Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, July 24, 2026

အတောင်ပံတွေ အားလုံးက ငိုနေပြီ

မင်းလည်း ဘယ်ကိုမှ မပျံသန်းနိုင်

ကိုယ်လည်း ဘယ်ကိုမှ မပျံသန်းနိုင်


မပျံသန်းနိုင်တဲ့ ကိုယ်တို့ အချင်းချင်းလည်း

(ဘယ်တော့မှ မဟုတ်ပေမယ့် )

အခုတော့ ဘယ်လိုမှ တွေ့ဆုံဖို့ မဖြစ်နိုင်


မင်းရဲ့လှောင်အိမ်ကို ကိုယ်ငေးကြည့်တယ်

ကိုယ့်ရဲ့လှောင်အိမ်ကို မင်းငေးကြည့်တယ်


ကိုယ်တို့ကြားမှာ သံတိုင်တွေ ခြားနေတယ်

သံတိုင်တွေကြားထဲမှာတော့ ...

လွတ်လပ်သော လေများ မုန်တိုင်းပမာ တိုက်ခတ်လို့


ပျော်ရွှင်စရာဆိုတာ ...

ဘယ်လှောင်အိမ်ထဲမှာ ရှိခဲ့ဖူးလို့လဲကွယ် ။ ။


                      -မောင်ရေချမ်း

Monday, March 24, 2025

အမှောင်ခေတ်တွင် တွေ့ဆုံကြခြင်း

 အရောင်အဆင်းဟာ တောက်ပ၀င်းလို့

အရိပ်တွေဟာ ၀မ်းနည်းစွာ ဖြာကျနေတယ်


တစ်ယောက်ရဲ့စိတ်ထဲမှာလည်း

ခြယ်သစရာမလိုဘဲ အသက်၀င်နေတဲ့ ဒဏ်ရာတွေ


နောက်တစ်ယောက်ရဲ့စိတ်ထဲမှာလည်း

ခြယ်သစရာမလိုဘဲ အသက်၀င်နေတဲ့ ဒဏ်ရာတွေ ၊


ပွေ့ဖက်ဖို့ အခါခါ အိပ်မက်,မက်တယ်။ ။


                                      မောင်ရေချမ်း




Thursday, February 27, 2025

ပြာနိုင်ငံရဲ့အနာဂတ်

 

ကဗျာအလုပ်ပေါ် တစိုက်မတ်မတ်လုပ်နေတဲ့သူတစ်ဦးလို့ ကျနော်က သူ့ကို မြင်တာ ၊ အဲဒါကြောင့် သူနဲ့ စာအုပ်တစ်အုပ်အတူတူ ထုတ်ကြဖို့ လုပ်ခဲ့တာ ၊ ဒါနဲ့ ကဗျာအလုပ်ဆိုတာ ဘာလဲ ... ကဗျာနဲ့ စိမ်းတဲ့ တချို့တွေအတွက်က အဲဒီကဗျာအလုပ်ဆိုတဲ့ဟာကြီးက တကယ့်စောက်ပြဿနာကြီးပဲ ( ကဗျာအလုပ်ဆိုပြီး သီးသန့်ရှိသေးလား လို့ မေးတာမျိုးတောင် ရှိသေးတယ် ၊ တချို့လည်း ကဗျာဆိုတာ ဒီတိုင်းရေးလိုက်လို့ ရတဲ့ဟာမျိုးလို့ ထင်တဲ့ဟာတွေလည်း ရှိသေးတယ် ၊ ဒီတိုင်း ရေးဖို့ မပြောပါနဲ့ ဒီတိုင်း ဖတ်လို့တောင် ရတဲ့ စာပေအမျိုးအစားထဲမှာ ကဗျာမပါ,ပါဘူး) အဲဒီတော့ ဘယ်လို ဖတ်ရမလဲမှာဆိုရင် "ကင်းမြှီးကောက်ထောင်ပြီးဖတ်" ဆိုပြီး ရွဲ့မပြောရဲပါဘူး ၊ အတည်ပြောရရင်တော့ အားထုတ်ပြီး ဖတ်ရတာပါ

ကဗျာဖတ်ဖို့ ကဗျာဖတ်သူမှာ ကိုယ်ခံအားလိုပါတယ်


တကယ်တော့ ကဗျာရေးတဲ့ကိစ္စ ၊ ကဗျာဖတ်တဲ့ကိစ္စကို ပြောချင်တာ မဟုတ်ပါဘူး ကဗျာကို တစိုက်မတ်မတ်ရေးနေတဲ့သူတစ်ယောက်နဲ့ ကျနော် ကဗျာစာအုပ်တစ်အုပ် အတူတူ တွဲထုတ်ဖြစ်သွားပုံကို ပြောပြချင်လို့ပါ


ကျနော် ခန့်မှန်းမိသလောက်ဆိုရင်တော့ ...

အဲဒီလူက သေမှပဲ ကဗျာရေးတာကို ရပ်မယ့် သဘောရှိတယ် ဒါမှမဟုတ်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ

အဲဒီငွေမရ ၊ ရွှေမရနဲ့ ကြိုးစားပမ်းစားလုပ်ရတဲ့ ကဗျာရေးခြင်းကိစ္စကြီးကို စိတ်နာပြီး ရပ်ချင် ရပ်သွားမှာပေါ့

အခုထိတော့ ... သူ ရေးနေတာ "မင်းမျက်ရည်ဟာ ကိုယ်ပါပဲ" ဆိုတဲ့ စီးရီးကတင် အပုဒ် (၁) ထောင်ကျော်နေပြီ


ရင်းနှီးမှုနဲ့ ပြောရရင် ဒီဘဲပေါ့ လေးစားသမှုနဲ့ ပြောရရင် ဒီကဗျာဆရာပေါ့ ၊ အဲဒီဘဲ အဲဒီကဗျာဆရာအောင်သက်ဦးနဲ့ အတိုင်းအတာက နည်းနည်းမကဘူး တော်တော်များတယ် လို့ ပြောရလိမ့်မယ် ၊ သူ့ကဗျာတွေထဲမှာ ပထမဆုံး စပြီး မှတ်မှတ်ထင်ထင် ဖြစ်သွားတဲ့တစ်ပုဒ်က "သမ္မတအိမ်တော်၌ လိင်ဆက်ဆံခြင်း" အဲဒီကဗျာက ၂၀၁၂ ခုနှစ်၀န်းကျင် ဖြစ်မယ်ထင်တယ် ၊ အဲဒီ‌တုန်းက အဲဒီလိုက‌ဗျာမျိုးတွေ ရေးတဲ့သူ သိပ်အများကြီး မရှိသေးပါဘူး နောက်ပိုင်းတော့ အထူးသဖြင့် ၂၀၁၅ နောက်ပိုင်းပေါ့ ကဗျာထဲကို လိင်အသုံးအနှုန်းတွေ လိုအပ်လို့ ဖြစ်ဖြစ် ၊ မလိုအပ်ဘဲ တမင်တကူးတကကြီး ဖြစ်ဖြစ် တစ်တစ်ခွခွတွေထည့်ရေးတဲ့သူ‌တွေ ပိုများလာကြတာပဲ ၊ ထားပါတော့ အဲဒါက တခြားကိစ္စ။ အခု ပြောလိုတာက ကဗျာဆရာ(ကို)အောင်သက်ဦးနဲ့ စာအုပ်တစ်အုပ်အတူတူ လုပ်ဖြစ်သွားပုံကို ပြောချင်တာ။


ပထမဆုံး အပြင်မှာ လူချင်း စ‌,ဆုံဖူးကြတာတော့ ၂၀၁၆ ဗိုလ်အောင်ကျော်ရာပြည့်မှာပဲ ဧရာ၀တီတိုင်း မဲဇလီကုန်းမှာ ၊ ကျနော်က PEN Myanmar အဖွဲ့နဲ့ လိုက်သွားခဲ့တာ (အဲဒီပွဲမှာ အမှတ်တရကတော့ "အို ...နိုင်ငံသားတို့ စုပေါင်းအိပ်မက် မက်ကြစို့" ဆိုတဲ့ ဆရာမ

မသီတာ(စမ်းချောင်း) ဦးဆောင်တဲ့ တေးကဗျာ performance မှာပါ၀င်ခဲ့ရတာပဲ ..အခုနောက်ပိုင်းနှစ်တွေမှာ အဲဒီတေးကဗျာထဲက စာသားတွေကို မကြာခဏ ပြန်ပြန် သတိရမိနေတတ်တယ်) ကဗျာဆရာ(ကို)အောင်သက်ဦးနဲ့လည်း အဲဒီမဲဇလီကုန်း ဗိုလ်အောင်ကျော်ရဲ့ရွာမှာ လူချင်းစ,ဆုံကြပြီး ပိုရင်းနှီးသွားတယ် ဆိုပါတော့ ၊

အွန်လိုင်းမှာတော့ အရင်ကတည်းက သိခဲ့ပြီးသားပဲလေ။

ပိုရင်းနှီးလာတော့ စကားဘာညာ ပိုပြောဖြစ်လာတော့ သတိထားမိလာတာက အဲဒီလူရဲ့ ကဗျာအပေါ် အမြင် ဘာညာက ကျနော်နဲ့ သိပ်ပြီး ဝေးမနေဘူး ၊ တချို့အရာတွေ အမြင်တူ ၊ သဘောထားတူတယ်ပေါ့။ အဲဒီအချိန်လောက်ကတည်းက ...တစ်ချိန်ချိန်တော့ ကဗျာစာအုပ်တစ်အုပ်လောက် အတူတူ ထုတ်ဖြစ်ကြရင် ကောင်းမှာပဲလို့ တေး,ထားမိတာ ၊ နှစ်တော်တော်ကြာမှပဲ လုပ်ဖြစ်ကြတော့တယ် ၊



Sunday, April 7, 2024

မြေစောင့်နတ်ရဲ့တရားမျှတခြင်းအနမ်း

 


အဲဒါ ....
ဒေ၀ကာယ နတ်ကိုယ်နဲ့
ကြာပွတ်ဒဏ်ကို နွေဦးရာသီမှာ
သစ်စေ့လေးတွေအစား ထမ်းပိုးခံစားလို့
ပြီးတော့ ...သက်တန့်ကို နမ်းဖို့
မိုးထိလု ၀က်သစ်ချပင်ကြီးရယ်
မြေကပ်မြက်ပင်လေးရယ်
ကျောက်မှုန့်နုနုလေးတွေပေါ် နှင်းရည်ပက်ဖြန်းရင်း
မေတ္တာကို ကိုယ်ထင်ပြတဲ့အရိပ်အဖြစ်
စပျစ်ရည်ထဲကနေ ပေါ်ထွက်လာခဲ့တယ်။ ။
                                               မောင်ရေချမ်း
                              


Sunday, May 1, 2022

လူတန်းစားနံ့

ကျန်ခဲ့တယ် လမ်းသွယ်လေးတွေရဲ့ဘေး နေထုတ် လှမ်းထားတဲ့ အဝတ်ဟောင်းတွေဆီက ဝရန်တာမှာ ဖုန်ခါထားတဲ့ ခြေသုတ်ဝတ်တွေဆီက ဘတ်စ်ကားပေါ်က လက်ကိုင်ကွင်းတွေမှာ တစ်ခါတလေ အငှားယာဉ်ပေါ်မှာ ရပ်ကွက်လေးတွေရဲ့စျေးတွေထဲက ဘုရားပန်းတွေဆီကနေလည်း ထွက်လာလို့ ဝက်သားခုတ်တဲ့မိန်းမကြီးဆီက ရတာနဲ့ အဲဒီဘုရားပန်းတွေဆီက ရတာလည်း အတူတူပဲ ချွေးနံ့သက်သက် မဟုတ်ဘဲ သွေးပါ ပါတယ် သေချာရှူကြည့်ရင်တော့ အူ အသည်း ကလီစာ အဆုပ် အားလုံး ဖောက်ထုတ်ပြီး လမ်းပေါ် ပစ်ချခံထားရသလို အနံ့ အဲဒီအနံ့ ကိုယ်တိုင်မေ့နေပြီး ကိုယ်တိုင်ဆီက ထောင်းထောင်းထအောင် ရနေတဲ့အနံ့။။ မောင်ရေချမ်း

Monday, September 14, 2020

စပတ်ထဲ ဝင်သွားတဲ့ မြွေ

                              (၁)

ဘတ်စ်ကားမှတ်တိုင်မှာ လူနှစ်ယောက်။ တစ်ယောက်က အသက် ၃၅ နှစ်လောက်ရှိတဲ့အမျိုးသမီး ၊ နောက်တစ်ယောက်က အသက် ၅၀ ကျော်အမျိုးသားကြီး။ သူတို့နှစ်ယောက်ဟာ ပထမတော့ မတ်တပ်ရပ်နေတာ ခပ်ခွာခွာပဲ။ နောက်တော့ .. အမျိုးသမီးက အဲဒီလူကြီးနားကို မသိမသာနဲ့ တဖြည်းဖြည်းလိုက်ကပ်ရော။ အဲဒါကို လူကြီးက သတိထားမိသွားပြီး အမျိုးသမီးနဲ့ ဝေးရာဘက်ကို ခြေလှမ်း ငါးလှမ်းလောက် ရွေ့တယ်။ ဒီတော့မှ...အမျိုးသမီးကလည်း လူကြီးနားကို ဒရောသောပါး အတင်းကပ်ပါလေရော။ အနားရောက်တော့ ..လူကြီးရဲ့ပခုံးကို လက်နဲ့တို့ပြီး 

"ဦးရယ် ..မြွေတစ်ကောင် ကျွန်မ စပက်ထဲ ဝင်သွားလို့ ကယ်ပါဦးရှင်" ဆိုပြီး အကူအညီတောင်းလိုက်တယ်။ လူကြီးက ပြန်လှည့်တောင် မကြည့်ဘူး။ အဲဒါနဲ့ "ဒီမှာ ...ဦး ၊ ကျွန်မ စပတ်ထဲ မြွေတစ်ကောင် ဝင်သွားလို့ ကယ်ပါဦး ဆိုနေ" လို့ အမျိုးသမီးက ထပ်ပြောလိုက်ပြန်တယ်။ ဒီတော့မှ ... လူကြီးက ပျင်းရိပျင်းတွဲ့ ပုံစံမျိုးနဲ့ ခေါင်းတစ်ချက်စောင်းငဲ့လာပြီး "မြွေက ခေါင်းဘက်ကနေ စဝင်သွားတာလား ၊ ဖင်ပိုင်း အမြှီးဘက်ကနေ ဝင်သွားတာလား၊ ခေါင်းဘက်ကနေ စဝင်သွားတာဆိုရင် လက်နဲ့ပဲ ပြန်ဆွဲထုတ်လိုက်မယ်။ ဒါဆို လက်အိတ်လိုတယ်။ အမြှီးဘက်ကနေ စဝင်သွားတာဆိုရင်တော့ မီးညှပ်နဲ့ ပြန်ဆွဲထုတ်ပေးမယ်။ အခု ...ငါ လက်အိတ်ရော၊ မီးညှပ်ရော ဟိုစတိုးဆိုင်မှာ သွားဝယ်လိုက်ဦးမယ်။ ဘာနဲ့ ဆွဲထုတ်ရမလဲ ငါ့တူမကြီး သေချာစဉ်းစားထား" လို့ စကားအရှည်ကြီး ပြောပြီး လမ်းဖြတ်ကူးသွားတယ်။

                                      (၂)

လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ မီးညှပ်ကြီးကို ကိုင်ရင်းပေါ့။ "ကဲ...ငါ့တူမကြီးရေ ၊ ဦးလေးတော့ ... ဒီမှာ မီးညှပ်နဲ့လက်အိတ်ရခဲ့ပြီ" ဆိုပြီး လမ်းကူးလာတဲ့ လူကြီးက ပြောလိုက်တယ်။ ဘတ်စ်ကားမှတ်တိုင်က အမျိုးသမီးက တစ်ချက်လေးတောင် လှည့်မကြည့်တော့ အဲဒီလူကြီး နည်းနည်း ဇဝေဇဝါ ဖြစ်သွားတဲ့ပုံမျိုးနဲ့ “ဒီမှာ …မီးညှပ်လေ ၊ ငါ့တူမကြီး” လို့ အသံကို မြှင့်ပြီး ထပ်အော်ပြောလိုက်တယ်။ “အဲဒီတော့ ဘာလုပ်ရမှာတုန်း ရှင့်” တဲ့။ အမျိုးသားကြီးက ဒီတစ်ခါတော့ တော်တော်ကို စိတ်မရှည်တော့တဲ့ လေသံနဲ့ “မြွေလေ …မြွေ ၊ တူမကြီး စပက်ထဲက မြွေလေ ၊ ဆွဲထုတ်ဖို့” ဆိုပြီး မီးညှပ်ကြီးတပြင်ပြင်နဲ့ လုပ်တော့တာပဲ။ “ဟာ…ဦးလေးရယ်၊ အဲဒီစတိုးဆိုင်ထဲကို ဦးလေးဝင်သွားတာပဲ ( ၁၈ ) နာရီ ကျော်ကြာသွားပြီ။ ကျွန်မ စပက်ထဲက မြွေက လွန်ခဲ့တဲ့ (၇)နာရီလောက်ကပဲ ပါးစပ်ထဲကနေ ပြန်ထွက်သွားပြီရှင့်” လို့ အမျိုးသမီးက အေးအေးလူလူ ပြန်ပြောတယ်။ လူကြီးလည်း အဲဒီတော့မှ မီးညှပ်ကြီးကို ချွင်ခနဲ လွှင့်ပစ်လိုက်ပြီး လက်အိတ်ကိုလည်း ဗြစ်ခနဲ ပြန်ဆွဲချွတ်လိုက်တယ်။

                                  (၃)

ဘတ်စ်ကားတစ်စီး ရောက်လာတယ်။ သူတို့နှစ်ယောက်စလုံး ဒီတိုင်းပဲ ကြည့်နေလိုက်တယ်။  "ဒါပေမဲ့ ... ဦးရဲ့ ၊ ကျွန်မတော့ ဒုက္ခပဲရှင့်" တဲ့။ အမျိုးသမီးရဲ့ထိတ်ထိတ်ပြာပြာ အဲဒီစကားသံကြောင့် ခဏတိတ်ဆိတ်သွားတဲ့ပတ်ဝန်းကျင်ဟာ ပြန်အသက်ဝင်လာသလိုပဲ။ အဲဒီလူကြီးက "ဟဲ့ ...ဘာဖြစ်ပြန်ပြီတုန်း ဟ" လို့ စိတ်ရှုပ်တဲ့ လေသံနဲ့ မျက်နှာကြီးကို စူပုတ်ပြီး မေးလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ၊ အမျိုးသမီးကတော့ ပမာမခန့်ပုံစံနဲ့ "ဘာမှမဟုတ်ပါဘူး ၊ ဦးရယ် .. အဲဒီမြွေက စပက်ထဲကနေ ဝင်ပြီး ပါးစပ်ထဲက ပြန်မထွက်ခင်မှာ ကျွန်မ ဗိုက်တစ်နေရာမှာ ဥ ..ဥခဲ့ပုံပဲ။ အခုနေရတာ ခိုးလိုးခုလုကြီး" လို့ အေးအေးလူလူပဲ ပြောတယ်။ လူကြီးလည်း ဘယ်လိုဖြေရှင်းပေးရမလဲ မသိသလိုမျိုးနဲ့ သူ့မျက်နှာသူ ပြန်ပွတ်သပ်ပြီး ဟင်းခနဲ သက်ပြင်းကြီးတစ်ခု ချတယ်။ အမျိုးသမီးကတော့ ... ဆက်ပြောဖြစ်အောင်ကို ပြောလိုက်တယ်။ အဲဒါကို လူကြီး ကြားလား၊ မကြားလား မသိဘူး။ "သေချာတာကတော့ ...ကျွန်မ အဲဒီဥလေးကို မွေးဖြစ်အောင်မွေးမှာပဲ"တဲ့။

                                     (၄)

ညဘက်ရောက်တော့ ...ဘတ်စ်ကားတွေ မလာတော့ဘူး။ တကယ်တော့ ... လာလာ၊ မလာလာ သူတို့ နှစ်ယောက်အတွက် သိပ်အရေးမကြီးသလိုပဲ။ "ဦး ...ပျင်းနေပြီလား" လို့ အမျိုးသမီးက မေးလိုက်တယ်။ "ပျင်းတော့ ...နင် က ပြ မလို့ လား ၊ ငါက စာသားထဲ ရောက်နေတာလေ၊ စပက်ထဲ ဝင်ခဲ့တဲ့ မြွေက အခုဘယ်မှာလဲ" ဆိုပြီး လူကြီးက ပြန်မေးလိုက်တယ်။ လက်ထဲမှာလည်း ဘယ်က ရောက်လာမှန်းမသိတဲ့ ကွမ်းယာထုပ်ကြီးနဲ့။ "မဟုတ်ပါဘူး ...ဦးရယ်၊ ကျွန်မက ဒီဟာလေး ပြချင်လို့ပါ" လို့ ပြောရင်း အမျိုးသမီးက သူ့ရဲ့အပေါ်အင်္ကျီကို ချွတ်ချလိုက်တယ်။ "ဟာ ...ဟာ မလုပ်နဲ့လေ ၊ ဘာတုန်း ဟ" ဆိုပြီး အဲဒီလူကြီးရဲ့မျက်လုံးတွေ ပြူးထွက်လာတယ်။ ဒါပေမဲ့ ...အမျိုးသမီးက အတွင်းခံဘလာဇီယာပဲ ကျန်တော့တယ်။ ညမီးရောင်အောက်မှာ ..မြင်လိုက်ရတာက... အမျိုးသမီးရဲ့ဝမ်းဗိုက်ထဲမှာ ဘာမှန်းမသိတဲ့ အလုံးကြီးတစ်ခု ဟိုရွေ့၊ဒီရွေ့ သွားလာနေတာ။ ။

                                                             မောင်ရေချမ်း

Tuesday, July 14, 2020

အဆိပ်ခတ်ထားတဲ့ ရေတွင်းကြီးထဲကို တရှဲရှဲ အသံမြည်အောင် သေးပေါက်ချနေတဲ့ မိန်းမ


သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။ လူ့ဘဝဆိုတာ ..ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတဲ့ ဒဿနကိုယ်စီနဲ့ လူတွေကတော့ ... ရှုပ်ယှက်ခတ်အောင် သွားလာလှုပ်ရှား အလုပ်များနေကြတယ်။ ထမင်းစားပြီးခါစ_ အချိန်ဆိုတော့ ... မနက်ခင်းက သောက်ထားတဲ့ ရေတွေဟာ အူတွေထဲကနေ စုပ်ယူခြင်းကိုလည်း ခံရပြီးပြီပေါ့။ အရည်အဖြစ် ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့ပြီး အောက်စီဂျင်နဲ့အာဟာရတွေကိုလည်း သူ့တာဝန်အရ ပြန်ဖြန့်ဖြူးပေးပြီးပြီလေ။ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်တော့မယ့် သေးစီးကြောင်းကြီးအဖြစ် ...အခုတော့ ... ထွက်ခွာခဲ့လာတာ။ သေးစီးကြောင်းကြီးရဲ့ဖန်တီးရှင်အဖြစ် သူ့ကို ရေတွင်းကြီးက ကြိုဆိုနေတာ သိပ်ကြည်နူးဖို့ ကောင်းတဲ့မြင်ကွင်းပါပဲ။

နေ့လည်ခင်း နေလုံးကြီးရဲ့ချီးလို ဝါထိန်နေတဲ့ အလင်းရောင်အောက်မှာ သူကတော့ ... အေးဆေးပဲ။ ထမိန်လေးကို မပြီး အောက်ခံဘောင်းဘီလေးကို အောက်ကို လျှောချလို့ ။ အေးအေးဆေးဆေးမှ တကယ့်အေးဆေးပဲ။ ဒီထက် ပိုအေးအေးချင်ရင် မိုးတွေ ဘာတွေပါ ပေးရွာလိုက်ဦး။ အဆင်ပြေတယ် မဟုတ်လား။ "အေးအေးဆေးဆေး သေးပေါက်ချင်လို့ လင်မယူတာ ..ဟေ့" လို့လည်း သူ့ပါးစပ်ကနေ အော်ပြောနေသေးတယ်။ 

သေးစီးကြောင်းကြီးဟာ အစိမ်းရောင်ရေညှိတွေပေါ်ကနေ တဆင့် အနီရောင်အုတ်ခဲတွေကြားထဲကို တိုးဝင်သွားတယ်။ အဲဒီကနေမှ __ ရေတွင်းကြီးထဲကို အလုံးအရင်းနဲ့ အင်တိုက်အားတိုက်ပဲ။

                                       မောင်ရေချမ်း

Friday, November 4, 2016

ကမ္ဘာစစ်ကြီးပြီးတဲ့နောက်

အတွေ့ အကြုံတွေ ပြန်သတိရကြပေါ့
 သေပြေးရှင်ပြေးတွေ ပြန်တွေးကြရုံမှာ
 "အသက်ကို ထဘီစောင့်ခဲ့တာပဲ" 
သူ့မိခင်ထဘီစ လက်မောင်းပတ်ထားသူ 
စစ်သားလေးတစ်ယောက်ရဲ့ ကြည်ညိုသံ
 အက်တမ်ဗုံးကွဲသလို တုန်ခါညံသွားတယ်။ ။ 

                                                   မောင်ရေချမ်း