ‘ဆိုတော့ သေရောလေ။ သတိထားမိတာက ‘လွန်ခဲ့သော နှစ်ပေါင်း ၁၅၀’ ၊ ‘ဂျာမန်ကဗျာဆရာ’၊ ‘ဂွမ်ထည်’ ၊ ‘ကမ္ဘာ့အအိုအမင်း အဟောင်း’ ၊ သူနဲ့မလုံလောက်ဘူးဆိုတော့ ဘာတွေလဲပေါ့။ ဆက်လှန်တော့ ‘ဖြောင့်ထားသောအချက်အလက်’ တဲ့။ ကိုယ်က ‘ဖြောင့်ချက်’ပဲ သိတာလေ။ ဖြောင့်ထားသောအချက်အလက်ဆိုတော့ သေချာသလောက်က ပြန်လည်လျှောက်လဲချက်ပြုထားတဲ့ စကားတွေပဲ ဖြစ်ရမယ်လို့ ထင်ခဲ့တယ်။ နောက် ' ကျနော့်ဘဝရဲ့ ရွှေသားသံယောဇဉ်ဟာ အဲဒါဖြစ်ခဲ့တယ်။ အဲဒါဟာ ကဗျာပါ’တဲ့ ဆိုရော ကိုယ်လည်း မနေနိုင်တော့ဘူး။ အဲဒီတုန်းက ‘ကဗျာဆိုတာဘာလဲ’မသိသေးဘူး။ ခုလည်းအဆုံးမဲ့မှုထဲ ကူးခက်နေဆဲပါပဲ။ ဒါပေမယ့် အဲဒီတုန်းက ‘ကဗျာ’မရေးခဲ့ဘူး။ အဲဒီတုန်းကရေးတာက ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားဘွဲ့ကို လိုက်တုပြီးရေးထားတဲ့ ‘ဟာ’တွေ။ နောက် ရှင်မဟာရဌသာရကို တုတယ်။ ‘ရတု’ ၊ ‘လင်္ကာ’တွေပေါ့။ ဒါက ‘ကဗျာ’ စတင်လှုပ်ခက်လာတဲ့ အချိန်လို့ပြောရမယ်။ အမှန်တကယ်စရေးတာက တက္ကသိုလ်ရောက်မှ (ပြည်နည်းပညာတက္ကသိုလ်) ၊ အဲဒီတုန်းကအခေါ် 1T repeater နှစ်ပေါ့။ ကျောင်း‌မှာ နွေဦးလေတို့ဦးစီးပြီး PTU – cartoon box လုပ်ကြတယ်။ နွေဦးလေဆိုတာ ကဗျာဆရာသစ်ခက်အိမ်နဲ့ ဝေ(စီးပွားရေးတက္ကသိုလ်)တို့ရဲ့ သား၊ အခု The Voice Myanmar Season 3မှာ winner ဖြစ်သွားတဲ့ N Oo L။ သူတို့နဲ့ ကာတွန်းဘောက်စ်လုပ်ရင်း ‘ကဗျာ’ရေးဖြစ်လာတာပဲ။ သူကပဲ က‌ဗျာတွေအကြောင်းပြောပြ ၊ ဖတ်သင့်တဲ့ စာအုပ်တွေ ရွေးပေးရင်း ကဗျာထဲရောက်လာတာပဲ ၊ ခုတော့ သူကဗျာမရေးဘဲ သီချင်းဆိုနေလေရဲ့။ အဲဒီတုန်းက ကလောင်က မောင်ထက်နွယ် ( မောင်ချောနွယ် ) ဩဇာမသေသေးတာလည်းပါမယ်။ ကျောင်းမှာ ကျောင်းသားလုလင်စာစဉ် ၁ နဲ့ ၂ ထုတ်ခဲ့တယ်။  အဲဒီကလောင်နဲ့ ငြိမ်းချမ်းရေးကဗျာ(၁၀၀)စာအုပ်၊ သျှရီကဗျာရပ်ဝန်း စာအုပ်တွေ ထုတ်ခဲ့ဖူးတယ်။ နောက်မှ သွဲ့ဒီနွယ် ဖြစ်လာတာပါ။  

( ၃ ) ကဗျာနဲ့ ပတ်သတ်လို့ ခင်ဗျားအပေါ် လွှမ်းမိုးခဲ့တဲ့ကဗျာတွေနဲ့ လူပုဂ္ဂိုလ်တွေအကြောင်းလည်း ပြောပါဦး။

 ___ ရှည်ရှည်ဝေးဝေးမရှိပါဘူး။ ‘မောင်ချောနွယ်’ပါပဲ။ အဲဒီတုန်းက ကဗျာတွေအားလုံးနီးပါး မောင်ချောနွယ် ဟန်တွေချည်းပဲ။ ခုမှ မဆိုသလောက်လေး ပြောင်းလာတယ်ပြောရမယ်။  နောက်တစ်ယောက်က ‘အောင်ချိမ့်’၊ ‘သုမောင်’၊ သုမောင်ရဲ့ ကဗျာစာအုပ်ဖတ်ဖူးကြလားတော့မသိဘူး။ ‘သုမောင်ကဗျာကောင် ၊ ကဗျာကောင်သုမောင်’ဆိုတဲ့စာအုပ် ၊ အဲဒီထဲမှာ ကိုယ်အကြိုက်ဆုံး ကဗျာတစ်ပုဒ်ရှိတယ်။

 ' အို နှင်းဆီ’  

အတန်းထဲမှာ ဇီးငံစေ့ ခိုးစားနေသောအခါ 

နှင်းဆီကို ငါမသိပါ။ 

နှင်းဆီကို ငါသတိထားမိသောအခါ

 ‘ဘားမားစကား’သို့ ကဗျာဆယ်ပုဒ် ပို့ခဲ့သည်။

 သူ့ဆံပင်မှာ နှင်းဆီတစ်ပွင့်တွေ့သောအခါ

 ‘နီနီဝင်း’ကို အရင်ကလို စကားမပြောရဲဘဲ ရှက်နေခဲ့ရသည်။

 ငါကိုယ်တိုင် ‘မမိုးငြိမ်း’၏ ဆံပင်၌ 

နှင်းဆီတစ်ပွင့် စိုက်ပေးလိုက်ရသောအခါ

ငါတို့သည် ချစ်သူများ ဖြစ်နေကြပြီ။

မနေ့က သမီးပူဆာသဖြင့်

နှင်းဆီပန်းဖိုး ငါးမတ်ပေးလိုက်ရသည်။

မူလတန်းတုန်းက ငါ၏ ဆရာမကြီး ဆုံးပါးသည်တဲ့။

နှင်းဆီပန်းတွေဖြင့် ပြုလုက်ထားသော ပန်းခွေတစ်ခွေ ပို့ဦးမှ။

(ဒါပါပဲ)

( ၄ ) ခင်ဗျားရဲ့နေ့စဉ်ဘဝမှာ ကဗျာက ဘယ်လောက်ရာခိုင်နှုန်းလောက် ပါဝင်နေလဲ။

 ____ အရမ်းအလုပ်ရှုပ်နေတဲ့အခါမျိုးမှာတော့ ကဗျာမရေးနိုင်တာတွေရှိတယ်။ ရေးမရတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကဗျာဖတ်တာကိုတော့ တစ်နေ့ တစ်ပုဒ် ရအောင်ဖတ်ဖြစ်ပါတယ်။ အလုပ်ရှုပ်နေရာကနေ ခဏ အနားယူတဲ့ အချိန်မှာ ကဗျာတစ်ပုဒ် မရ,ရအောင် ဖတ်ပါတယ်။ ပြောနိုင်တာက မနက်အိပ်ရာထတာနဲ့ ‘ကဗျာ’ဟာ ခေါင်းထဲ ရောက်လာတာပါပဲ။ ကဗျာစာကြောင်းနည်းနည်း၊ ကဗျာအာရုံခံစားမှုနည်းနည်း၊ ကဗျာ‌အကြောင်း ဆင်ခြင်သုံးသပ်မှုနည်းနည်း လုပ်ဖြစ်ပါတယ်။ အချိန်ရတဲ့အခါမျိုးဆိုရင်တော့ များများလုပ်ဖြစ်တာပေါ့။ ချုပ်ရရင် နေ့စဉ်ဘဝမှာ ကဗျာဟာ အချိန်ပြည့် ကိုယ့်ကို သိမ်းပိုက်နေတာပါပဲ။ ကိုယ်ကသာ ကဗျာကို ချမပြနိုင်တာပါ။ ချပြနိုင်တဲ့နေ့ဆို ကိုယ်ပျော်ရွှင်ရပါတယ်။

(၅) ခင်ဗျား အခုရေးနေတဲ့ ကဗျာတွေက နောက်ထပ် . . .ထပ်ရေးမယ့်အနာဂတ်ကဗျာတွေအပေါ် ဘယ်လို အကျိုးသက်ရောက်စေလဲ။

 ____ ကဗျာရဲ့ အဆုံးမဲ့မှုအရ ကိုယ့်အနေနဲ့ အဲဒီ မေးခွန်းကို ဖြေရမယ်ဆိုရင် ခင်ဗျားတို့ ကိုယ့်ကဗျာကို ဘယ်လိုမြင်လဲ။ ခင်ဗျားတို့မြင်တဲ့အတိုင်းသာ တည့်တည့်ရှုကြပါ။ ကိုယ်ကတော့ အဆုံးမဲ့ကျယ်ပြော လွတ်လပ်ဟင်းလင်းပြင် အလွတ်တွေကို ကြိုက်လို့ ကဗျာရဲ့ သက်ရောက်ခြင်းကို ထည့်မစဉ်းစားတော့ဘူး။

(၆) ကဗျာမရေးဘဲ နေနိုင်မယ်လို့ ထင်လား။ ဥပမာ အနည်းဆုံး တစ်လ ၊ နှစ်လကနေ (၁) နှစ် ၊ ( ၂) နှစ်လောက်ဖြစ်ဖြစ်ပေါ့။

 ___ တစ်ပတ်တောင်မခံပါဘူး။

(၇) နေ့တိုင်း ကဗျာရေးဖို့ ကြိုးစားလား။ အဲဒီလို ရေးဖို့ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ဖြစ်လဲ။

____  နေ့တိုင်းကြိုးစားတယ်။ ကဗျာက ကိုယ့်နားရောက်နေပေမယ့် ကိုယ်က မသိလိုက်တာမျိုးတွေလည်းရှိတယ်။  သိတဲ့အချိန်မှာ အဲဒါကို ရေးတယ်။ မသိပဲပျောက်ကွယ်သွားရင်‌တော့ မသိတော့ဘူးပေါ့။  ကဗျာရေးဖို့ ပြင်ဆင်မှုကတော့ ဝတ္ထုဖတ်တယ်။ ကဗျာဖတ်‌တယ်။ ကဗျာဆိုင်ရာဆောင်းပါ‌ေတွဖတ်တယ်။ ဖီလော်ဆော်ဖီတွေဖတ်တယ်။  ရုပ်ရှင်ကြည့်တယ်။ ဩဂက်စတြာနားထောင်တယ်။ မြန်မာ့ဆိုင်းဝိုင်းနားထောင်တယ်။ သီချင်းနားထောင်တယ်။ ပန်းချီကားကြည့်တယ်။ အဲဒါကတော့ ‌‌စိတ်ကို လှုပ်လိုက်တာပေါ့။ အနည်ထိုင်သွားတဲ့ ဘယ်အရာမျိုးနဲ့မဆို ကိုယ်ကဗျာရေးပါတယ်။ အဓိက,က ပန်းချီနဲ့အနည်ထိုင်တာများတယ်။ ဘယ်ပန်းချီကားအမျိုးအစားမဆိုနဲ့ ကိုယ်ဝင်နေထိုင်လို့ရတယ်။ ဆာဗာဒါ ဒလီရဲ့ ဆာရီရယ်လစ်ဇင် ပန်းချီကားတွေကတော့ အနည်းထိုင်ပြီး ပုပ်သိုးသွားလောက်အောင်ကို ကိုယ်သေပစ်လိုက်တယ်။

(၈) “နတ္ထိ” ဆိုတဲ့ စကားလုံးကိုများ တော်တော် ခံတွင်းတွေ့မိတာလား။ ဘာလို့လဲ ခင်ဗျားရေးတဲ့ အရေးအသားတော်တော်များများမှာ တွေ့မိလို့ပါ။ တခြား ဘယ်စကားလုံးတွေနဲ့ရော အဲဒါကို ပေါင်းစပ်ပြီး သုံးဖို့ အာသီသရှိနေသေးလဲ။

____  ‘နတ္ထိ’ ...  မရှိ။  ကွက်လပ်၊ လွတ်လပ်၊ ကျယ်ပြော၊ ဟင်းလင်းပြင် ၊ မျောလွင့်မှု ၊ တစုံတရာ မရှိ။ ကဗျာကို ကိုင်ပြီး လွှင့်ပစ်လိုက်ဗျာ။ ဘယ်ရောက်သွားမှာလဲ ဂရုမစိုက်နဲ့။ ခင်ဗျားနဲ့ မဆိုင်ဘူး။ လိုက်ရှာမနေနဲ့ ။ ခင်ဗျားဆိုတာ တကယ်မရှိဘူး။ ဒါကြောင့် ခင်ဗျားကဗျာဟာ ဘာလဲဆိုတာ စိတ်မဝင်စားနဲ့။ အဲဒါ နတ္ထိပဲ။ ဥပမာ - မြင်းတစ်ကောင်ရဲ့ နတ္ထိ ၊ နှင်းဆီပန်းပွင့်ရဲ့ နတ္ထိ၊ ကဗျာရဲ့ နတ္ထိ၊ နတ္ထိရဲ့ နတ္ထိကိုတောင် လိုက်တွေးတောမနေနဲ့၊ ကိုယ်ဟာ နတ္ထိပဲ။

(၉) ဘယ်လိုစာအုပ်မျိုးတွေ ဖတ်ရတာ သဘောကျလဲ ။ စွဲစွဲထင်ထင် ဖတ်ခဲ့တဲ့ စာအုပ် (၃) အုပ်လောက်အကြောင်းပြောပြပေးပါဦး။ 

____ စွဲစွဲထင်ထင်တော့ မရှိဘူး။ အခု ကြိုက်နေတာက ကာ့ဖ်ကာ၊ ယန်းပေါဆာထ်၊ အာရင်ဘက်တို့ရဲ့  ဘာသာပြန်စာအုပ်တွေပေါ့။ နောက်ကျ တစ်မျိုးပြောင်းချင်ပြောင်းသွားနိုင်တာပဲ။ 

(၁ဝ) “လွတ်လပ်ခြင်း”နဲ့ “တရားမျှတခြင်း” ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု(ဒါမှမဟုတ်) တစ်ခုမက ပြောပါဦး။

_____ ဘယ်နိုင်ငံမှာမှ မရှိတဲ့ စကားလုံး‌သက်သက် လုပ်ကြံလိမ်ညာလှည့်ဖြားထားတာ ပါပဲ။  လွတ်လပ်ခြင်းတစ်ခုပေါ်လာရင် နောက်ထပ် လွတ်လပ်ခြင်းကို တောင်းဆိုကြလိမ့်မယ်။ တရားမျှတခြင်း တစ်ခုပေါ်လာရင် နောက်ထပ်တရားမျှတခြင်းကို တောင်းဆိုကြလိမ့်မယ်။ 

(၁၁)  ကဗျာမရေးခင်မှာ ၊ ရေးနေတုန်းမှာ ပေါ်လာတတ်တဲ့ အခက်အခဲတွေ ကြုံဖူးလား အဲဒါ ဘာတွေဖြစ်မလဲ။

____ ကဗျာထဲ'အတ္တ' ဝင်ရောက်သွားမှာကိုပဲ ကြောက်တယ်။ ကဗျာဟာ ‘နတ္ထိ’ပဲလေ။ 

(၁၂) နောက် (၇) ရက်လောက်နေရင် အတိအကျ သေရတော့မယ် လို့များ ကြိုသိမယ် ဆိုရင် အဲဒါ မတိုင်ခင် ဘာတွေ လုပ်ခဲ့မလဲ။

______ကိုယ်ဘယ်ရောက်နေသလဲ‌အပေါ် မူတည်ပါလိမ့်မယ်။ ခုဆိုရင်တော့ အိမ်မှာပဲ တရားနာ‌‌နေမှာပေါ့။

(၁၃) ရမ်နဲ့ဝီစကီ ဆိုရင် ဘာကို ရွေးချယ်မလဲ ။ 

____  အစွဲအလမ်း မရှိပါဘူး။

အိပ်တော့မယ် 

အိပ်ပေါ့


မေးသူ - မောင်ရေချမ်း

ဖြေသူ - သွဲ့ဒီနွယ်


PlugX နဲ့ စကားပြောခြင်း

 (၁) တခြားစာပေပုံစံတွေ အများကြီး ရှိတဲ့ အထဲကမှ ကဗျာကို ဘာလို့ ရေးတာလဲ။ ဘာလို့ ရွေးခဲ့တာလဲ။

____ ကဗျာနဲ့ လူနဲ့ သဟဇာတဖြစ်လို့။ ‌ကဗျာဆရာဖြစ်ချင်လို့၊ ကဗျာရေးရ၊ ကဗျာအလုပ်လုပ်ရတာကိုက ဖလသမာပတ်၀င်စားနေရသလိုဖြစ်နေလို့ ။ ကဗျာဖတ်ရတာ ပျော်လို့၊ ကဗျာ‌‌ရေးပြီး မျောသွားရတာကြိုက်လို့။

ကဗျာပြီးသွားတဲ့ အချိန်မှာရတဲ့ အရာတစ်ခုခုကို စွဲလန်းလို့။ ကျနော်ရွေးတာတော့မဟုတ်ဘူး။

သူ့ဟာသူ ဖြစ်သွားတာ ကျနော့်ဆီရောက်လာတာ၊ ကျနော်က လက်ခံလိုက်တာ ။ ဒီလောက်ပဲနေမှာပါ။ ကဗျာဆရာဖြစ်ဖို့ ကျနော်ကြိုးစားမည်။ကြိုးစားသည်၊ ကြိုးစားဆဲ‌ပေါ့! ဟားဟား။

( ၂ ) ကဗျာ စရေးဖြစ်ခဲ့တဲ့ အရွယ်က ဘယ်တုန်းကလဲ။ အဲဒီကာလနဲ့ ပတ်သတ်ပြီး အမှတ်တရ ဖြစ်ရပ်တွေ ရှိလား။

____  ကဗျာစရေးတာ ကိုးတန်း။ ကိုးတန်းမှာ ကဗျာပြိုင်ပွဲတစ်ခု ၀င်ရေးတာဗျ။ ဘ၀မှာသူငယ်တန်းကစလို့ဆုရဖူးတာဆိုလို့ အဲ့ကဗျာပြိုင်ပွဲမှာ လေးလုံးစပ်နဲ့ရဖူးတာပဲ။

အဲ့ဒီနောက် ‌ဆယ်တန်းပြီးလောက်မှာစပြီး ကဗျာကို ဇောက်ချရေးနေပြီ။ အဲ့ဒီကာလက ဟိုမရောက်ဒီမရောက် ကာလကြီး။ Online/Print ပြဿနာတွေမစခင်ကာလ။ 

တစ်နေ့တစ်ပုဒ်ရေးမယ်ဆိုတာမျိုးတွေးပြီး A4တွေလုံး

လိုက်ချေလိုက်ရေးလိုက်။ ဘာမှမဖြစ်လာခဲ့တဲ့ ကဗျာတွေပေါ့ဗျာ။ အဓိက အားနည်းတာက တစ်ယောက်တည်း ရေးနေတာပဲ ၊ အသိုက်အ၀န်းမရှိဘာမရှိ။ ပြောမယ့်သူ မရှိဆိုမယ့်သူမရှ်ိ ၊ပလက်ဖောင်းမရှိ။ 

ရေးပြီးသမျှကို Youthကိုထိုင်ပို့တယ်၊ ရုပ်ရှင်တေးကဗျာ

ကို‌ပို့တယ် ၊ကလျာ၊ ရတီကိုပို့တယ် ။ ဘယ်မှာမှ မပါခဲ့ဘူးဗျာ။ ကျနော့်ကဗျာတွေညံ့ပုံက။ စာတိုက်ကိုတစ်ပတ်တစ်ခါရောက်အောင်ကိုပို့ခဲ့ဖူးဝာာ။ 

အဲ့ဒီကာလက Youth မှာတော်တော်ကိုပါချင်တာ။ ဘာလိုမှန်းမသိပါဘူး။ ဟိုမဂ္ဂဇင်းကြီးတွေကတော့ သူ့အထာနဲ့

သူတွေဆိုတော့ ကိုယ်မပါတာဘာမှ မဆန်းပေမယ့်

Youthမှာ မပါတာကို တော်တော်ကြီးဖီးလ်ခဲ့တာ။

ထားပါတော့အဲ့ဒီနောက်တော့ ကျောင်းတွေဘာတွေတက်၊

ကဗျာစာအုပ်(ပန်းဖလက်တွေ)လုပ်။ တစ်နှစ်ကို နှစ်အုပ်

ပုံမှန်လုပ်ဖြစ်ခဲ့တယ်။ အဓိကက အဲ့မာ လူညီသွားပြီ

ကဗျာရေးတတ်ဖတ်တတ်တဲ့ကောင်တွေရခဲ့ပြီ။ နောက်

မြို့ခံကဗျာဆရာတွေနဲ့ သိလာကျွမ်းလာခဲ့ရ၊ သူတို့ဆီက

အတုယူစရာယူ၊ ကဗျာကို ပိုပြီးနက်နက်ရှိုင်းရှိုင်း အရင်ထက်သိလို့လာခဲ့ရတယ်။ အနောက်လေလို့ခေါ်တဲ့ ကဗျာ အဖွဲ့။ အဲ့ကအစ်ကိုတွေဆီက သိမြင်ကြားခဲ့ရတာတွေ

က ကျနော့်ကိုကဗျာနဲ့ပိုနီးကပ်လာစေတာပေါ့။

သိပ်မကြာပါဘူး ကျနော့်ကဗျာတစ်ပုဒ်စ နှစ်ပုဒ်စ Printedဖြစ်လာတယ်။ ကလောင်တစ်မျိုးနဲ့။( အခုဆို ကလောင် ၃ခုတောင်ပြောင်းခဲ့ပြီးပြီ)နောက်ကျနော် နောက်ဆုံးနှစ်ကျ တစ်ကိုယ်တော်ပန်းဖလက်တွေ ဘာတွေ ထ လုပ်လိုက်သေးတယ်။

ပြောရရင်တော်တော်ရူးတယ်ပေါ့ဗျာ ‌။ ကျောင်းသားဘ၀က ကောင်တွေပြန်တွေလို့ ဒီကောင်ခုဘာဖြစ်နေလဲ

လို့တစ်‌ယောက်ယောက်ကကျနော့်အကြောင်းမေးရင် ကဗျာဆရာဖြစ်နေတယ်ကွ လို့ တစ်ယောက်က‌ပြန်ဖြေလိုက်မယ်။ အေး  ဒီကောင်ဒါပဲဖြစ်မှာပေါ့ကွ လို့ မေးတဲ့တစ်ယေက်ကပြန်ပြောလိမ့်မယ်။ အဲ့ဒါကျနော်ပါပဲ။

ဘယ်နေရာမှ ဘာမှမဖြစ်နေဘူးဆိုရင်တောင် ကဗျာတော့ ရေးနေလိမ့်မယ်လို့ မှတ်မိခံရတဲ့ကောင်ပေါ့ 

နောက်ကျနော်ကဗျာနဲ့ ခဏခဏဝေးသလိုတွေဖြစ်ခဲ့တိုင်း အဲ့ဒီ အနောက်လေ က အစ်ကိုတွေဆူတာတွေကိုသတိရပါတယ်။ သူတို့အခုမရေးကြတော့ ကျနော်ပြန်ဆူချင်သေးတယ်။ 

(၃) အခု ဒီတော်လှန်ရေးမှာ  PlugX ဆိုတဲ့ ဒီကလောင်နာမည်နဲ့ ကဗျာတွေ ရေးဖြစ်ခဲ့တယ်နော် ၊ ကျနော် မှတ်မိနေတာတော့ PlugX နာမည်ကို အဲဒီမတိုင်မီက Underground Myanmar Poetry မှာ တစ်ခါ သုံးဖူးခဲ့တယ်ပေါ့။ ရွေးကောက်ပွဲကာလတုန်းက - ကဗျာတစ်ပုဒ်။ အဲဒီတော့ PlugX မွေးဖွားလာပုံလေးကို ပြောပါဦး။

____ PlugXက ခင်ဗျားစတဲ့ဝေဒနာပဲလို့ပြောရမလား။

 မပြောရင်ကောင်းမလား။ UGMP ကနေစပြောမယ်။

ကျနော်က Underground senseတွေတော်တော်ရှိတယ်။

Underground Mix Tape‌တွေ ကြိုက်လို့လား၊ UG Rapperတွေရဲ့ အချိုးတွေကိုကြိုက်လို့လားမသိ။ Underground ရဲ့ လွတ်လပ်မှု၊ ရှင်သန်ချင်စဖွယ်လေထု၊ ဘယ်သူ့ကိုမှ ထောက်ထားနေစရာမလိုဘဲ ကိုယ့်အရှိ

ကိုယ့်အစစ်အမှန်ကို ဖွင့်ချလို့ရတယ်။

Underground Myanmar Poetry မှာကဗျာရေးချင်တယ်။ ကိုယ့်ရဲ့လက်ရှိ ဖုံးကွယ်ထားတဲ့ အရာတွေကနေ

ပြေးထွက်ချင်တယ်။ ကျနော်ရဲ့အဲ့ဒီကာလက လုပ်နေရတဲ့ ဗျူရိုကရက်ဘ၀ရဲ့ မကျေလည်ခြင်းတွေကို UGMPကနေ ကဗျာရေးပြီးပြောတယ်။

ပထမဆုံးအပုဒ်မှာကျနော်စသုံးတဲ့ ကလောင်ပေ့ါ့ 

PlugX   . ..

ဒီကောင်ကဗိုင်းရပ်စ်နာမည် တရုတ်ဖြစ်ဗိုင်းရပ်စ်၊ Government Server တွေကို တိုက်တဲ့ခိုက်တဲ့ ဗိုင်းရပ်စ်၊ ကျနော်လည်းတိုက်ချင်နေတာ အဲ့ဒီGovernorတွေကို ၊ အဲ့တာနဲ့ကျနော် PlugX ဖြစ်လိုက်တယ်ပေါ့။

ဒီကာလမှာ PlugXဖြစ်တယ်ဆိုတာထက် 

ကျနော့်ကိုယ်ကျနော် ပြောင်းပစ်တဲ့သဘောပါ

နောက်လည်း PlugXဦးမှာပဲ။ ကျနော့်အရင်နာမည်က NRCထဲက နာမည်ကြီး ဆိုတော့ ကဗျာရေးတဲ့ ဆယ်စုနှစ်

တစ်ခုအတွင်း ကလောင်၃ ခုပြောင်းပြီးပြီပေါ့။

တချို့က အရင်နာမည်ကိုနှမြောကြတယ်။

ကျနော်ကတော့ အဲ့ဒီအရင်တစ်ယောက်ကို

သတ်ပစ်လိုက်ပြီ။

(၄) "ချစ်သောတော်လှန်ရေး" ဆိုတဲ့ e-bookလေး လုပ်ဖြစ်ခဲ့တဲ့အပေါ်ရော ဘယ်လောက်အတိုင်းအတာအထိ ကျေနပ်မှု ရှိခဲ့လဲ ။

____ အများကြီးကျေနပ်တယ်။ တစ်ဘ၀လုံးမှာ အကျေနပ်ဆုံးအရာပဲ။နောက်ရှိမရှိမသေချာဘူးမဟုတ်လား။

တစ်ဘ၀လုံး ကျနော်လုပ်ခဲ့သမျှထဲက 

အကျေနပ်ဆုံးတစ်ခုပဲ။

( ၅ ) ကဗျာနဲ့ ပတ်သတ်လို့ ခင်ဗျားအပေါ် လွှမ်းမိုးခဲ့တဲ့ကဗျာတွေနဲ့ လူပုဂ္ဂိုလ်တွေအကြောင်းလည်း ပြောပါဦး။

____ အဲဒီလိုမမေးနဲ့လေ ။ကျန်ခဲ့ရင်စိတ်ကောက်ကုန်မှာပေါ့။ ပထမဆုံး က (အစ်ကို)ကေမျိုးငြိမ်းပဲ။ကျနော့်နဲ့ဇာတိတူ

ခေတ်ပေါ်ကဗျာဆရာ။ သူ့ရဲ့ ကဗျာတစ်ပုဒ် က‌ စပြီး ခေတ်ပေါ်ကဗျာကို တောက်လျောက်‌ဖတ်ခဲ့မိတာ။

မှတ်မှတ်ရရ ငါးတန်းသာသာမှာ ဦးကေရဲ့" ဈာပန" ဆိုတဲ့ကဗျာ ရယ်စရာမဂ္ဂဇင်းမှာဖတ်လိုက်ရတယ်။

ကေမျိုးငြိမ်း ( ပခုက္ကူ ) ပေါ့။ ကလောင်မှာ မြို့နာမည် ပါတာကိုး။ ကိုယ်တွေလိုတောသာသာမြို့က‌ ကလေးတစ်ယောက်အနေနဲ့ ဟာ ငါ့မြို့နာမည်ကြီးပါတယ်။ငါ့မြို့က ကဗျာဆရာကွ ၊ ငါတို့မြို့ကဆိုတဲ့အစွဲကနေ စခဲ့တာပဲ။

ကဗျာကိုလည်း နှစ်ခါသုံးခါဖတ်တယ်။ကြိုက်သွားတယ်။

နောက် ကိုညီဇွန်ဆိုတာရှိသေးတယ် ။ အစ်မ၀မ်းကွဲကျောင်းက ကဗျာရေးတဲ့အစ်ကိုပဲ။ အစ်မဆီကနေ ပန်းဖလက်တွေရတော့ ဟာ ငါလည်းဒီလူကြီးလိုကျောင်းတက်ရင်ရေးမယ်ကွဆိုပြီး သူ့ကဗျာတွေစွဲတယ်။

အများကြီးပေါ့ဗျာ။ ဧရာအနောက်လေ တစ်အုပ်စုလုံး။ နောက် ဆရာအောင်ချိမ့်

 အသည်းစွဲကဗျာဆရာ(၁၁)

လက်ဖက်ရည်ခွက်တစ်သိန်းလောက် 

 ငါသောက်ခဲ့တာပေါ့ကမ္ဘာကြီး၊ 

ရဲကြီးခေါ်သစ္စာနီဆို ခွက် ၂သိန်းပြည့်ရှာရော့မယ်တို့။ ။ 

ဤတွင်ရွေ့ အသည်းစွဲကဗျာဆရာပြီးပါပြီ 

ဒန်ဒန့်ဒန်တို့ ညကြီးတရေးနိုးရင်တောင်ထယောင် ရအောင်စွဲတယ်။

နောက်  ‌‌ မောင်ချောနွယ်၊မောင်သိန်းဇော်၊ တာရာမင်းဝေ၊  ကျနော်တို့ ကျော်သွားလို့မရတဲ့အရာတွေလေ။

နောက်လှသန်း၊ သရုပ်ဆောင်ကောင်းတဲ့ နားရွက် အစုံနဲ့ ဝါရှင်တန်ကိုနားထောင်တယ်တို့ဘာတို့။

ကျနော့်ကို အချိန်တိုင်း မမေ့စေမှာကတော့ မောင်ဖီလာပဲ

ဘိုဟီးမီးယန်းများ။ မောင်ဖီလာနဲ့ ခိုင်မြဲကျော်စွာ  ကျနော်တော်တော်ကြီးမေ့မရဘူး။

ဘိုဟီးမီးယန်းများကို ရွတ်ရတဲ့ ဖီးလ်ကိုလည်းဘယ်တော့မှ ငြီးငွေ့မှာလည်းမဟုတ်ဘူး။

တော်တော်များများလွှမ်းမိုးတာခံရပါတယ်

တော်တော်များများကိုလည်းကြိုက်ပါတယ်။

( ၆ ) နေ့တိုင်း ကဗျာရေးဖို့ ကြိုးစားလား။ အဲဒီလို ရေးဖို့ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ဖြစ်လဲ။

____ အဲဒါကပြောရင်ရှည်ဦးမယ်။ ကျ‌နော်ကဗျာရေးတဲ့ ဆယ်သုံးနှစ်လောက်မှာ ၅နှစ်လောက်ကနေ့တိုင်းရေးဖို့ကြိုးစားတယ်။ ကျန်တဲ့၈နှစ်ကတစ်နှစ်နေလို့ ၇ပုဒ်တောင်

မသေချာဘူး။ ဘာမှ မပြင်ဆင်ပါဘူး။ စာရွက်နဲ့ဘောပင်၊ ကီးဘုတ်နဲ့ဖုန်း ၊လက်ပ်တော့နဲ့ကီးဘုတ် ထိဖို့ပဲလိုတာ။

( ၇ ) ခင်ဗျားရဲ့နေ့စဉ်ဘဝမှာ ကဗျာက ဘယ်လောက်ရာခိုင်နှုန်းလောက် ပါဝင်နေလဲ။

_____ ကျ‌နော်ပြောတဲ့ ၅နှစ်လောက် မှာ ၇၀%က ကဗျာပဲ 

(၈ )  ကဗျာမရေးခင်မှာ ၊ ရေးနေတုန်းမှာ ပေါ်လာတတ်တဲ့ အခက်အခဲတွေ ကြုံဖူးလား အဲဒါ ဘာတွေဖြစ်မလဲ။

____ မရေးခင်ကတော့ ရေးမလား၊ ‌မရေးဘူးလား တွေဝေနေတာ အခက်အခဲပဲ။ ရေးပြီးရင်ထပ်မစစ်ချင်၊ ထပ်မပြင်ချင်တာအခက်အခဲ။ကျနော်က ဘယ်အရာမှ ဇွဲမရှိတဲ့ကောင်၊ ကဗျာရေးရင်ဇွဲရှိတယ် ပြီးအောက်တစ်ထိုင်တည်းရေးတယ် တစ်ပုဒ်ကိုသုံးလေးနာရီကြာသည်အထိ ထိုင်ရေးပစ်ဖူးတယ်။ အေးပြီးသွားရင်လှည့်ကိုမကြည့်‌တော့ဘူး။ တင်စရာရှိတင်ပို့စရာရှိပို့။ နောက်ပိုင်းကိစ္စတွေသိပ်ပြီး မသိချင်တော့ဘူး။ 

အဲ့ဒီလိုတစ်ထိုင်တည်းမရေးတဲ့ကဗျာကလည်း တစ်သက်လုံးမပြီးတော့ဘူး။ ဘုရားဆင်းရေးခိုင်းတောင်မပြီးဘူး။

သေချာတယ်။

( ၉ ) “လွတ်လပ်ခြင်း”နဲ့ “တရားမျှတခြင်း” ဆိုတဲ့ စကားလုံးတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု(ဒါမှမဟုတ်) တစ်ခုမက ပြောပါဦး။

____  မပြောတော့ဘူး။ အဲ့ဒီအရာတွေပြန်ရတဲ့တစ်နေ့ ရှိကြဦးမယ်ဆိုရင်ပြောရအောင်

( ၁ဝ) အခုလို တော်လှန်ရေးကာလထဲ ကဗျာက ဘယ်လိုနေရာမှာ ရှိနေတယ်လို့ ထင်လဲ ။

____  အစကတော့ ဗျာ Art For No Sake ပဲ

လွန်လေပြီး‌‌ သောအဟောင်းကြီးနော်

အရင်ကဆို Art  For People Sakeချင်ရင် နိုင်ငံရေးသမားလုပ်လေ အဘိုးကြီးတွေ ပေါတယ်ဘာညညာခွီခဲ့တာ။

အခုတော့ မရတော့ဘူး။ကျနော်လည်းအဘိုးကြီးဖြစ်‌သွားတာလား စောက်ရူးတွေကြောင့်ပဲလားမသိ။

ကဗျာကိုတော်လှန်ရေးအတွက် ပိုပြီးဖိဖိစီးစီးရေးနေမိတယ်။ လူတေနဲ့ပိုနီးကပ်စေချင်လာမိတယ်။

(၁၁) "အမှောင်" ဆိုတဲ့ စကားလုံးကို တခြားဘယ်လိုစကားလုံးမျိုးတွေနဲ့ တွဲသုံးချင်လဲ၊ ဘယ်လိုစကားလုံးမျိုးတွေနဲ့ တွဲမသုံးချင်ဘူးလဲ။ ဘာလို့လဲ ။

____ အမှောင်ကား (အမှားကောင်) အမှောင်ည ၊

 အမှောင်‌ လောက။ တော်ပြီ ။ အမှောင်ခေတ်ကိုမသုံးချင်ဘူးဗျာ ။တကယ်တော်သင့်ပြီ။

(၁၂) ခင်ဗျားရေးတဲ့ ကဗျာတွေထဲမှာ သီချင်းတွေရဲ့အရိပ်တွေကို မြင်ရတယ်နော်။ ကိုယ်တိုင်ရေးဖြစ်တဲ့ သီချင်းတွေရော ရှိလား။

____ သီချင်းကြိုက်လို့ဗျ။သီချင်းကနေ ပြန်ကဗျာရေး 

အက်ဆေးရေးဖြစ်တာ။ သုံးလေးပုဒ်ရှိတယ်။ တစ်ပုဒ်က အမ်ပီဖိုးလေးနဲ့အသံသွင်းကြတာ။နောက်တစ်ပုဒ်က နယ်ကစတူဒီယိုမှာသွားသွင်းတာ။ အဲ့စတူဒီယိုက သီချင်းခွေက

တော့ ကိုယ့်ဟာကိုယ်မကြိုက်လို့ ရိုက်ခွဲပစ်လိုက်တာပဲ။

(၁၃) မနက်စာကို များသောအားဖြင့် ဘာတွေ စားဖြစ်လဲ။

____ ကျနော်မနက်စာမစားဘူး။အိပ်ရာထနောက်ကျလို့။


မေးသူ - မောင်ရေချမ်း

ဖြေသူ - PlugX

Saturday, July 17, 2021

အောင်သက်ဦးနဲ့ စကားပြောခြင်း

 ၁။ တခြားစာပေပုံစံတွေ အများကြီး ရှိတဲ့ အထဲကမှ ကဗျာကို ဘာလို့ ရေးတာလဲ။ ဘာလို့ ရွေးခဲ့တာလဲ။

___ ကျနော်ရွေးတာ မဟုတ်ဘူးဗျ။ သူဟာသူ မတော်တဆရောက်လာတာ။ ဒီလို ဖြစ်ရပ်မျိုး ကဗျာဆရာတိုင်း ဖြစ်ကြတာပဲလေ။ တခြားစာပေအမျိုးအစား တွေက ကျနော့်အတွက်တော့ ပျင်းဖို့ကောင်းတယ်ဗျ။ ကဗျာကတော့ အဲလိုမဟုတ်ဘူး။ မပျင်းရဘူးပေါ့ဗျာ။ ဒါဆို ပျော်လို့လားလို့မေးစရာ ရှိပြန်ရော။ ကျနော် ပျော်လည်း ပျော်တာမျိုးတော့ မဟုတ်ဘူး။ ကဗျာက ကျနော့်ကို တစ်ချိန်လုံး ငြင်းပယ်နေတာလေ။ ကဗျာက အောင်သက်ဦးကို အလိုမရှိဘူးပေါ့ဗျာ။ အဲဒါကိုပဲ ကြိုက်နှစ်သက်တာ ဖြစ်လိမ့်မယ်။ 

၂။ ကဗျာ စရေးဖြစ်ခဲ့တဲ့ အရွယ်က ဘယ်တုန်းကလဲ။ အဲဒီကာလနဲ့ ပတ်သတ်ပြီး အမှတ်တရ ဖြစ်ရပ်တွေ ရှိလား။

___ ဘယ်အချိန်က ကျနော် ကဗျာရေးနေတာလဲ ဆိုရင် ကျနော် မမှတ်မိဘူး။ ကဗျာကသာ ကျနော့်ကို ခိုး‌ကြောင်ခိုးဝှက် လိုက်ရေးနေတာ ဖြစ်မှာပေါ့။ ကဗျာဟာ သက်ရှိမျိုးကွဲတစ်ခုလို့ ခင်ဗျား မြင်နိုင်ရင်တော့ ကျနော်ပြောတာကို လက်ခံမှာပေါ့။ ဟုတ်တယ် ကဗျာက သက်ရှိဗျ။ အချိန်နဲ့ နေရာတွေကို ကျော်လွန်နေတဲ့ သက်ရှိပေါ့။ ကျနော် ဘယ်လို ကဗျာရေးဖြစ်သွားတယ်။ ကျနော်ဘယ်တုန်းက ကဗျာရေးဖြစ်သွားလဲ ကျနော့်ကိုယ်ကျနော်တောင်မသိဘူး။ တကယ်ပြောတာပါ။ ကျနော့်ကိုယ်ထဲမှာ ကဗျာ ဘယ်အချိန်ကတည်းက ရှိနေတာလဲ ဆိုတာ ကျနော် တကယ်မသိပါဘူး။

၃။ ကဗျာနဲ့ ပတ်သတ်လို့ ခင်ဗျားအပေါ် လွှမ်းမိုးခဲ့တဲ့ကဗျာတွေနဲ့ လူပုဂ္ဂိုလ်တွေအကြောင်းလည်း ပြောပါဦး။

____ က‌ဗျာနဲ့ပတ်သတ်ပြီး လူပုဂ္ဂိုလ်ထဲကဆိုရင် အကြိုက်ဆုံးက မောင်ချောနွယ်ပဲ။ စတိတ်ကျောင်းမှာ တုန်းက ကျနော် ကဗျာကို မကြိုက်ဘူးဗျ။ စိတ်ပျက်မိတာ အမှန်ပဲ။ အဲဒီဂန္ထဝင် ကဗျာတွေကို စိတ်အပျက်ဆုံးပဲ။ အဖေက လည်း ကဗျာဆရာဆိုတော့ အိမ်မှာ အဲဒီအချိန်က ပင်လယ်လို ဟန်သစ်လို စသဖြင့် မဂ္ဂဇင်းတွေအများကြီးရှိတယ်။ ဒါပေမယ့် တစ်ခါမှ လှန်မကြည့်ဘူး။ ကျောင်းမှာ သင်ရတဲ့ မြန်မာစာကို ငြီးငွေ့တာကြောင့်လည်းပါတယ်။ မြန်မာစာဆို ဖတ်ကို မကြည့်ချင်လောက်အောင် စိတ်ပျက်တယ်။ စာပေဆို စိတ်ပျက်နေတာပေါ့ဗျာ။ ကျနော်က သင်္ချာပဲကြိုက်တယ်။ ကျနော် တစ်ချိန်လုံး သင်လာရတဲ့ မြန်မာ ကဗျာတွေဟာ ကျ‌နော့်ကို စိတ်ပျက်ဖို့ကောင်းအောင် လွှမ်းမိုးခဲ့လို့လားမသိဘူးဗျ။ ကျနော် ကဗျာတွေစရလာတာ ဖြစ်နိုင်တယ်။ အဲဒီအချိန်က သန်းရွှေအောက်က မြန်မာစာသင်ရိုး အစုတ်ပလုတ်ကြီးဟာ ကျနော့်ကို ကဗျာတွေ မဆိုထားနဲ့ မြန်မာစာပေ တစ်ခုလုံးကိုတောင် စိတ်လေသွားစေတာလေ။ အဲဒီနောက်ပိုင်း ကျနော် ဆယ်တန်းအောင်တော့ ကံလေးနဲနဲကောင်းလာတယ်။ မောင်ချောနွယ်ကို သိလာတယ်။ ဇေယျာလင်းကို သိလာတယ်။ သင်ရိုးထဲမှာ မရှိတဲ့ (ဝါ) အာဏာရှင်စနစ်အောက်မှာပါ မရှိတဲ့ ကဗျာအများအပြားကို ကျနော် ဖတ်မိတယ်။ သူတို့ဟာ အာဏာရှင် စနစ်ဆိုးကြီးအောက်မှာ မြန်မာ ကဗျာကို ဖွံ့ဖြိုးတိုးတက်အောင် အသက်ပေးကြိုးပမ်းနေကြတဲ့ ကဗျာဆရာ များစွာကို ကျနော် သိလာတယ်။ နာမည်တွေက ကျနော် အများကြီး ထည့်မရေးချင်လို့ပါ။ အဲလိုနဲ့ သူတို့ကဗျာတွေ ကျနော် ထိုင်ဖတ်တယ်။ ခုချိန်ထိလည်း သူတို့ရဲ့ လွှမ်းမိုးမှုက ရှိနေတုန်းပါပဲ။ အဓိက အချက်ကတော့ ဒီအာဏာရှင် စနစ်ကပေးတဲ့ ပညာရေးနဲ့ အာဏာရှင်စနစ် ပြင်ပက ကဗျာတွေဟာ ကျနော့်ကို တစ်နည်းမဟုတ် တစ်နည်း လွှမ်းမိုးနေတာ ဖြစ်ပါတယ်။ ကဗျာဆိုတာ ဘယ်စနစ်အောက်မှာပဲဖြစ်ဖြစ် သီးခြား လွတ်မြောက်နေတာပါလား ဆိုတာကို ကျနော် ပိုသိလာတယ်။

၄။ 'လိပ်ပြာလှေ'တို့ ၊ 'မင်းမျက်ရည်ဟာ ကိုယ်ပါပဲ' တို့ အဲဒီလိုကဗျာစီးရီးလိုက်တွေ ရေးဖြစ်ခဲ့ပုံကရော . . .အဲဒီအကြောင်းပြောပါဦး။

___ လိပ်ပြာလှေရော မင်းမျက်ရည်ဟာကိုယ်ပါပဲရော အဲဒီနှစ်ခုလုံးက ကောက်ရဘာသာစကားဗျ။ သူ့ဟာသူရောက်လာတာ။ သူဘယ်သူလဲဆိုတာ ကျနော် သိချင်လို့ စီးရီးတွဲလိုက်တာဖြစ်မယ် ထင်တယ်။ ကျနော် မသိတဲ့ တစ်ယောက်က ကျနော့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကို ကျနော်က ဧည့်ခံသလိုပေါ့ဗျာ။ ဘယ်သူ့အတွက်မှ ရည်ရွယ်ပြီး ရေးတာ မဟုတ်ဘူးဗျ။ သူတို့က ကောက်ရဘာသာစကားတွေဖြစ်နေလို့။ ကျနော် ဖန်တီးပြုလုပ်ထားတာ မဟုတ်လို့ပဲ။ 

၅။ အခုလို တော်လှန်ရေးကာလထဲ ကဗျာက ဘယ်လိုနေရာမှာ ရှိနေတယ်လို့ ထင်လဲ ။

____ တော်လှန်ရေးရဲ့ ဝိညာဉ်ဟာ ကဗျာပဲ။ လူတွေက သတိမထားမိဘူး ဖြစ်နေလိမ့်မယ်။ ဘယ်တော့မှလည်း သိလာမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အကောင်အထည်ပြစရာ ဘာမှမရှိလို့ပဲ။ 

၆။ "ဟေ့ကောင် . . .မင်းလားကွ ၊ ကဗျာဆရာ" ဆိုပြီး ခင်ဗျားကို သတ်ချင်နေတဲ့သူတွေ ရှိမယ်လို့ရော မထင်မိဘူးလား။

___ မသိဘူးလေ။ ရှိချင်လည်း ရှိမှာပေါ့။ ကျနော်က ခဏ ခဏ အမှားတွေ ကျူးလွန်နေကျဆိုတော့ ဒါက ဖြစ်နိုင်ပါတယ်။

၇။ ခင်ဗျားရဲ့နေ့စဉ်ဘဝမှာ ကဗျာက ဘယ်လောက်ရာခိုင်နှုန်းလောက် ပါဝင်နေလဲ။

__ သုညရာခိုင်နှုန်းပါဝင်ပါတယ်။ နတ္ထိဖြစ်မှုကတစ်ဆင့် ကဗျာကလာနေတာဗျ။ အဲဒါကြောင့် သုညရာခိုင်နှုန်းလို့ပြောရပါလိမ့်မယ်။ ကျနော့်ကဗျာဆိုတာ ကျနော့် မဲ့မှု သုည ပါပဲ။ ကျနော် လိုချင်တာမဟုတ်ဘူးဗျ။ ကျနော် ကုန်ဆုံးချင်တာ။ ကျနော် ‌အေးအေးလူလူ သေဆုံးချင်တာ။

၈။ နေ့တိုင်း ကဗျာရေးဖို့ ကြိုးစားလား။ အဲဒီလို ရေးဖို့ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ဖြစ်လဲ။

___ ကြိုးစားတာပေါ့။ ကဗျာရဖို့ ကြိုးစားရတာပေါ့။ ဒါက လုပ်ငန်းသဘောပဲလေ။ ဘာသာစကား၊ အာရုံခံစားမှု၊ သဒ္ဒါစည်း၊ နိမိတ်ပုံ၊ စသည်ဖြင့်ပေါ့။ ဒါတွေက မခက်ခဲပေမယ့် ကဗျာဓာတ်ကတော့ ခက်ခဲတယ် ဆိုရမှာပဲ။ ကဗျာဓာတ်ရဖို့ ခက်တယ်‌ဗျ။ တစ်ခါတလေ တစ်နေ့လုံးနေလည်း ကဗျာဓာတ်ရချင်မှရတာ။ လုပ်ယူရင်တော့ ရတာပေါ့ဗျာ ။ ‌ကဗျာဓာတ်မပါတဲ့ ကဗျာတော့ ရမှာပေါ့။

၉။ ရုပ်မြင်သံကြားကနေသာ တစ်နိုင်ငံလုံးကို (၅) မိနစ်လောက် စကားပြောပေးပါ ဆိုရင် ဘာတွေ ပြောဖြစ်မလဲ။

___ အရင်ကဆိုရင် သမ္မတအိမ်မှာ စော်ဖိုက်ချင်တဲ့အကြောင်း ပြောမှာပေါ့။ အခုတော့ ဘာမှ မပြောချင်‌တော့ဘူး။ မအေလိုး မင်းအောင်လှိုင် လို့တောင် မပြောချင်တော့ဘူး။ ဒီကာလကြီးကို ဖော်ပြဖို့ ဘာသာစကား‌မရှိဘူး။ 

၁ဝ။ ခုနက သင်္ချာကြိုက်တယ်လို့ ပြောခဲ့တယ်နော်။ အဲဒီသင်္ချာကို သုံးပြီးတော့ရော ကဗျာတွေ ရေးဖြစ်ခဲ့လား။

___ မရေးဖြစ်ပါဘူး။ သင်္ချာကိုလည်း ကျနော် မေ့သွားတာပါပဲ။ 

၁၁။ ခင်ဗျား ရေးတဲ့ တချို့ကဗျာတွေက တိုတိုလေးတွေနော်။ ဘာလို့လဲ . . .စိတ်သိပ် မရှည်တာလား။

___ အွန်း …ဟုတ်တယ်

၁၂။ ခင်ဗျား သိထားတဲ့ ငရဲအကြောင်းပြောပါဦး။

___ ဟင့်အင်း ကျနော် သိထားတဲ့ ငရဲဆိုတာ မရှိတော့ဘူး။ အားလုံး သိသွားတဲ့ငရဲပဲ ရှိတော့တယ်။ အဲဒီမှာ မိုးတွေ ရွာနေတယ်။ အဲဒီမိုးတွေ အားလုံးကို သွေးနဲ့ လုပ်ထားတဲ့ တိမ်တွေက သယ်လာတာပဲ။ ဒူးဆစ်တောင် မဟုတ်ဘူး ၊ ခါးလည်လောက်ရောက်နေတဲ့ သွေးတွေကို လူတွေဟာ ကူးဖြတ်နေကြတယ် ၊ သူတို့မျက်နှာမှာလည်း မျက်ရည်တွေနဲ့ပေါ့။

၁၃။ အိပ်ခါနီးရော ဘုရားရှိခိုးဖြစ်လား။

  ___ကိုယ်လုံးတီးကြီးဖြစ်နေလို့ အဆင်မပြေဘူးလေ

တာ့တာ

တာ့တာ


မေးသူ - မောင်ရေချမ်း

ဖြေသူ - အောင်သက်ဦး

Friday, July 16, 2021

- ထပ်ကျော့တွေ ပျင်းသွားတဲ့အခါ -

 ခုန်ထွက်လိုက်တော့  သစ်ပင်တစ်ပင်ဖြစ်သွားတယ် 

ဒါပေမဲ့ . . .ငါ့ဆီက အဆိပ်ငွေ့နဲ့ မျက်ရည်

ဥယျာဉ်ထဲရောက်နေသူအားလုံး သေခဲ့ကြတယ်

ဒါ စက်ဝိုင်းပဲ တဲ့ 

ဘယ်ခွေးမသားက လှမ်းအော်ပြောတာတုန်း

ဘာလို့ နေ့တိုင်း သူတို့ ပြန်မလာတော့တာလဲ

အနက်ရောင်အလံနဲ့အိမ်တွေ

အနက်ရောင်ပိတ်စတွေနဲ့ အုပ်ထားတဲ့အခေါင်းတလားတွေ

ဆန့်ကျင်ဖို့ အဖြေရော သူတို့မှာ အထူးသဖြင့်

မီးသည် အစဉ်အတိုင်း ငြိမ်းသေသွားသောအခါ ထိုသို့ ငြိမ်းသေသွားသော မီး၏သွားရာကို မသိနိုင်သကဲ့သို့*

လီးပဲ ဖြစ်နေသမျှရေ . . .လို့ ဆဲရင်း

အလောင်းကို ပွေ့ထားရတာ ။ ။

                            မောင်ရေချမ်း

*ပါဋိလိဂါမိယဝဂ် -ဥဒါန်း

Monday, July 12, 2021

- စနေနေ့မှာ ဘုရားသခင်ကို သတ်ပစ်တာ ငါတို့ပဲ -


တနင်္ဂနွေနေ့ရောက်ရင် 

ဘုရားကျောင်းသွားစရာ မလိုတော့ဘူး ဟေ့

ဗုဒ္ဓဟူးနေ့ကတည်းက

ငါတို့ တော်တော်စောက်မြင်ကတ်နေတာ

ငါတို့ကို လှေမလွှတ်ခဲ့ဘူး

ခွေးမသားက ရှန်ပိန်သောက်နေတာ

ခွေးမသားက သူ့မယားငယ်ကို ချော့နေတာ

ငါတို့ဆီကို လှေရောက်လာခဲ့တယ်

ဒါပေမဲ့ . . .အဲဒါ သောကြာနေ့မှ

အဲဒီမတိုင်ခင် ကြာသပတေးတစ်နေ့လုံး

ငါတို့ လူတွေ တော်တော်များများကို ဆုံးရှုံးခဲ့ရတယ်

ဆုံးရှုံးခဲ့ရတယ် ဆိုတာ သေသွားတာ

ဒီလောကနေ အပြီးထွက်သွားတာကို ပြောတာ 

   သိလား သိရဲ့လား

အဲဒါကြောင့် အဲဒီခွေးမသားကိုပါ ငါတို့ သတ်လိုက်တယ်

ငါတို့ရန်သူတွေကို သတ်ရင်းနဲ့ပေါ့ ။ ။

                        မောင်ရေချမ်း

- ပညာရှိသော တော်လှန်ရေးသမား -



နာကျင်သူများ ကျွေးသော မုန့်ဖြင့် ရှင်၏

မိမိပေါက်တူးဖြင့် မြေကို ပေါက်ဆွ၏

ကိုယ်ချင်းစာတရားကို စိုက်ပျိုး၏

မခံချင်စိတ်မှတစ်ပါး အခြားဥစ္စာ တစိုးတစိ မရှိပေ

မိမိပေါက်တူးသည် အားကိုးရာဖြစ်၏

ထိုပေါက်တူးကို အလွန်နှစ်သက်မြတ်နိုး၏

အိမ်ပြန်ချင်စိတ်ဖြစ်သောအခါ ပေါက်တူးကို နမ်း၏

"ငါတို့သည် အောင်ရမည်

ငါတို့သည် အောင်ရမည်

ငါတို့သည် အောင်ရမည်"

ဟု သုံးကြိမ်သုံးဖန် ကြွေးကြော်

ဟစ်အော်ကာ နံနက်စောစောထ၏။


                        မောင်ရေချမ်း

မှီး - ကုဒါလပဏ္ဍိတဇာတ်


Sunday, July 11, 2021

- သေပုံသေနည်းဟာ သိပ်လှနေလို့လား -


ဘာကိစ္စ စောင့်ကြည့်နေသေးတာလဲ  မွှေးသောစမ်းချောင်းလေးရဲ့ရေမှာ ဓမ္မတေးတွေဟာ သွေးနဲ့ ပျံ့လွင့်နေလို့ စူးခနဲ "နာကျင်မှု"ကို ငြင်းဆန်မရဘူး ကလေးကစားကွင်းတွေ

နေရာမှာ ပုန်းကျင်းတွေ ပေါ်လာလို့ မည်းနက်နေတဲ့ သည်းမခံခြင်းတွေကို မီးရှူးမီးပန်းတွေလို ပစ်ဖောက်လိုက်ကြတာ

တံတားပေါ်က အသားလွတ်ခုန်ချသွားတာ မဟုတ်ဘူး ၊ သတ်

ပြီးမှ အလောင်းကို အဲဒီမြစ်ထဲ ရက်စက်မှုကလွဲလို့ တခြား ဘာအကြောင်းပြချက်မှ မရှိဘဲ သူတို့ ပစ်သွားခဲ့တာ စာသင်ကျောင်းတွေ နေရာမှာ ဒုက္ခသည်စခန်းတွေ ပေါ်လာ

လို့ ကိုယ့်ဒဏ်ရာအစား သူများဒဏ်ရာကို ဆေးအရင် ထည့်ဖို့ ကြိုးစားနေကြတာ "ငါတို့ဆီမှာ နေမပွင့်တာ နှစ်တစ်ထောင်ကြာပြီ" လို့ တစ်စုံတစ်ယောက်က ပြောလာခဲ့ရင် 

အဲဒါကိုမတ္တာဖာလို့ မယူဆပါနဲ့ ၊ "အမှောင်ခေတ်" ဆိုတဲ့ စကားလုံးကို သူ ရွံမုန်းစွာနဲ့ ရည်ညွှန်းလိုက်တာပါ - မိသားစုတွေဟာ ချစ်ခြင်းမေတ္တာအကြောင်း ဝိုင်းဖွဲ့ပြောရမယ့်အစား 

တစ်ယောက်တစ်နေရာစီ ဝေးသွားခဲ့ရလို့ ၊ တစ်ယောက်ဟင်းခွက်တစ်ယောက်လဲစားခဲ့ကြတဲ့ အိမ်နီးနားချင်းတွေဟာ မနက်ခင်းဆို တစ်ယောက်သောကနဲ့ နိုးထပြီး ညဆို တစ်ယောက်မျက်ရည်နဲ့ အိပ်စက်နေရပါပြီ။ ။

                                          မောင်ရေချမ်း

- ငိုသံတွေကြားမှာ ကျနော် ဘယ်လို ရယ်နေရမလဲ -


သိလား ၊ အောင်ပွဲရေ . .

ခင်ဗျားကို လိမ်ခဲ့တာ မဟုတ်ဘူး

ကျနော့်လည်ချောင်းထဲကို သစ်ခတ်တွေ ထိုးထည့်ခံခဲ့ရတာ

သာတဲ့နေက နှိပ်စက်ညှဉ်းပန်းမှုတွေအပေါ် ထိုးကျလို့

ရွာတဲ့မိုးက သေသူတို့ရဲ့အသံကို ဖုံးအုပ်လို့

ဘာကိစ္စ တုံ့ဆိုင်းနေခဲ့တာလဲ

အရှုံးမြေမှာ ကြမ်းကြုတ်မှုနဲ့ ပူးချည်ခံထားရသူတွေ

ဒီချော်ရည်တွေ၊ မတရားမှုကို လောင်လိမ့်မယ်

အမာရွတ်တွေကရော ဘယ်တုန်းက မှားခဲ့ဖူးလို့လဲ

"သဲကန္တာရဟာ တိမ်တွေ ငိုဖို့ အကောင်းဆုံးနေရာ" တဲ့

မှတ်ဥာဏ်တိုင်း ကျောက်ခဲလိုပဲ မာကျောနေပြီ

နှလုံးသားတိုင်း စိန်လိုပဲ အဖိုးထိုက်ခဲ့ပြီ

တဖြည်းဖြည်း . . အကောင်းမြင်ဝါဒဟာ ဆုတ်ခွာလို့

မကြာခင် သေရတော့မယ်ဆိုရင် 

               ကျနော် ရယ်ခဲ့ချင်သေးတယ်။ ။

                                       မောင်ရေချမ်း

Saturday, July 10, 2021

- မင်းသာ ငါဆိုရင် -

 - မင်းသာ ငါဆိုရင် -

ငရဲအကြောင်းသိဖို့ ငရဲသွားစရာ လိုလို့လား

မင်းသာ ငါဆိုရင် အဲဒီခွေးသွားစိတ်တွေထဲက

ခုန်ထွက်လာပြီး တံတားအောက်မှာ အိပ်နေမှာ

ဘယ်အယူဝါဒမှ ရေပန်းမဟုတ်ဘူး

အဲဒါ သံချောင်းတွေ

မင်းသာ ငါဆိုရင် အဲဒီစောက်သုံးမကျတဲ့အချစ်ကိုလည်း

ဖြူဖျော့ခိုက်တုန်တဲ့အထိ မိုးရေထဲမှာ ပစ်ထားလိုက်မှာ

"ဘာကြောင့်" ဆိုပြီး မရှိတော့တဲ့ ဗရမ်းဗတာ

အခြေအနေဖြစ်နေလို့ "ဘာလို့လဲ" လို့ မမေးဘူး

မင်းသာ ငါဆိုရင် အဲဒီသောက်လက်စပုလင်းကို

ခွမ်းခနဲ နေအောင် ရိုက်ခွဲပြီး အော်ဆဲပစ်မှာ ။ ။

                                   မောင်ရေချမ်း

- ကျနော့်အဖေဟာ သင်္ကေတဝါဒီ -


"ကျနော့် ဒီစောက်ကျင့်တွေကို ဘယ်လို ပြင်လို့မရတော့ပါဗျာ" လို့ အော်ဟစ်ပြီး ပြန်ပြောခဲ့တဲ့နေ့တုန်းက အိမ်သာနားမှာ နှစ်ပေါင်းများစွာ ပစ်ထားခဲ့တဲ့ စားပွဲခုံအစုတ်ကြီးတစ်လုံးကို အိမ်ရှေ့ သူ ယူလာခဲ့တယ်။ ပျဉ်တွေလည်း ကွာ ၊ ဖုန်တွေလည်းတက် ၊ စုတ်ပြတ်သတ်နေတဲ့ ခုံအစုတ်ကြီးပေါ့။ ပြီးတော့ . . . သံတွေ တူတွေနဲ့ အဲဒါကြီးကို ထုတယ်။ သံတစ်ချက်ထုလိုက်တိုင်း ဆုံးမသံတစ်ချက်ကြားရသလို ၊ နားရင်းတစ်ချက် အုပ်လိုက်သလိုပေါ့ ၊ ကျနော့်မှာ နာကျင်ခဲ့ရတာ။ နာရီဝက်ကျော်လောက်လည်း နေရော ၊ အဲဒီခုံအစုတ်ကြီး အသစ်အတိုင်း ပြန်ကောင်းသွားခဲ့တယ်။ ကျနော်ကတော့ ဒီတိုင်းပဲ။ 

                             မောင်ရေချမ်း

- မိုးရာသီရဲ့တစ်ခုသောစနေ -


အိပ်မက် မဟုတ်ဘူး 

ဒါတွေ အကုန် တကယ့်အဖြစ်အပျက်

ဒီညရဲ့ ပြတင်းတံခါးကို ဆွဲပိတ်လိုက်တာတောင်

နေခြည်အသစ်ကို ရတယ်

အလံအသစ်ကို ရတယ်

ငါတို့ညီလေးတွေ ၊ ငါတို့အစ်ကိုတွေ

အမျိုးကောင်းသားတွေ

သွေးအိုင်ထဲမှာ လဲကျသွားခဲ့တဲ့ တိုင်းပြည်

ငါတို့နှမလေးတွေ ၊ ငါတို့အစ်မတွေ

အမျိုးကောင်းသမီးတွေ

သွေးအိုင်ထဲမှာ လဲကျသွားခဲ့တဲ့ တိုင်းပြည်

ဝိညာဉ်တွေဟာ ငါတို့ဆီ မလာဘူး

ပန်းတိုင်ဆီ သွားနေတာ။ ။

                          မောင်ရေချမ်း

- မကြာခင် အနံ့ရော ၊ အနမ်းရော ပြန်ရမှာ -


အချစ်ရေ . . .

အဆုတ်အားကောင်းပါစေ

"ဘယ်လောက်ချစ်လဲ" လို့ မေးရင်

မင်းသောက်လိုက်တဲ့ စီးကရက်လေးတွေပေါ့

အဲဒီက ပြာတွေ မင်းလက်ဖဝါးပေါ်

ပြန်ကြွေကျပြီး အရေပြားကင်ဆာ ဖြစ်မှာ စိုးလို့

ကိုယ့်လက်ဖဝါးနဲ့ ခံပြီး အဝေးကို လွှင့်ပစ်ချင်တဲ့အထိ

"ဘယ်ဘဝအထိလဲ" လို့ မေးရင်

ကိုယ့်အသည်းကို မင်းပဲ 

စီးကရက်သောက်နေတုန်း ယူသွားခဲ့တာ

နောင်ဘဝပေါင်းများစွာ အထိ ။ ။

                                    မောင်ရေချမ်း

Friday, July 9, 2021

- လွတ်လပ်ခြင်းသစ်ပင် -

ငါတို့ အိပ်ပျော်နေတုန်းမှာ

မြစ်ထဲမှာ အလောင်းတွေ မျောနေခဲ့တယ်

လူမြင်မကောင်းလို့ အဲဒီအလောင်းတွေကို

စောက်သုံးမကျတဲ့ နတ်သိကြားတွေက ဆင်းဆယ်ခဲ့ကြ

ပြီးတော့ . . .

ရေအောက်ကြမ်းပြင်ရဲ့နဂါးကြီးပါးစပ်ထဲက မီးတွေ

အဲဒီမီးတွေနဲ့ ပြာချပြီး ပင်လယ်ထဲ ထပ်မျောခဲ့

ကုန်းမြေတစ်ခုဆီ ရောက်သွားတော့

ပြာတွေဟာ စုစည်းမာခဲပြီး 

သစ်စေ့လေးတစ်စေ့ဖြစ်လာခဲ့တယ်

အဲဒီသစ်စေ့လေးကနေ

ပေါက်တဲ့အပင်ဟာ မိုးထိလု မြင့်မားတယ်

အဲဒီအပင်ကနေ 

ပွင့်လာတဲ့ပန်းတွေဟာ မွှေးတယ်

ဒါပေမဲ့ . . .လူသေနံ့

လေတွေ တရှဲရှဲ တိုက်တဲ့အခါ 

အဲဒီအပင်က သစ်ရွက်တွေဟာ သီချင်းဆိုကြတယ်

"ဘယ်တော့မှ မမေ့ဘူး" ဆိုတဲ့ စာသားနဲ့ ။ ။

                                 မောင်ရေချမ်း

Wednesday, July 7, 2021

- နောက်ဆုံးအခန်းက အသက်ပဲ -

- နောက်ဆုံးအခန်းက အသက်ပဲ -

အခု . . .

လှုပ်လို့မရဘူး အသက်ရှူတိုင်း မောနေတယ်

ကမ်းခြေ ၊ မီးပုံကြီးဘေးမှာ ကလို့

ဒါမှမဟုတ် ထိုင်နေကျ ဘားရဲ့ ထောင့်ဆုံးခုံလေးမှာ

ဖတ်လတ်စ စာအုပ်အကြောင်း ပြောချင် ပြောမယ်

ဒါမှမဟုတ် မိတ်ဆွေတစ်ယောက်အကြောင်းလား

မေ့မှာမဟုတ်ဘူး ရှင်မယ် ဆိုရင်

ပင်လယ်ကို အတူတူ ငေးချင်တဲ့စိတ် သေမယ်ဆိုရင်

ဟိုး . . အမြင့်ကြီးက အတူတူ ခုန်ချချင်တဲ့စိတ်

မြင်းနက်ကြီးတွေ ဒုန်းစိုင်းလာပြီး

အရေးကြီးစာတစ်စောင်ကို မြို့ပြင် သွားပို့သလိုပေါ့

တစ်ယောက်ယောက်ရဲ့အသက်ဟာ 

တခြားတစ်ယောက်အပေါ်မှာ မူတည်နေနိုင်တယ်

တခြားတစ်ယောက်မရှိရင် 

တခြားတစ်ယောက်လည်း မရှိချင်တော့ဘူး

ဘာပဲဖြစ်ဖြစ် . . .လက်ကို တင်းတင်းဆုပ်ထားမိမှာပဲ 

သေတာလည်း ဖြစ်ချင်ဖြစ်မယ်

ပြန်လည် ဆုံဆည်းတာလည်း ဖြစ်ချင်ဖြစ်မယ် ။ ။ 

                                   မောင်ရေချမ်း

- ဖတ်ရှုခြင်း -


နေထိုင်နေတာ နောက်ထပ် မှုန်ဝါးဖို့ပဲ

"ဒါ့အပြင် ဘာရှိသေးလဲ" လို့ ဆင်းသွားမိတော့

ဝမ်းနည်းမှုဖြစ်ဖြစ် ၊ မျှော်လင့်ချက်ဖြစ်ဖြစ်

သေတ္တာလေးထဲ . . .

တယုတယ သိမ်းထားတဲ့ ပြာတွေလိုမျိုးပေါ့

အကယ်၍ . .ဘဝဟာ မရဏနဲ့ ကြုံတဲ့အခါ

ချစ်တာကို တုပ်နှောင်မထားတော့တဲ့အကြောင်း

ကိုယ် ဘယ်သူဘယ်ဝါဆိုတာ မေ့သွားတတ်တဲ့အကြောင်း

မျိုချပစ်ရမယ့် ဝင်္ကဘာတွေအထပ်ထပ်

အမှောင်ထဲ ဦးတည်ထားသမျှ

ပိုပြီး တိကျဖို့ ချဉ်းကပ်လာတဲ့ မေးခွန်းမဟုတ်ရင်

အများအားဖြင့် အပေါ်ယံထစ်ချုန်းလို့

ပြက္ခဒိန်ပေါ်က အယုတ္တအနတ္တ အထီးကျန်ခြင်းနဲ့

တစ်စစီ . . တစ်စစီ အပိုင်းပိုင်း ပယ်ဖျက်ခံရရင်း

ရုတ်တရက် လင်းထိန်သွားပေမယ့် . . .

ငယ်ငယ်တုန်းက အတိုင်းပါပဲ ၊ အစက်အပြောက်တွေ

ဘယ်နှလိုင်းရေးရေး တစ်ပုဒ်လုံးပျောက်ဆုံးတယ် ။ ။

                               မောင်ရေချမ်း

Saturday, July 3, 2021

- မိုးကြီးရွာခိုက် -


မိုးကြီးရွာခိုက် - မြူးထူးတက်ကြွခဲ့ကြတဲ့လူငယ်ဘဝတွေဟာ ကျက်သရေမဲ့သောရေခိုးရေငွေ့တွေထဲမှာ ပျောက်ဆုံးရင်း စူးစူးဝါးဝါးအသံကြီးတွေပဲ ပတ်ဝန်းကျင်မှာ ပျံ့လွင့်နေခဲ့တယ်

မိုးကြီးရွာခိုက် - လျှို့ဝှက်ခြင်းဟာ မိုင်တစ်ထောင်ကျော်နဲ့ 

ပြီးတော့ . . ငါ အိပ်စက်ခဲ့တဲ့ကုတင်ပေါ်မှာ သူဟာ တော်တော်ကို စိတ်ထိခိုက်တဲ့ပုံစံနဲ့ အော်ဟစ်ရယ်မောလို့ 

မိုးကြီးရွာခိုက် - "ဝပ်ဆင်ရေ . .သတင်းစာဆိုတာ အသုံးချတတ်ရင် အဖိုးတန်ဆုံး မဏ္ဍိုင်ကြီးတစ်ခုပဲဗျ"* ဆိုတဲ့ ရှားလော့ဟုမ်းလည်း ပြာမှုန်တွေအဖြစ် ဖျက်ဆီးခံလိုက်ရလို့

မိုးကြီးရွာခိုက် - အမှောင်ဆုံးအဓိပ္ပာယ်တွေ ကာတွန်းရုပ်ရှင်ထဲက ထွက်လာလို့  

မကောင်းတဲ့ ငါ့စောက်ကျင့်တွေကို  လက်ဖက်ထဲက မြေပဲစေ့တွေအောက်မှာ ငါ ဖွက်ထားခဲ့တာ ဒါပေမဲ့ . .သူတို့က မြေပဲစေ့တွေကို ရွေးစားသွားခဲ့တော့ ပန်းကန်ထဲမှာ လက်ဖက်တွေချည်းပဲ ကျန်ခဲ့တယ် ။ ။

                                            မောင်ရေချမ်း

* "ရှားလော့ဟုမ်း၏နှစ်တစ်ရာပြည့်မွေးနေ့" ရသစာတမ်းမှ- ဆရာမြသန်းတင့် (ဘာသာပြန်)


Monday, June 28, 2021

- တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ -


တစ်ယောက်က ကမ်းခြေမှာ မိုးတွေ ရွာလို့

ပျော်ပျော်ရွှင်ရွှင် ကနေတဲ့အချိန်

နောက်တစ်ယောက်က စိတ်ညစ်ညစ်နဲ့

အိမ်ထဲက ရေတွေကို ခပ်ထုတ်နေရမှာ

တစ်ယောက်က "ဥပမာ" လို့ အစချီပြီး

မြင်သာအောင် ပြောဖို့ ကြိုးစားနေချိန်

နောက်တစ်ယောက်က "အစရှိသဖြင့်" ဆိုပြီး

နောက်ထပ် နားလည်ဖို့ ခက်တဲ့စကားတွေ ပြောသွားမှာ

ဥပမာ .  .

တစ်ယောက်က ကဗျာဖြစ်နေတဲ့အချိန်

နောက်တစ်ယောက်က စကားပြေဖြစ်နေမှာ

အစရှိသဖြင့်ပေါ့

နှစ်ယောက်စလုံး တောတွေ တောင်တွေနား

သစ်ပင်အုံ့အုံ့တွေနဲ့ မြက်ခင်းကြမ်းကြမ်းလွင်ပြင်ဆီ

သွားချင်တာချင်း တူမယ် ဆိုရင်တောင်

တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ ။ ။

                               မောင်ရေချမ်း

Monday, June 21, 2021

- ရင်ဖွင့်စရာ နေရာမရှိ -


အဖုအထစ်တွေကို ဖန်မီးအိမ်နဲ့ သေချာကြည့်ပြီး ခါးသီးစွာ ပြုံးလို့ နွားနို့တွေကို ခေါင်းပေါ် အားရပါးရ လောင်းချတယ် သူများအမာရွတ်ကြီးကို ကိုင်ပြီး ဆော့ရတာ ပျော်တဲ့သူတွေ အခန်းထဲ ဝင်လာတော့ သမုဒ္ဒရာကြီးတစ်စင်းလုံးကို ဆုံးရှုံးခဲ့ပြီးပြီ အဲဒါနဲ့ တရှဲရှဲ တရွှမ်းရွှမ်း မြည်တဲ့အထိ မသိရင် မျက်လုံးထဲက သွေးတွေပါ ပန်းထွက်လာတော့မလို သူ ငိုပါတယ် ငိုလို့ ဝသွားတဲ့အခါ "ရှင်က ဘယ်သူလဲ ဒီကျောက်တုံးဟာ သိပ်လှတာပဲ ၊ ရှင့်ခေါင်းနဲ့ဆို အနေတော်ပဲ" လို့ 

ပြောရင်းနဲ့ သွေးတွေ ဖွမ်းခနဲ ဖြစ်တဲ့အထိ 

                    ထုသတ်ခံလိုက်ရတယ် ။ ။


                    မောင်ရေချမ်း