Sunday, September 13, 2020

သက်ရှိသတ္တဝါ A နှင့် B တို့၏ သမားရိုးကျ အသည်းကွဲပုံပြင်(သို့မဟုတ်)ဇာတ်လမ်း




ဤအဖြစ်အပျက်ပါလူသတ္တဝါထီးတစ်ဦးကို အေဟုခေါ်ဆိုနိုင်ပြီးကျန်လူသတ္တဝါမ တစ်ဦးကို ဘီဟုလွယ်လွယ် ခေါ်ဆိုနိုင်ပါသည်။အမည်နာမတပ်ရန်မလိုသောအရာ/မှတ်သားရန်မလိုအပ် သောအရာများ
အတွက် စာဖတ်သူမိတ်ဆွေကို ခေါင်းမရှုပ်စေချင်ပါ။



+++ +++ +++
ထိုနေ့က မိုးလည်းမရွာပါ။လှပသော သက်တန့်တစ်စင်းလည်း ကောင်းကင်၌ ပေါ်ထွက်မနေပါ။
ဤဇာတ်လမ်းပါလူဆန်ဆန်ဇာတ်ကောင်သက်ရှိ အေနှင့်ဘီ တို့စတင်တွေ့ဆုံသည့်နေရာမှာလည်း အချစ်ဝတ္ထုများတွင်ပါရှိသော တိတ်ဆိတ်ငြိမ်အေးသည့်ကော်ဖီဆိုင်တွင်လည်းမဟုတ်ပါ။လူပြတ်သော လမ်းသွယ်တစ်ခုတွင်လည်းမဟုတ်ပါ။ ထို့အတူ လူရမ်းကားများနှောင့်ယှက်သောကြောင့် အေမှ ဘီကိုကာကွယ် ကယ်တင်ကာ စတင်ရင်းနှီးတွေ့ဆုံခြင်းလည်းမဟုတ်ခဲ့ ။

+++ +++ +++

စတင်တွေ့ဆုံရာနေရာ_ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏အမှိုက်ပုံတစ်နေရာဖြစ်သည်။အေသည် အမှိုက်ပုံကို သံချိတ်တစ်ချောင်းဖြင့်ထိုးဆွလျက်။ ဘီက အေနှင့်ခပ်လှမ်းလှမ်းတစ်နေရာတွင်ရာဘာဖိနပ်ဟောင်းတစ်ရံကို မြွေအရေခွံအိတ် ထဲသို့ ထိုးထည့်နေသည်။ ထိုသို့ ကဗျာမဆန်သောနေရာတွင်တစ်ယောက်နှင့်တစ်ယောက် စတင်တွေ့ဆုံခဲ့ကြသည်။ အေမှဘီကို မထူးဆန်းသောအကြည့်တစ်ချက်ဖြင့်ကြည့်ကာရွှံ့ပေနေသော ရေသန့်ဗူးခွံတစ်လုံးကို အင်္ကျ ီဖြင့်တစ်ချက်ပွတ်ကာသူ့ကျောပေါ်
တင်ထားသောအိတ်ထဲသို့ပစ်ထည့်လိုက်သည်။
 “နင်က ဘယ်ကလဲ”
 အေ၏အမေးစကားမှာ နုရွလှပမနေ သာမန်ပြောရိုးပြောစဉ်အတိုငး် ။ အချစ်ဝတ္ထုများတွင် ပါနေကျဖြစ်သော ဇာတ်ကောင်မင်းသားမှ မင်းသမီးကို နာမည်မေးမြန်းစုံစမ်းရာတွင် မဝံ့မရဲဖြစ်နေသည့်ဟန်မျိုးလည်းမရှိပါ။
 “အေး ..ငါကဟိုဘက်ရပ်ကွက် က ။ နင်ကရော ဘယ်ကလဲ”
 ဘီမှ ပြန်ဖြေရာတွင် မျက်လုံးကိုလည်းပေကလက်ပေကလက်လုပ်၍မဖြေပါ ။ ထို့အတူ ရှက်စနိုးဟန်ဖြင့်လက်ကိုင်ပဝါစကိုလည်း ဆွဲလိမ်မနေပါ။ ( လက်ကိုင်ပဝါလည်း အနီးတွင် မရှိပါ ) ။ ဘီ၏နံဘေးတွင်ညစ်ပေနံစော်နေသော အမှိုက်သရိုက်များသာရှိပါသည်။

သူတို့နှစ်ယောက်စတင်မိတ်ဆက်ပြောဆိုသောစကားများမှာ အောက်ပါအတိုင်းဖြစ်သည်။
 “ ငါက ဒီရပ်ကွက်ကပဲနင်က ဘာလို့ ဒီဘက်ရပ်ကွက်အမှိုက်ပုံအထိ လာရှာတာလဲ”

အေ၏အသံမှာသိသိသာသာမာနေပါသည်။

“ငါတို့ ရပ်ကွက်ကအမှိုက်ပုံနည်းလို့ ဒီဘက်အထိကူးလာတာ”

“ဒါဆို နောက်နေ့လည်းနင်ဒီကို လာဦးမှာပေါ့”

“အေး” ဘီ၏ပြန်ဖြေသံမှာလည်း ဇာတ်ဝင်ခန်းများတွင်တွေ့နေ/ကြားနေကျပျစ်ချွဲချွဲအသံမျိုးမဟုတ်။အေးတိအေးစက်ဖြစ်၏။

“အေး ၊ ပီးရော။ ငါတော့ ဟိုဘက်လမ်းကြားထဲ သွားရှာဦးမယ်။အဲဒီ့ဘက်မှာ ဘီယာဗူးခွံတွေ ရတတ်တယ်”

“အင်း”

ထိုနေ့က သာမန်အတိုင်းပင် အေနှင့်ဘီတို့ဆုံတွေ့ပြီးခွဲခွာခဲ့ရသည်။

+++ +++ +++


နောက်နေ့များတွင်လည်းအေနှင့်ဘီတို့ ထိုနေရာ၌ပင် တွေ့ဆုံဖြစ်ကြသည်။ပြောနေကျစကားများကိုပြောဖြစ် ကြသည်။

“နင်တို့ရပ်ကွက်မှာရော ပစ္စည်းဈေးက ဒီလောက်ပဲလား။ရေသန့်ဗူးတစ်လုံးဘယ်လောက်ပေးလဲ”

“တစ်ဆယ်။ဘီယာဗူးဆို နှစ်ဆယ် ။ ဘီယာပုလင်းခွံ ဆို ငါးဆယ်”

“အော်…သိပ်မကွာဘူးပဲ။ နင်ရော အဆင်ပြေလား ”

“ပြေသင့်သလောက်တော့ပြေပါတယ်ဟာ ။ နင်ရော”

“ငါလည်း ဒီလိုပါပဲ”

သူတို့နှစ်ယောက်နေ့စဉ်ပြောလေ့ရှိကြသောစကားများပါအထက်ပါအတိုင်းပင်ဖြစ်သည်။

+++ +++ +++

A နှင့် B တို့၏ သံယောဇဉ်ထုံးဖွဲ့သောရက်စွဲများ
တစ်ရက်/တစ်ရက်/တစ်ရက်/တစ်ရက်/……………………………..
(၃) လခန့်ကြာသော်

+++ +++ +++

“နင့်ကိုငါချစ်တယ်ဟာ” အေသည်မြေကြီးထဲတွင်မြှုပ်နေသောအချိုရည်ဗူးခွံလေးကို မရမကထိုးဆွနေရင်းနှုတ်ဖျားမှ စကားတချို့ ခုန်ကျလာသည်။ဘီက ကော်ပစ္စည်းအကျိုးအပဲ့တချို့ကိုမိမိအိတ်ထဲသို့ထည့်ရင်း အေကိုပြန်မော့ကြည့်သည်။
ထို့နောက် တဟီးဟီး ရယ်သည်။
“နင်က ငါကိုချစ်တယ်တဲ့။ ဟီး ..ဟီး ။ ရယ်စရာကြီး ရှက်လဲမရှက်ဘူး ပြောတယ်”

အေ အနည်းငယ်ဒေါသထွက်သွားဟန်ဖြင့်

“ဟ ဘာရှက်စရာလိုလဲ။သူများတွေလဲ အဲလိုပဲပြောနေကျတာပဲ ။ နင်ဗီဒီယိုတွေမကြည့်ဖူးဘူးလား ဟ”

အေ၏အသံမှာအတန်ကျယ်လောင်သွားသဖြင့်ဖြတ်သွားဖြတ်လာစုံတွဲတစ်တွဲက အမှိုက်ပုံပေါ်သို့တစ်ချက်လှမ်းကြည့်သည်။ထိုနောက် အကြည့်ကိုလွှဲကာထိုစုံတွဲမှ ကောင်မလေးက သူ့နှုတ်ခေါင်းဝသူ တစ်ရှူးစဖြင့်အုပ်လိုက်သည်။အေ၏ မျက်နှာကျင်ခနဲ ဖြစ်သွား၏။

“ဟယ် …ဟိုမှာရာဘာဖိနပ်တစ်ရန် ဟ။ ကော်တာပဲ ။ ငါအရင်တွေ့တာနော် ။”

ဘီက ပြောပြောဆိုဆိုပင် ပလက်စတစ်အိတ် တွေအောက်မှ ဖိနပ်စုတ်တစ်ရန်ကိုသံချိတ်ဖြင့်ချိတ်ယူလိုက်သည်။

“အေးပါဟာ။ ငါ့ ခုရည်းစားစကားပြောတာကို အဖြေပေးဦးလေ ဟာ နင်ကလဲ”

အေက အားမလိုအားမရဟန်ဖြင့်ပြောသည်။ဘီက စိတ်မရှည်ဟန်ဖြင့် မဲညစ်နေသောသူ့နှုတ်ခမ်းကိုတစ်ချက်ကိုက်ရင်း

“အေးဟာ ၊ပေးတယ် ။ နင်နဲ့ငါ ရည်းစားပေါ့ ။” ဟုပြောရင်း ဟိုတစ်စ၊သည်တစ်စ ကြွပ်ကြွပ်အိတ်များကိုလိုက်လံထိုးဆွနေပြန်၏။
အေကတော့ ဝမ်းသာအားရဟန်ဖြင့်အားရပါးရ ဘီကို ငေးစိုက်ကြည့်နေသည်။

“အေး ဒါဆို ပြီးတာပဲ ၊ ဟန်ကျတာပေါ့။ လပြည့်နေ့တွေဆို ဘုရားအတူတူသွားလို့ရပြီ နင်နဲ့ငါ ။
ရော့ ဒါက နင်နဲ့ငါ ချစ်သူဖြစ်တဲ့အထိမ်းအမှတ် နင့်အတွက်”

ပြောပြောဆိုဆိုပင်အေသည် မိမိမြွေရေခွှံအိတ်ထဲမှ ရေသန့်ဗူးခွံဆယ်လုံးခန့်ထုတ်ပေးသည်။ဘီ၏လက်များက
မြန်ဆန်စွာလစ်ခနဲယူရင်း သူ့အိတ်အတွင်းသို့ထိုးထည့်ပစ်သည်။ဘီ၏မျက်လုံးများအရောင်တဖျက်ဖျက်လက် နေသည်။
အေက “ဟေး”အော်ပစ်လိုက်သည်။
ဤသို့လျှင်အေနှင့်ဘီတို့ လှပစွာ ချစ်သူဖြစ်ခဲ့ကြ၏။
+++ +++ +++
တစ်ရက်တွင်ဘီနေမကောင်း၍ အေနှင့်ဆုံနေကြနေရာသို့ရောက်မလာနိုင်။ အေတစ်ယောက်တည်း အမှိုက်ပုံကို သံချောင်းဖြင့်ဆွရင်းတစ်ချက်တစ်ချက်လမ်းမဘက်သို့မျှော်ကြည့်နေမိသည်။စိတ်တွင်းမှလည်း

“အင်း ။ဒီနေ့ သူရောက်မလာဘူး ။ ဘာဖြစ်လို့ပါလိမ့် ၊ ဘယ်ရပ်ကွက်ဘက် သွားရှာနေလဲမသိဘူး”

“ နေများမကောင်းလို့လားမသိဘူး၊ နေမကောင်းရင်တော့ ဒုက္ခပါပဲ ။ သူ့မိသားစုမှာ သူတစ်ယောက်ပဲ
အလုပ်လုပ်တဲ့လူရှိတာတဲ့ဟိုတစ်ခါပြောဖူးတယ်။ သူ့မောင်လေးတွေက ပုစုခရုတွေဆိုတော့…အင်းခက်ပြီ”

“အင်း တော်ပြီ စဉ်းစားရတာ အလုပ်ပျက်တယ်။ ငါလဲ ဈေးဖိုးမရသေးဘူး။အမေလဲ မျှော်တော့မယ်။ ဟိုဘက်လမ်းကြားထဲလဲ သွားရဦးမှာ တော်ပြီ တော်ပြီ မစဉ်းစားတော့ဘူး”

စသဖြင့် တရစပ်တွေးတောနေမိသည်။ပြီးနောက်အေတစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်အမှိုက်ပုံပေါ်မှ ဆင်းသွား၏။
+++ +++ +++
“ဟဲ့ ။ နင်ဘာလို့ မနေ့က မလာတာလဲ”

အေက နှာချေးဖတ်အခြောက်ကို လက်ဖြင့်ခွာရင်းဘီ့ကိုမေးသည်။

“နေမကောင်းလို့ဟာ။ မနေ့က ငါ့မောင်လေးတွေ ထမင်းစားလိုက်ရဘူး” ဘီ့အသံသိသိသာသာတုန်နေသည်။

မည်းမှောင်သောမျက်နှာတွင်မျက်ကွင်းများကချိုင့်ခွက်နေသည်။ဘီ့ဆံပင်ပေါ်တွင် ကပ်နေသောဖုန်မှုန့်တို့ကို အေက ခါပေးနေမိသည်။

“အင်း။ ဒါဆို ငါ့အိတ်ထဲက ပစ္စည်းတွေနင် ဒီနေ့တဝက်ယူသွားဟာ”

အေမဝံ့မရဲပြောရင်းသူ့အိတ်ထဲမှ ဘီယာဗူးခွံ၊ရေသန့်ဗူးခွံနှင့်အခြားပစ္စည်းအကျိုးအကျေများကို ထုတ်ပေးကာ  ဘီ့ကိုအေးစက်စက်ကြည့်သည်။ထို့နောက်သူ့အိတ်ကို စိတ်မပါလက်မပါပုခုံးပေါ်တင်ရင်း

“ငါ ပြန်တော့မယ် ဟာ ၊ နင်နေကောင်းအောင်နေနော်” ဟု လေးတွဲ့တွဲ့နှုတ်ဆက်ကာအမှိုက်ပုံမှဆင်းသွားသည်။ ဘီ၏မျက်လုံးထဲတွင် စိုထိုင်းထိုင်းလာဖြစ်လာ၏။မျက်နှာကို အင်္ကျ ီဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်သည်။
ထို့နောက်အေထားခဲ့သော ဗူးများခွံများကို သွက်သွက်လက်လက်သူ့အိတ်ထဲသို့ကောက်ထည့်သည်။
+++ +++ +++
A နှင့်B တို့၏ ဖြစ်ရိုးဖြစ်စဉ် နိဂုံး

ထိုနေ့သည်လည်းသာမန်နေ့တစ်နေ့သာဖြစ်သည်။ မိုးကောင်းကင်သည်လည်း အုံ့မှိုင်း၍မနေပါ။ နေသည်လည်း ခြစ်ခြစ်တောက်ပူမနေပါ။ ပတ်ဝန်းကျင်ရှိ လူများသည်လည်း သူတို့နှစ်ဦး(အေနှင့်ဘီ)ကို ဂရုစိုက်၍မနေကြပါ။ ထုံးစံအတိုင်း နှစ်ယောက်သား ကြွပ်ကြွပ်အိတ်များကို ထိုးဆွနေကြသည်။ ဘီကရုတ်တရက်ပြောလိုက်တော့ စကားသံကြောင့်အေသည် မိမိကိုင်ထားသော သံချိတ်နှင့်လက်ဆွဲတော်မြွေအရေခွံအိတ်လွတ်ကျသွား၏။

“ငါ လင်ယူရတော့မယ် ” ဘီ၏အသံမှာအေးစက်စက်။

“ဘာ ! နင်ဘာပြောလိုက်တယ်။”

“ဟုတ်တယ်၊ ငါပစ္စည်းသွားသွင်းနေကျ အဝိန်က ငါ့ကို ယူမယ်လို့ပြောတယ်။မနေ့က အိမ်ကို လာတယ် ။ငါ့ အမေနဲ့စကားပြောတယ် ။ ငါ သူ့ကို ယူရတော့မယ်”

“ဟင် / ဒါဆိုငါ … က” ပြောရင်းဆိုရင် အေသည် အနီးရှိ ပလစ်စတစ်အပိုင်းအစလေးတစ်ခုကို ဆက်ခနဲဆွဲကောက်လိုက်သည်။

“အင်း ။ ငါဒီနေ့ ဒီကိုလာတာ နောက်ဆုံးပဲ ။ အဲဒါ လာပြောတာ နင့်ကို”

ဘီ၏စကားသံမှာပြတ်တောင်းပြတ်တောင်း ။ တစ်ဆက်တည်းမှာပင်

“ဒါပဲဟာ ။ငါသွားတော့မယ် ။ နောက်ဆို နင်လဲ အဝိန့်ဆိုင်မှာ ပစ္စည်းလာသွင်းချင်သွင်းလေ ။ ငါလဲ ရှိနေမှာပဲ”

အေသည် ဘီ့ကိုမျက်မှောင်ကျုတ်၍ကြည့်နေမိသည်။
ဘီက အမှိုက်ပုံပေါ်မှစတင်ဆင်းနေလေပြီ။ ဘီတစ်ချက်လှည့်ကြည့်သည်။ထို့နောက် ခြေလှမ်းကို ချာခနဲပြန်လှည့်ကာအေနှင့်ဝေးရာသို့ တစ်လှမ်း….တစ်လှမ်း….တစ်လှမ်း လျှောက်သွားလေတော့သည်။
ဘီထွက်သွားသောလမ်းဘက်သို့ကြည့်ရင်း အေ တွေဝေငေးငိုင်နေ၏။
ထို့နောက်သူလည်းအမှိုက်ပုံပေါ်မှ ဆင်းကာ သူသွားနေကျဘီယာဗူးခွံများပေါများသောလမ်းကြားထဲသို့ ဝင်လာခဲ့သည်။

+++ +++ +++

ခါတိုင်းနေ့ထက်ပိုမိုထူးခြားသော နေ့ရက်တစ်ရက် အေ့အတွက် ဖြစ်ပွားခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော်ထိုနေ့က လမ်းကြားထဲတွင် ဘီယာဗူးခွံများ ခါတိုင်းထက်ပေါများစွာရရှိခဲ့သည်။
အေ အလွန်ပျော်ရွှင်ရပါသည်။

မောင်ရေချမ်း
ရနံ့သစ်မဂ္ဂဇင်း၊ ဧပရယ်လ ၊ ၂၀၁၄