Showing posts with label ၀တၳဳတုိ. Show all posts
Showing posts with label ၀တၳဳတုိ. Show all posts

Wednesday, October 14, 2020

နားရွက်တုများ ၊ အသံတုများ ၊ အချိန်တုများ

 အခုတလော သူ့နားရွက်ကြောင့် သောကရောက်နေရသည် ။ သူ့နားရွက် သူဒေါသထွက်နေရသည်။ နားရွက် ကြောင့် နေ့ဘက်တွင်နေမထိ ထိုင်မသာ ၊ ညဘက်တွင် အိပ်မပျော် ဖြစ်နေရသည်။ တဝီဝီအသံများက ဒုက္ခကြီး စွာပေးနေသည်။ တဂွီဂွီ ၊ တဂီးဂီးအသံများ များကို အချိန်တိုင်းလိုလိုကြားနေရသည်။ တချို့အသံများကိုညကို အားတင်း၍ အိပ်ပျော်နေစဉ်တွင်ပင် အိ်ပ်မက်ထဲ၌ ကြားနေရပြန်သည်။ 

“ ကိုယ်အခု ရက်ပိုင်း နေရထိုင်ရ ကျပ်နေတယ်ကွာ” ဟု သူ့မိန်းမကို ဖွင့်ဟပြောမိတော့ သူ့မိန်းမက တွေတွေ ငေးငေးကြည့်ကာ သက်ပြင်းဖွဖွချသည်။ ထို့နောက်

“ ကျွန်မ သတိထားမိတာ ကြာပြီ။ ညဘက်တွေလည်းအိပ် ယာထဲမှာ ဟိုဘက်လူး ၊ ဒီဘက်လိမ့်နဲ့ အိပ်ပျော်ပုံ လည်းမရဘူး ။ နေ့ခင်းဘက်လဲ အလုပ်က ပင်ပန်းနဲ့ ရှင့်စိတ်ထဲ ဘာတွေဖြစ်နေလဲမသိရဘူး။ စိတ်ညစ်တာပဲ”

ဟု ညင်သာတိုးဖျော့စွာပြောသည်။ သူ့ခေါင်းတွေ မိုက်ခနဲဖြစ်လာသည်။ သူ့မိန်းမနှင့်စကားပြောနေစဉ်တွင် တစ်ချိန်တည်းမှာပင်  ကြားနေကျအသံပေါင်းများစွာက ပဲ့တင်ထပ်စွာရိုက်ဟည်းနေသည်။ သူ့နားရွက်ကိို သူ အထိတ်တလန့် ဆွဲကိုင်မိသည်။ နှုတ်ဖျားမှလည်း အထစ်ထစ် အငေါ့ငေါ့နှင့် စကားလုံးတချို့ခုန်ပေါက်ထွက်ကျ လာသည်။

“ နားထဲမှာ ၊ ကိုယ့်နားထဲမှာ ….” မပီမသ တုန်ခါတိုးဖျော့နေသောစကားစုတချို့။

သူ့မိန်းမက သူ့ကိုကြည့်သောအကြည့်တွင် အထူးအဆန်းသက်ရှိသတ္တဝါတစ်ကောင်ကိုမြင်လိုက်ရသောနှယ်။

“ရှင် ဘာဖြစ်နေတာလဲ ။ ခက်တော့တာပဲ ။ အိပ်ရေးပျက်တာတွေ များပြီး ကယောင်ကတမ်းဖြစ်နေပြီထင်တယ်”

သူ့မျက်ကွင်းတွေက တွင်းနက်နက်တစ်ခုလို ဟောက်ပက်။ မျက်နှာပြင်တစ်ခုလုံးလည်း သွေးမရှိသလို ဖြူရော် အက်ကွဲနေသည်။ သူ့နားရွက်တွေကို ဒုတိယအကြိမ်အယောင်ယောင်အမှားမှား ဆွဲဆုပ်ထားမိပြန်သည်။ နားဝ နှစ်ဖက်လုံးကို အလန့်တကြားပိတ်ထားမိသည်။ သူ့မိန်းမကတော့“ကျွတ်” ခနဲတစ်ချက်စုတ်သပ်ကာ သူ့အနား မှ ထွက်သွားလေပြီ ။


++++                    ++++                                   ++++


အသံများက ထူးကိုထူးဆန်းလွန်းသည်။ သွေးဆာနေဟန်တစေ ္ဆသရဲပေါင်းများစွာ၏အော်သံများ ၊ နာနာကျင် ကျင်ညည်းညူနေသော တစ်ဆို့ငိုရှိုက်သံများ ။ တစ်ခါတရံ တချို့အသံများက ဆာလောင်မွတ်သိပ်မှုကိုအံကြိတ် နေသော အသံများပမာ။


“ပေါင်မုန့်တစ်လုံးလောက် ပေးပါ ။ ကျွန်တော်(ကျွန်မ)တို့ကို ပေါင်မုန့်တစ်လုံးလောက်ပေးပါ…ပေါင်မုန့်…တစ်.. လုံး…..လောက်……”


ထိုကဲ့သို့ အက်ကွဲကြမ်းရှနေသောအသံမျိုးများထဲတွင် သူ့နားရွက်များ ပူလောင်လာသည်။နှုတ်ခမ်းများတဆတ် ဆတ်တုန်ရီလာသည်။ မျက်ဝန်းများ စိုထိုင်းလာသည်။


“အား”


သူ့စိတ်တွင်းမှအော်ဟစ်လိုက်သောအသံကလည်ချောင်းဝရောက်လုရောက်ခင်ပဲ တစ်စုံတစ်ရာကပိတ်ဆို့လိုက် သကဲ့သို့ တိမ်ငုပ်ပျောက်ကွယ်သွားသည်။ အိပ်ယာဘေးက နာရီလေးကို ဖျတ်ခနဲ ကြည့်မိသည်။ ည (၂)ထိုးရန် ဆယ်မိနစ်အလို ။ နံဘေးတွင် ယှဉ်တွဲအိပ်စက်သော ဇနီးသည်ကို ကြည့်မိပြန်သည်။ နံရံကိုကြည့်မိပြန်သည်။ တစ်ခါ လစ်ခနဲပြန်အကြည့်က မျက်နှာကြက်ကို ရွေ့သွားပြန်သည်။


“မဖြစ်တော့ဘူး …။ အသံတွေ… ၊ အ… သံ…တွေ ။”


သူ့နှုတ်ခမ်းလွှာများကျယ်လောင်စွာပွင့်ဟအန်ထွက်လာသည်။ ဗလုံးဗထွေးစကားသံတချို့က ညဘက်အိပ်ခန်း လေးထဲတွင် ပဲ့တင်ထပ်စွာ။


“ရှင် … ရှင် . ဘာဖြစ်နေပြန်လဲ ။ အိပ်မပျော်ပြန်ဘူးလား ။ ခက်တော့တာပဲ တော်ပြီ တော်ပြီ ။ ကျွန်မလဲအခန်း ပြောင်းအိပ်တော့မယ်။ ရှင်နဲ့အိပ်ရတာ လန့် လန့် နိုးလာတယ် ။ ဘာတွေဖြစ်နေလဲမသိ ။ခက်တော့ခက်နေပြီ”


အိပ်မှုန်စုံဖွားဖြစ်နေဟန်သူ့မိန်းမ၏တိုးတိုးဖျော့ဖျော့စကားသံတချို့က သူ့နားတွင်ကြားတစ်ချက်၊မကြားတစ် ချက် ။ အဝေးမှအသံများက တုန်ခါကျယ်လောင်စွာ သူ့နားစည်ထဲသို့ ရိုက်လွင့်လာပြန်သည်။ သူ ငူငူငိုင်ငိုင်ဖြင့် အိပ်ယာပေါ်တွင် ထထိုင်လိုက်သည်။ သူ့မိန်းမကတော့ သူ့ကိုစိတ်ပျက်လက်ပျက်ကြည့်တာ ခေါင်းအုံးနှင့် စောင်ယူ၍ အခန်းအပြင်သို့ ထွက်သွားလေပြီ ။ သူတစ်ယောက်တည်းသာ တတွတ်တွတ်အသံအပိုင်းအသံများ ကို ရေရွတ်နေမိသည်။


“မဖြစ်တော့ဘူး ၊ မဖြစ်တော့ဘူး ။ အား  ဘာလုပ်ရမလဲ ၊ ဘာလုပ်ရပါ့မလဲ ။”


အိပ်ယာမှ ထကာ ခေါက်တုံ့ခေါက်ပြန်အခန်းထဲတွင် လမ်းလျှောက်နေမိသည်။ အသံပေါင်းများစွာက နားထဲသို့ တိုးဝှေ့ဝင်လာဆဲ။ ပြတင်းပေါက်မှ အပြင်ဘက်ကို အလန့်တကြားသူလှမ်းကြည့်မိပြန်သည်။ ညသည် သည်း ထန်အုံ့မှိုင်းစွာ မှောင်ရီပြာဝေနေသည်။ စိတ်ကို စိတ်က ကုတ်ခြစ်လာသံတွေ တဖျင်းဖျင်း ။

“မဖြစ်တော့ဘူး ။ မဖြစ်တော့ဘူး …….” သူ့နှုတ်ဖျားမှ ကြိမ်ဖန်ထပ်စွာ ရေရွတ်နေမိပြန်သည်။

ဖျတ်ခနဲ အတွေးတစ်စ ခေါင်းထဲသို့ လက်ခနဲဝင်လာသည်။ သူ အထက်တန်းကျောင်းသားဘဝက သင်ယူခဲ့ရ သော အိပ်ပျော်ခြင်းနှင့်အိပ်မက်များ စာစုထဲမှ အိပ်မက်များကို ပျော်ရွှင်သောအဆုံးသတ်ဖြစ်စေရန်ကြိုးစားနည်း တစ်ခုကို သတိရသွားသည်။ အိပ်ယာဘေး စားပွဲမှအံဆွဲများကို ဒရောသောပါးဖွင့်လိုက်သည်။ လက်တွေကိုတုန် ရီခါယမ်းနေသည်ကို သူကိုယ်တိုင်သတိထားမိသည်။ စာရွက်အလွတ်တစ်ရွက်ကို တွေ့တော့ သူအလွန်အမင်း ပျော်ရွှင်တက်ကြွသွားရသည်။ စားပွဲပေါ်တွင်အသင့်ရှိသော ဘောပင်ကိုယူ၍ နားထဲတွင်ကြားနေရသောအသံ ပေါင်းများစွာကို ချရေးမိသည်။သိပ်မကြာမီ စာရွက်တစ်ရွက်လုံး ရှုပ်ထွေးမည်းညစ်လာ၏။


“မြင်းခွာသံများ ။တိမ်ပြေးလွှားသံများ ။ သေနတ်သံများ ။ ရေစီးသံများ ။ ပွယောင်းယောင်းရယ်သံများ။အမှောင် ထုထည် အစိုင်အခဲတို့ပွတ်တိုက်သံများ။ ထစ်အနေသောစီဒီခွေတစ်ခွေမှ ရော့(ခ်)သီချင်းကြမ်းကြမ်းများ။”

သူချရေးလိုက်သော စာရွက်တွင် အသံပေါင်းများစွာ ပြည့်ကျပ်လာ၏။ တချို့အသံများက အလံဖြူလွှင့်နေသည်။ တချို့အသံများက သွေးပွက်ပွက်ထလုအနီရောင်အလံများကို ထူမတ်ထားလျက်။တဖြည်းဖြည်း အသံများတိုး တိုးလာ၏။ ထို့နောက် ဝေး၍ဝေး၍သွားသည်။ ပြီးနောက် နား နားတွင်ကပ်အော်သကဲ့သို့ကျယ်လောင်ကွဲရှလာ ပြန်၏။ ပီပြင်ရှင်းလင်းစွာ ကြားရစေရန် သူသေချာနားထောင်အာရုံစွင့်နေမိသည်။


(ငိုသံများ ၊ ငိုသံများ ….ငိုသံများ ။ အဆုံးအစမရှိသော ငိုသံများ ။)


စာရွက်ပေါ်တွင်ပြည့်ကျပ်နေသောနေရာများပေါ်မှထပ်ရေးလိုက်သည်။ ဟုတ်သည်။ သူ ပီပီသသကြားလိုက်ရ သည်က ငိုသံများဖြစ်သည်။ ငိုသံများသည် ရောထွေးပြွက်သိပ်နေ၏။ ငိုသံများကို ဖုံးလွှမ်းသွားသော အသံနက် နက်များကို ထပ်မံကြားရပြန်သည်။


သူအလန့်တကြား အော်မိပြန်သည်။ “အား”


( ပေါက်ကွဲ လွင့်စင်သံများ ၊ ပစ်ခတ်နေသော လက်နက်ပေါင်းများစွာ၏အသံများ ။ ငိုသံများ ။ တောင်းဆိုကြေ ကွဲနေကြသော အသံများ ။ ကျယ်လောင်စူးရှသော သေနတ်သံများ ။ )


သူ နားရွက်များ ထူပူလာလေပြီ။ သူ့နားရွက်သူဖြတ်ချင်စိတ်ပေါက်လုပင် ကျယ်လောင်သောအသံများကို သူ သည်းခံနိူင်စွမ်းမရှိတော့ပါ။ ဝေ့ဝိုက်ပျံ့လွင့်လာသော အသံတို့သည် ပို၍ပို၍ပင် စူးနက်လှိုင်းထလာ၏။ သူ့လည် ချောင်းသည်လည်း ခြစ်တောက်ပူနွေးနေလေပြီ။ အနီးရှိအဝတ်စတခုကို ဆွဲယူ၍နားရွက်ထဲသို့ အတင်းထိုးသိပ် နေမိသည်။ ထို့နောက် အသံတို့သည် တဖြည်းဖြည်း တိုးဖျော့၍သွားပြန်သည်။ သူ မျက်လုံးများကို အားနှင့်အင် နှင့် မှိတ်၍ထားသည်။ မကြာမီပင် တစ်ချက်တစ်ချက် ညည်းညူကာ သူအိပ်ပျော်သွားတော့သည်။

++++              ++++                                  ++++

“ရှင် အဆင်ပြေရဲ့လား ။ ညက အိပ်ပျော်သေးလား ။”

မနက်ခင်းတွင် ကော်ဖီသောက်ရင်း သူ့မိန်းမက အေးစက်စက်မေးသည်။ သူ မပြုံးမရယ် ၊ တွေဝေပျော့အိသော အကြည့်တစ်ခုနှင့် ဖျတ်ခနဲကြည့်ရင်းသာ သူ့မိန်းမ မေးခွန်းကို ခေါင်းညိတ်ဖြေလိုက်သည်။ကော်ဖီသောက်ရင်း သူ လစ်ခနဲသတိရလာသည်။ ရုတ်တရက် ဝုန်းခနဲထကာ သူ့အိပ်ခန်းအတွင်းသို့ပြေးဝင်သွားသည်။ သူ့မိန်းမ နားမလည်ဟန်၊ပူပန်ဟန်ဖြင့် ကျန်ခဲ့သည်။


သူ့အိပ်ခန်းအတွင်းသို့ရောက်သော် ရှုပ်ပွနေသည့်စားပွဲပေါ်တွင် သူတစ်စုံတစ်ခုကို အပြင်းအထန်ရှာသည်။ ဒေါက်ခနဲ ကြမ်းပြင်ပေါ်သို့ ဘောပင်တစ်ချောင်းပြုတ်ကျသွား၏။ တြွေ့့ပီ။ သူဝမ်းသာအားရဖြင့် အားပါးတရရယ် မောလိုက်သည်။ စာရွက် ။ ညတုန်းက သူရေးခဲ့သည် စာရွက်။ နောက်သူ အထိတ်ထိတ်အပြာပြာဖြစ်လာဟန် ၍အရယ်ရပ်မိသည်။ သူ သွေးဆုပ်ဖြူရော်သော အကြည့် ဝေခွဲမရသောအကြည့်ဖြင့် စာရွက်ပေါ်ကို ပြူးကျယ် စွာကြောင်ငေးကြည့်နေမိသည်။

“အသံတွေ ။ အသံ…တွေ  ၊ ဘယ်ပျောက်ကုန်လဲ ။ ငါ အသံတွေ ။ ငါတို့ အသံတွေ”

ထူးဆန်းစွာပင် သူရေးသမျှအသံတစ်ခုမျှမရှိတော့ စာရွက်က အဖြူထည်ထည်သက်သက်။ သူအထိတ်တလန့် ဖြစ်လာ၏။ အသံများ ၊ မွတ်သိပ်နေသောအသံများ ၊ ဆူညံနေသောအသံများ ဘယ်ပျောက်ကုန်သလဲ ။သူ့စိတ် တွင်း မေးခွန်းပေါင်းစွာသိုင်းခြုံလာ၏။ ထို့နောက် “အား”ဟု ကျယ်လောင်ပြင်းပြစွာ အော်ဟစ်ပြန်လိုက် သည်။ သူ ကြားနေရပြန်လေပြီ။ သူ့နားရွက်သည် ဒုက္ခပေးလာပြန်ပြီ။ အသံများစွာ တိုးခါ ကျယ်ခါ ကြားရပြန် လေပြီ။ အေးစက်စက်လက်တစ်စုံသူ့ပုခုံးကို သိုင်းဖက်လိုက်သောကြောင့် သူအလန့်တကြားကြည့်မိသည်။

“ရှင် ဆေးခန်းသွားဖို့ လိုပြီထင်တယ်။ ရော့ … ၊ အိပ်ဆေးသောက်လိုက် ။ ဒီနေ့အလုပ်မသွားနဲ့တော့ ။ ပြန်အိပ် လိုက်တော့ ။”

ဟု ကြင်ကြင်နာနာ ညင်သာစွာပြောဆိုသည့် သူ့မိန်းမ ။ ကမ်းပေးလာသည့် ဆေးကိုပါးစပ်ထဲပစ် ထည့်ကာ အလျင်အမြန်ပင်သောက်ချလိုက်သည်။ သိပ်မကြာမီပင် သူ့မျက်လုံးတွေစင်းလာကာ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်သွား၏။ အိပ်မက်ထဲတွင်တော့ ကြားနေကျအသံပေါင်းများစွာကို သူကြားနေဆဲ။

++++                               ++++                                  ++++

သူအိပ်ယာနိုးတော့ ပတ်ဝန်းကျင်တစ်ခုလုံးမည်းမှောင်နေ၏။ နာရီက ညဆယ်နာရီထိုးလုထိုးခင်။ သူနာရီပေါင်း များစွာ အိပ်ပျော်သွားပါကော။ပြတင်းပေါက်မှပတ်ဝန်းကျင်ကို ကြည့်မိတော့ညစစ်စစ်အတိုင်းမဲပြာအုံ့မှိုင်းနေ၏။ သူ့အသိဉာဏ်က ကြားနေကျအသံများကို ရုတ်တရက်သတိရသွား၏။ တစ်ပြိုက်နက်ပင် အသံပေါင်းများစွာ ဝုန်းဒိုင်းကြဲ ဝင်လာကြ၏။

“စာရွက် ။ စာ ရွက် ။ ဘောပင် …ဘော ပင် ဘောပင်”

သူသွေးရူးသွေးတန်းညည်းတွားရင်း စာရေးစားပွဲသို့ မောဟိုက် နွမ်းလျစွာ ပြေးလွှား သွားသည်။ ထို့နောက် နားထဲတွအူခဲ ပိတ်ဆို့နေသောအသံများကို သုတ်သီးသုတ်ပြာ ချရေးနေမိတော့သည်။

(မွတ်သိပ်မှုအသံများ ။ ငိုသံများ ။ အိပ်မက်နတ်ဆိုးများ၏ပွယောင်းယောင်းရယ်သံများ ။ ကလေးငယ်တစ်ဦး    နို့တိုက်ကျွေးရန်တောင်းနေသံများ ။ တောင်းပန်ရို့ကျိုးသံများ ။ ခက်ထန်မာကျောနေသော အသံများ ။ မီးတောက်များ တဖျစ်ဖျစ်လောင်ကျွမ်းနေသောအသံများ )

အသံများ ။ မဆုံးနိုင်သောအသံများကို သူ ဒရကြမ်းချရေးနေမိသည်။ တဖြည်းဖြည်း သူ့စိတ်သည် လွင့်မျောပေါ့ ပါးလာ၏။ သူ့မျက်လုံးများသည် တဖြည်းဖြည်းစင်း စင်းလာ၏။ ဒီညတော့ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တော့ မည်ထင်သည်ဟု သူအားတင်းတွေးနေမိသည်။ ရုတ်တရက် ဝုန်းခနဲ ၊ ဒိုင်းခနဲအသံများက ထပ်မံဆောင့်ဝင်လာ သောအခါ စင်းနေသော သူ့မျက်လုံးများ ပြူးကျယ်လန့်ထိတ်လာပြန်သည်။ နှလုံးခုန်သံများ တဖြည်းဖြည်း မြန် မြန်လာ၏။ တဖြည်းဖြည်း မော မောလာသည်။ အသံများက ပို၍ ပို၍ ကျယ်လောင်လာသည်။

“အား”  သူခြစ်ကုစ်၍အော်ပစ်လိုက်မိသည်။ သူ့ပတ်ဝန်းကျင်ကို သူကြောက်လန့်တကြား ကြည့်မိသည်။ အမှောင်များက ထုထည်ကြီးစွာ ညကို အုပ်မိုးပိုင်စီးထားဆဲ။ နားစည်ထဲတွင် ပူလင်းပြင်းထန်သော အသံလှိုင်း များ ၊ တောင်းဆိုဆာလောင်သံများက ဆက်တိုက်။ သူ့စိတ်များသည် စိမ်းစိုသောမြက်ခင်းများ၊ကြည်လင်သော စမ်းချောင်းလေးများ ၊ တဖိတ်ဖိတ်လဲ့နေသော ကြယ်များကြား ရောက်ရှိသွားကာ မကြာမီ အိပ်ပျော်သွား တော့သည်။

                                                                     မောင်ရေချမ်း

                                                               (  ( ရွှေအမြုတေမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြ )

Sunday, September 13, 2020

သက်ရှိသတ္တဝါ A နှင့် B တို့၏ သမားရိုးကျ အသည်းကွဲပုံပြင်(သို့မဟုတ်)ဇာတ်လမ်း




ဤအဖြစ်အပျက်ပါလူသတ္တဝါထီးတစ်ဦးကို အေဟုခေါ်ဆိုနိုင်ပြီးကျန်လူသတ္တဝါမ တစ်ဦးကို ဘီဟုလွယ်လွယ် ခေါ်ဆိုနိုင်ပါသည်။အမည်နာမတပ်ရန်မလိုသောအရာ/မှတ်သားရန်မလိုအပ် သောအရာများ
အတွက် စာဖတ်သူမိတ်ဆွေကို ခေါင်းမရှုပ်စေချင်ပါ။



+++ +++ +++
ထိုနေ့က မိုးလည်းမရွာပါ။လှပသော သက်တန့်တစ်စင်းလည်း ကောင်းကင်၌ ပေါ်ထွက်မနေပါ။
ဤဇာတ်လမ်းပါလူဆန်ဆန်ဇာတ်ကောင်သက်ရှိ အေနှင့်ဘီ တို့စတင်တွေ့ဆုံသည့်နေရာမှာလည်း အချစ်ဝတ္ထုများတွင်ပါရှိသော တိတ်ဆိတ်ငြိမ်အေးသည့်ကော်ဖီဆိုင်တွင်လည်းမဟုတ်ပါ။လူပြတ်သော လမ်းသွယ်တစ်ခုတွင်လည်းမဟုတ်ပါ။ ထို့အတူ လူရမ်းကားများနှောင့်ယှက်သောကြောင့် အေမှ ဘီကိုကာကွယ် ကယ်တင်ကာ စတင်ရင်းနှီးတွေ့ဆုံခြင်းလည်းမဟုတ်ခဲ့ ။

+++ +++ +++

စတင်တွေ့ဆုံရာနေရာ_ဆင်ခြေဖုံးရပ်ကွက်တစ်ခု၏အမှိုက်ပုံတစ်နေရာဖြစ်သည်။အေသည် အမှိုက်ပုံကို သံချိတ်တစ်ချောင်းဖြင့်ထိုးဆွလျက်။ ဘီက အေနှင့်ခပ်လှမ်းလှမ်းတစ်နေရာတွင်ရာဘာဖိနပ်ဟောင်းတစ်ရံကို မြွေအရေခွံအိတ် ထဲသို့ ထိုးထည့်နေသည်။ ထိုသို့ ကဗျာမဆန်သောနေရာတွင်တစ်ယောက်နှင့်တစ်ယောက် စတင်တွေ့ဆုံခဲ့ကြသည်။ အေမှဘီကို မထူးဆန်းသောအကြည့်တစ်ချက်ဖြင့်ကြည့်ကာရွှံ့ပေနေသော ရေသန့်ဗူးခွံတစ်လုံးကို အင်္ကျ ီဖြင့်တစ်ချက်ပွတ်ကာသူ့ကျောပေါ်
တင်ထားသောအိတ်ထဲသို့ပစ်ထည့်လိုက်သည်။
 “နင်က ဘယ်ကလဲ”
 အေ၏အမေးစကားမှာ နုရွလှပမနေ သာမန်ပြောရိုးပြောစဉ်အတိုငး် ။ အချစ်ဝတ္ထုများတွင် ပါနေကျဖြစ်သော ဇာတ်ကောင်မင်းသားမှ မင်းသမီးကို နာမည်မေးမြန်းစုံစမ်းရာတွင် မဝံ့မရဲဖြစ်နေသည့်ဟန်မျိုးလည်းမရှိပါ။
 “အေး ..ငါကဟိုဘက်ရပ်ကွက် က ။ နင်ကရော ဘယ်ကလဲ”
 ဘီမှ ပြန်ဖြေရာတွင် မျက်လုံးကိုလည်းပေကလက်ပေကလက်လုပ်၍မဖြေပါ ။ ထို့အတူ ရှက်စနိုးဟန်ဖြင့်လက်ကိုင်ပဝါစကိုလည်း ဆွဲလိမ်မနေပါ။ ( လက်ကိုင်ပဝါလည်း အနီးတွင် မရှိပါ ) ။ ဘီ၏နံဘေးတွင်ညစ်ပေနံစော်နေသော အမှိုက်သရိုက်များသာရှိပါသည်။

သူတို့နှစ်ယောက်စတင်မိတ်ဆက်ပြောဆိုသောစကားများမှာ အောက်ပါအတိုင်းဖြစ်သည်။
 “ ငါက ဒီရပ်ကွက်ကပဲနင်က ဘာလို့ ဒီဘက်ရပ်ကွက်အမှိုက်ပုံအထိ လာရှာတာလဲ”

အေ၏အသံမှာသိသိသာသာမာနေပါသည်။

“ငါတို့ ရပ်ကွက်ကအမှိုက်ပုံနည်းလို့ ဒီဘက်အထိကူးလာတာ”

“ဒါဆို နောက်နေ့လည်းနင်ဒီကို လာဦးမှာပေါ့”

“အေး” ဘီ၏ပြန်ဖြေသံမှာလည်း ဇာတ်ဝင်ခန်းများတွင်တွေ့နေ/ကြားနေကျပျစ်ချွဲချွဲအသံမျိုးမဟုတ်။အေးတိအေးစက်ဖြစ်၏။

“အေး ၊ ပီးရော။ ငါတော့ ဟိုဘက်လမ်းကြားထဲ သွားရှာဦးမယ်။အဲဒီ့ဘက်မှာ ဘီယာဗူးခွံတွေ ရတတ်တယ်”

“အင်း”

ထိုနေ့က သာမန်အတိုင်းပင် အေနှင့်ဘီတို့ဆုံတွေ့ပြီးခွဲခွာခဲ့ရသည်။

+++ +++ +++


နောက်နေ့များတွင်လည်းအေနှင့်ဘီတို့ ထိုနေရာ၌ပင် တွေ့ဆုံဖြစ်ကြသည်။ပြောနေကျစကားများကိုပြောဖြစ် ကြသည်။

“နင်တို့ရပ်ကွက်မှာရော ပစ္စည်းဈေးက ဒီလောက်ပဲလား။ရေသန့်ဗူးတစ်လုံးဘယ်လောက်ပေးလဲ”

“တစ်ဆယ်။ဘီယာဗူးဆို နှစ်ဆယ် ။ ဘီယာပုလင်းခွံ ဆို ငါးဆယ်”

“အော်…သိပ်မကွာဘူးပဲ။ နင်ရော အဆင်ပြေလား ”

“ပြေသင့်သလောက်တော့ပြေပါတယ်ဟာ ။ နင်ရော”

“ငါလည်း ဒီလိုပါပဲ”

သူတို့နှစ်ယောက်နေ့စဉ်ပြောလေ့ရှိကြသောစကားများပါအထက်ပါအတိုင်းပင်ဖြစ်သည်။

+++ +++ +++

A နှင့် B တို့၏ သံယောဇဉ်ထုံးဖွဲ့သောရက်စွဲများ
တစ်ရက်/တစ်ရက်/တစ်ရက်/တစ်ရက်/……………………………..
(၃) လခန့်ကြာသော်

+++ +++ +++

“နင့်ကိုငါချစ်တယ်ဟာ” အေသည်မြေကြီးထဲတွင်မြှုပ်နေသောအချိုရည်ဗူးခွံလေးကို မရမကထိုးဆွနေရင်းနှုတ်ဖျားမှ စကားတချို့ ခုန်ကျလာသည်။ဘီက ကော်ပစ္စည်းအကျိုးအပဲ့တချို့ကိုမိမိအိတ်ထဲသို့ထည့်ရင်း အေကိုပြန်မော့ကြည့်သည်။
ထို့နောက် တဟီးဟီး ရယ်သည်။
“နင်က ငါကိုချစ်တယ်တဲ့။ ဟီး ..ဟီး ။ ရယ်စရာကြီး ရှက်လဲမရှက်ဘူး ပြောတယ်”

အေ အနည်းငယ်ဒေါသထွက်သွားဟန်ဖြင့်

“ဟ ဘာရှက်စရာလိုလဲ။သူများတွေလဲ အဲလိုပဲပြောနေကျတာပဲ ။ နင်ဗီဒီယိုတွေမကြည့်ဖူးဘူးလား ဟ”

အေ၏အသံမှာအတန်ကျယ်လောင်သွားသဖြင့်ဖြတ်သွားဖြတ်လာစုံတွဲတစ်တွဲက အမှိုက်ပုံပေါ်သို့တစ်ချက်လှမ်းကြည့်သည်။ထိုနောက် အကြည့်ကိုလွှဲကာထိုစုံတွဲမှ ကောင်မလေးက သူ့နှုတ်ခေါင်းဝသူ တစ်ရှူးစဖြင့်အုပ်လိုက်သည်။အေ၏ မျက်နှာကျင်ခနဲ ဖြစ်သွား၏။

“ဟယ် …ဟိုမှာရာဘာဖိနပ်တစ်ရန် ဟ။ ကော်တာပဲ ။ ငါအရင်တွေ့တာနော် ။”

ဘီက ပြောပြောဆိုဆိုပင် ပလက်စတစ်အိတ် တွေအောက်မှ ဖိနပ်စုတ်တစ်ရန်ကိုသံချိတ်ဖြင့်ချိတ်ယူလိုက်သည်။

“အေးပါဟာ။ ငါ့ ခုရည်းစားစကားပြောတာကို အဖြေပေးဦးလေ ဟာ နင်ကလဲ”

အေက အားမလိုအားမရဟန်ဖြင့်ပြောသည်။ဘီက စိတ်မရှည်ဟန်ဖြင့် မဲညစ်နေသောသူ့နှုတ်ခမ်းကိုတစ်ချက်ကိုက်ရင်း

“အေးဟာ ၊ပေးတယ် ။ နင်နဲ့ငါ ရည်းစားပေါ့ ။” ဟုပြောရင်း ဟိုတစ်စ၊သည်တစ်စ ကြွပ်ကြွပ်အိတ်များကိုလိုက်လံထိုးဆွနေပြန်၏။
အေကတော့ ဝမ်းသာအားရဟန်ဖြင့်အားရပါးရ ဘီကို ငေးစိုက်ကြည့်နေသည်။

“အေး ဒါဆို ပြီးတာပဲ ၊ ဟန်ကျတာပေါ့။ လပြည့်နေ့တွေဆို ဘုရားအတူတူသွားလို့ရပြီ နင်နဲ့ငါ ။
ရော့ ဒါက နင်နဲ့ငါ ချစ်သူဖြစ်တဲ့အထိမ်းအမှတ် နင့်အတွက်”

ပြောပြောဆိုဆိုပင်အေသည် မိမိမြွေရေခွှံအိတ်ထဲမှ ရေသန့်ဗူးခွံဆယ်လုံးခန့်ထုတ်ပေးသည်။ဘီ၏လက်များက
မြန်ဆန်စွာလစ်ခနဲယူရင်း သူ့အိတ်အတွင်းသို့ထိုးထည့်ပစ်သည်။ဘီ၏မျက်လုံးများအရောင်တဖျက်ဖျက်လက် နေသည်။
အေက “ဟေး”အော်ပစ်လိုက်သည်။
ဤသို့လျှင်အေနှင့်ဘီတို့ လှပစွာ ချစ်သူဖြစ်ခဲ့ကြ၏။
+++ +++ +++
တစ်ရက်တွင်ဘီနေမကောင်း၍ အေနှင့်ဆုံနေကြနေရာသို့ရောက်မလာနိုင်။ အေတစ်ယောက်တည်း အမှိုက်ပုံကို သံချောင်းဖြင့်ဆွရင်းတစ်ချက်တစ်ချက်လမ်းမဘက်သို့မျှော်ကြည့်နေမိသည်။စိတ်တွင်းမှလည်း

“အင်း ။ဒီနေ့ သူရောက်မလာဘူး ။ ဘာဖြစ်လို့ပါလိမ့် ၊ ဘယ်ရပ်ကွက်ဘက် သွားရှာနေလဲမသိဘူး”

“ နေများမကောင်းလို့လားမသိဘူး၊ နေမကောင်းရင်တော့ ဒုက္ခပါပဲ ။ သူ့မိသားစုမှာ သူတစ်ယောက်ပဲ
အလုပ်လုပ်တဲ့လူရှိတာတဲ့ဟိုတစ်ခါပြောဖူးတယ်။ သူ့မောင်လေးတွေက ပုစုခရုတွေဆိုတော့…အင်းခက်ပြီ”

“အင်း တော်ပြီ စဉ်းစားရတာ အလုပ်ပျက်တယ်။ ငါလဲ ဈေးဖိုးမရသေးဘူး။အမေလဲ မျှော်တော့မယ်။ ဟိုဘက်လမ်းကြားထဲလဲ သွားရဦးမှာ တော်ပြီ တော်ပြီ မစဉ်းစားတော့ဘူး”

စသဖြင့် တရစပ်တွေးတောနေမိသည်။ပြီးနောက်အေတစ်ယောက် ခေါင်းငိုက်စိုက်ဖြင့်အမှိုက်ပုံပေါ်မှ ဆင်းသွား၏။
+++ +++ +++
“ဟဲ့ ။ နင်ဘာလို့ မနေ့က မလာတာလဲ”

အေက နှာချေးဖတ်အခြောက်ကို လက်ဖြင့်ခွာရင်းဘီ့ကိုမေးသည်။

“နေမကောင်းလို့ဟာ။ မနေ့က ငါ့မောင်လေးတွေ ထမင်းစားလိုက်ရဘူး” ဘီ့အသံသိသိသာသာတုန်နေသည်။

မည်းမှောင်သောမျက်နှာတွင်မျက်ကွင်းများကချိုင့်ခွက်နေသည်။ဘီ့ဆံပင်ပေါ်တွင် ကပ်နေသောဖုန်မှုန့်တို့ကို အေက ခါပေးနေမိသည်။

“အင်း။ ဒါဆို ငါ့အိတ်ထဲက ပစ္စည်းတွေနင် ဒီနေ့တဝက်ယူသွားဟာ”

အေမဝံ့မရဲပြောရင်းသူ့အိတ်ထဲမှ ဘီယာဗူးခွံ၊ရေသန့်ဗူးခွံနှင့်အခြားပစ္စည်းအကျိုးအကျေများကို ထုတ်ပေးကာ  ဘီ့ကိုအေးစက်စက်ကြည့်သည်။ထို့နောက်သူ့အိတ်ကို စိတ်မပါလက်မပါပုခုံးပေါ်တင်ရင်း

“ငါ ပြန်တော့မယ် ဟာ ၊ နင်နေကောင်းအောင်နေနော်” ဟု လေးတွဲ့တွဲ့နှုတ်ဆက်ကာအမှိုက်ပုံမှဆင်းသွားသည်။ ဘီ၏မျက်လုံးထဲတွင် စိုထိုင်းထိုင်းလာဖြစ်လာ၏။မျက်နှာကို အင်္ကျ ီဖြင့်ခပ်ကြမ်းကြမ်းပွတ်သုတ်သည်။
ထို့နောက်အေထားခဲ့သော ဗူးများခွံများကို သွက်သွက်လက်လက်သူ့အိတ်ထဲသို့ကောက်ထည့်သည်။
+++ +++ +++
A နှင့်B တို့၏ ဖြစ်ရိုးဖြစ်စဉ် နိဂုံး

ထိုနေ့သည်လည်းသာမန်နေ့တစ်နေ့သာဖြစ်သည်။ မိုးကောင်းကင်သည်လည်း အုံ့မှိုင်း၍မနေပါ။ နေသည်လည်း ခြစ်ခြစ်တောက်ပူမနေပါ။ ပတ်ဝန်းကျင်ရှိ လူများသည်လည်း သူတို့နှစ်ဦး(အေနှင့်ဘီ)ကို ဂရုစိုက်၍မနေကြပါ။ ထုံးစံအတိုင်း နှစ်ယောက်သား ကြွပ်ကြွပ်အိတ်များကို ထိုးဆွနေကြသည်။ ဘီကရုတ်တရက်ပြောလိုက်တော့ စကားသံကြောင့်အေသည် မိမိကိုင်ထားသော သံချိတ်နှင့်လက်ဆွဲတော်မြွေအရေခွံအိတ်လွတ်ကျသွား၏။

“ငါ လင်ယူရတော့မယ် ” ဘီ၏အသံမှာအေးစက်စက်။

“ဘာ ! နင်ဘာပြောလိုက်တယ်။”

“ဟုတ်တယ်၊ ငါပစ္စည်းသွားသွင်းနေကျ အဝိန်က ငါ့ကို ယူမယ်လို့ပြောတယ်။မနေ့က အိမ်ကို လာတယ် ။ငါ့ အမေနဲ့စကားပြောတယ် ။ ငါ သူ့ကို ယူရတော့မယ်”

“ဟင် / ဒါဆိုငါ … က” ပြောရင်းဆိုရင် အေသည် အနီးရှိ ပလစ်စတစ်အပိုင်းအစလေးတစ်ခုကို ဆက်ခနဲဆွဲကောက်လိုက်သည်။

“အင်း ။ ငါဒီနေ့ ဒီကိုလာတာ နောက်ဆုံးပဲ ။ အဲဒါ လာပြောတာ နင့်ကို”

ဘီ၏စကားသံမှာပြတ်တောင်းပြတ်တောင်း ။ တစ်ဆက်တည်းမှာပင်

“ဒါပဲဟာ ။ငါသွားတော့မယ် ။ နောက်ဆို နင်လဲ အဝိန့်ဆိုင်မှာ ပစ္စည်းလာသွင်းချင်သွင်းလေ ။ ငါလဲ ရှိနေမှာပဲ”

အေသည် ဘီ့ကိုမျက်မှောင်ကျုတ်၍ကြည့်နေမိသည်။
ဘီက အမှိုက်ပုံပေါ်မှစတင်ဆင်းနေလေပြီ။ ဘီတစ်ချက်လှည့်ကြည့်သည်။ထို့နောက် ခြေလှမ်းကို ချာခနဲပြန်လှည့်ကာအေနှင့်ဝေးရာသို့ တစ်လှမ်း….တစ်လှမ်း….တစ်လှမ်း လျှောက်သွားလေတော့သည်။
ဘီထွက်သွားသောလမ်းဘက်သို့ကြည့်ရင်း အေ တွေဝေငေးငိုင်နေ၏။
ထို့နောက်သူလည်းအမှိုက်ပုံပေါ်မှ ဆင်းကာ သူသွားနေကျဘီယာဗူးခွံများပေါများသောလမ်းကြားထဲသို့ ဝင်လာခဲ့သည်။

+++ +++ +++

ခါတိုင်းနေ့ထက်ပိုမိုထူးခြားသော နေ့ရက်တစ်ရက် အေ့အတွက် ဖြစ်ပွားခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော်ထိုနေ့က လမ်းကြားထဲတွင် ဘီယာဗူးခွံများ ခါတိုင်းထက်ပေါများစွာရရှိခဲ့သည်။
အေ အလွန်ပျော်ရွှင်ရပါသည်။

မောင်ရေချမ်း
ရနံ့သစ်မဂ္ဂဇင်း၊ ဧပရယ်လ ၊ ၂၀၁၄

Monday, July 21, 2014

ညစာတိုက်ပွဲ

( ၁ ) ထမင်းသုပ်၊ လက်ဖက်ထမင်း၊ ကြာဇံကြော်၊ မြင်းခွာရွက်သုပ်၊ မုန့်ဟင်းခါး စသည်များသည် ညစဉ် သူစားနေကျဖြစ်သော သမားရိုးကျ ညစာများဖြစ်သည်။ တစ်ခါတရံ အရက်ဆိုင်ဖြစ်စေ၊ ဘီယာဆိုင်ဖြစ်စေ တကူးတက လည်းကောင်း၊ ခရီးသွားဟန်လွှဲ လမ်းကြုံ၍လည်းကောင်းရောက်ဖြစ်ပါက ထို၀ိုင်းများတွင် မှာယူထားသော အမြည်းပွဲတချို့မှာလည်း သူ့ညစာဖြစ်ခဲ့သည်။ မထူးခြားသော သာမန်လူတစ်ဦးအတွက် သာမန်ညစာများပင် ဖြစ်ပါသည်။ ပုံမှန်လိုလိုပင် ညဦးပိုင်းစွန်းစွန်း၌ သူ့နေထိုင်ရာ အခန်းကျဉ်းလေးသို့ မရောက်ရောက်အောင် ပြန်ဖြစ်သည်။ မဖြစ်ဖြစ်အောင် ပြန်သည်။ ထို့နောက် သာမန်ညအိပ်၀င်ခါနီးများအတိုင်း မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်၍ အိပ်ယာ၀င်လေ့ရှိသည်။ ပြောလိုသည်မှာ သူ့နေ့စဉ်ဘ၀သည် သာမန်အတိုင်း မထူးခြားစွာ လည်ပတ်နေကြောင်းပင်။ သို့သော် ထူးဆန်းလွန်းသည်မှာ သူ့တွင် လူမသိ၊ သူမသိ အိပ်မက်အစိုင်အခဲတချို့ရှိပါသည်။ ထိုအိပ်မက်များသည်လည်း အကြောင်းအရာ တစ်ခုတည်းသာ။ သူ့ဒိုင်ယာရီထဲတွင် သာမန်လူများအတိုင်း ရက်သတ္တပတ်တစ်ခုတွင် ခုနှစ်ရက်ရှိပါသည်။ သို့သော် ထိုခုနှစ်ရက်ရှိ ငါးရက်ခန့်တွင် သူဆယ့်လေးနှစ်သားခန့်က အဖြစ်အပျက်တို့သည် အိပ်မက်ဆိုးများအဖြစ် ၀င်ရောက်ကြီးစိုးနေတတ်သည်။ ( ၂ ) ကြမ်းရှသောလက်တစ်စုံ။ ဖောင်းခနဲအသံဖြင့် လည်ထွက်သွားသောမိသားစုထမင်းဝိုင်း။ ပျံ့ကြဲဖိတ်စင် သွားသော ထမင်းလုံးများ၊ ဟင်းခွက်များ။ ‘ အင့် ’ ခနဲရှိုက်သံ။ တစ်ချက်တစ်ချက် လည်ပင်းကြောများထောင်လုပင် မျက်ရည်မထွက်ဘဲ ကြိတ်ငိုနေသော ညီမလေး၏ ၀မ်းနည်းမှု လှိုင်းများ။ ဧရိယာကျဉ်းကျဉ်းလေးထဲသို့ မုန်တိုင်းကြမ်း တစ်ခု မွှေနှောက်တိုက်ခတ်သွားသည့်ပမာ ဆဲဆိုကြိမ်းမောင်းသံများ။ မိခင်ဖြစ်သူ၏ သွားများကို ကျစ်ခနဲ၊ ကျစ်ခနဲ စေ့ထားသံ။ ရုပ်မြင်သံကြားမှသတင်းကြေညာသံကို ဖုံးလွှမ်းကျော်လွန်၍ ပန်းကန်များ၊ အိုးခွက်များ ကျကွဲသံ။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် စွပ်စွဲအပြစ်တင်သံ။ သခင်ဖြစ်သူများ၏ ပကတိအခြေအနေကို မသိရှာလေသော ကြောင်ငယ် လေးများ၏ တညောင်ညောင်အစာတောင်းသံ။ ‘ ဘုန်း ’ ခနဲ၊ ‘ ဗြန်း ’ ခနဲ အသံအောက်တွင် ထိုကြောင်ငယ်လေးများ နားမလည်နိုင်စွာဖြင့် အဝေးသို့လွင့်ထွက်သွားပုံများ။ ( ၃ ) သူ ‘ မငိုဘူး ’ ဟု အားတင်းထားသည်။ ထိုသို့အားတင်းထားလျက်ပင် မျက်ရည်များသည် ဝေါခနဲသွန်ကျလာသည်။ ( ၄ ) ကြာခဲ့လေပြီ။ ကြာခဲ့လေပြီဖြစ်သည်။ ( ၅ ) အိမ်မက်ဆိုးတစ်ခုအဖြစ်သာ ချန်ထားလိုပါသည် ( ၆ ) ငယ်စဉ်ကဘောလုံးကန်ရာ၊ မိုးရွာလျှင် ပြေးလွှားခုန်ပေါက်၍ ပျော်ရွှင်စရာလမ်းသွယ်လေးဖြစ်ပါသည်။ ထိုလမ်းသွယ်လေးသည် သူမရောက်ဖြစ်သော ကာလပေါင်းကြာကြာတွင် များစွာပြောင်းလဲသွားလေပြီ။ သူနှင့်စိမ်းသော အိမ်များလမ်းထဲတွင်နေရာယူထားကာ ညသည် တိတ်ဆိတ်ထုံ,အ နေပါသည်။ သူရင်းနှီးခဲ့သော အိမ်အိုလေးရှေ့တွင် စက်ဘီးကို ဒေါက်ထောက်လိုက်သည်။ အိမ်ထဲသို့ မျက်လုံးကို သိသာစွာပင့်ကြည့်လိုက်သည်။ သည်အချိန်ဆို ဤအိမ်ထဲရှိ သက်ရှိများ အိပ်မောကျနေမည်ဖြစ်ကြောင်း ဗေဒင်မေးစရာမလိုဘဲ သူအတပ်သိလိုက်သည်။ သူ့အတွက်တော့ အခွင့်ကောင်းပင်ဖြစ်သည်။ အိမ်ထဲတွင် ဘုရားကျောင်းဆောင်၏ ပြာလဲ့လဲ့မီးရောင်တစ်ခုသာလင်းပနေသည်။ ခြံ၀င်းတံခါးကို ဂျက်ဖြုတ်၍ စက်ဘီးတစ်စီး ၀င်သာရုံ တွန်းဖွင့်လိုက်သည်။ ပြီးနောက် လမ်းပေါ်မှ စက်ဘီးကို ဒေါက်ပြန်ဖြုတ်ကာ အိမ်၀င်းထဲသို့ တွန်း၀င်လိုက်သည်။ အသံထွက် သွားမည်စိုး၍ စက်ဘီးသံရော၊ ခြေသံရော လုံတိတ်အောင် အတင်းအကြမ်းကြိုးစားနေမိသည်။ သူအိမ်ထဲသို့ ခိုး၀င်လာခြင်းဖြစ်သည်။ ခိုး၀င်လာသောအိမ်မှာ သူ့အိမ်ပင်ဖြစ်ကြောင်း တစ်ခြားသူများသိသော် အံသြရယ်မောကြပေလိမ့်မည်။ ( ၇ ) အိမ်ပေါ်သို့ တိတ်တိတ်လေးခိုးတက်သွားသည်။ ရက်ပေါင်းများစွာ အားတင်းထားသမျှတို့သည် အခုတော့ နုံးခွေ၍ ထိတ်ထိတ်ပြာပြာဖြစ်နေရသည်။ သူနှင့် သူစိမ်းသက်သက်ဖြစ်နေသည်မှာ ကြာပြီဖြစ်သော ဧည့်ခန်းကို တစ်ချက်ဝေ့ကြည့်သည်။ သူအမြဲလိုလို သတိတရ ရှိခဲ့သည့် မိသားစုဓာတ်ပုံတချို့မှာမူ သူ့စိတ်ကူးထဲကအတိုင်းပင် နံရံပေါ်တွင် ရွဲ့ကာစောင်းကာ ချိတ်ဆွဲထားလျက် ရှိမြဲပင်။ မကြည့်မိရန် သူ့ကိုယ်သူ သေချာသတိပေးတားမြစ်ထားသည့်ကြားမှ စက္ကန့်တော်တော်ကြာ သူမောဟိုက်စွာ ငေးငိုင်ကြည့်မိသွားသေးသည်။ ရင်ဘတ်ကို တွန်းကန်ထွက်လာသော သက်ပြင်းထုထည်များကို ပြန်၍ မသိမသာမျိုချပစ်ရသည်။ မောနေပါသည်။ ပင်ပန်းနေပါသည်။ ယခုပင်လျှင် အထပ်မြင့်ပေါင်းများစွာကို ပြေးလွှားခုန်တက်လာခဲ့သည့် လူတစ်ယောက်ပမာ သူ့ရင်သည် သိသိသာသာ မောနေခဲ့သည်။ မီးခလုတ်ကို ယောင်ယမ်း၍ ဖွင့်မိမလိုဖြစ်သွားသောလက်ကို ပြန်ရုတ်လိုက်သည်။ ဤအိမ်၏မည်သည့် နေရာတွင် မည်သည့်ပစ္စည်းရှိကြောင်း စေ့စပ်တိကျစွာသိပြီး သူတစ်ယောက်အတွက် မီးရောင်သည် မလိုအပ်ပါ။ အမှောင်ထဲတွင် တွန်းမိတိုက်မိစရာပစ္စည်းများကို သူရှောင်ကွင်း၍ သွားနိုင်ပါလိမ့်မည်။ ( ၈ ) သက်ဆိုင်သည်လား၊ မသက်ဆိုင်သည်လားမသိ။ သူ့မိတ်ဆွေတစ်ဦးပြောသော စကားတချို့ကို ပြန်ကြားယောင်မိသွားသည်။ “မိဘနဲ့ အဆင်မပြေတဲ့ သားသမီးဆိုတာ အိမ်နဲ့ဝေးရာကို သွားဖို့ ကြိုးစားမှာပဲ” သူခေါင်းခါလိုက်သည်။ ဤအိမ်ထဲတွင် အဆင်ပြေသောသားသမီးများအိပ်စက်နေပါလိမ့်မည်။ အိပ်စက်နေပါစေ ဟုလည်း သူဆုတောင်းမိသည်။ ( ၉ ) ဧည့်ခန်းကို ဖြတ်ကျော်လာခဲ့သည်။ ထမင်းစားပွဲရှိရာကို သူတည့်မတ်စွာ လျှောက်သွားဖြစ်၏။ မီးရောင် လုံး၀မရှိသည့် အမှောင်ထဲတွင် သူ့မျက်လုံးက ပြောင်လက်စူးရှနေလိမ့်မည်။ ထမင်းစားပွဲကို စက်ဝိုင်းသဏ္ဌာန်ပတ်၍ သူလှည့်လျှောက်ကြည့်နေမိသည်။ ထို့နောက် အုပ်ဆောင်းကို အသာအယာလှပ်လိုက်သည်။ အုပ်ဆောင်းအောက်မှ ထွက်လာသည့် ဟင်းနံ့မွှေးမွှေးက သူ၏ဂန္ဓာရုံကို နှိုးဆွမြူဆွယ်ပြန်၏။ မည်သည့်ဟင်းမှန်း သူမသိပါ။ ပန်းကန်ပြားတစ်ချပ်ကို အသံမကြားအောင် အသက်အောင့်၍ ဆွဲထုတ်လိုက်သည်။ ကြွေပန်းကန်ချင်း ချပ်ခနဲပွတ်တိုက်သွားသံက သူ့နားထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသံပမာ မြည်ထန်သွားသည်။ အသက်မရှူဘဲ အောင့်ထားသော ၀င်သက်၊ ထွက်သံကို ဟင်းခနဲမြည်အောင်ပင် မှုတ်ထုတ်လိုက်မိ၏။ သူ့အနားတွင် ခြင်တို့ တဝီ၀ီ အော်နေသံမှအပ ပကတိတိုးတိတ်လျက်။ ( ၁၀ ) ဘုရားကျောင်းဆောင်ရှေ့ အိမ်ဦးခန်းထဲတွင် သူ၏ဖခင်ဖြစ်သူ တိတ်ဆိတ်စွာ အိပ်မောကျနေပါ လိမ့်မည်။ သို့သော် တစ်ချက်တစ်ချက် လည်ချောင်းယား၍လားမသိ၊ ချောင်းဟန့်သံသည် အမှောင်ထုကို ဖြတ်ကာ ‘ဟုန်း’ ခနဲ၊ ‘ဟုတ်’ ခနဲ ထွက်ထွက်လာတတ်သည်။ တစ်ချက်တစ်ချက် တိုးကာကျယ်ကာ စကားသံတချို့လွင့်ပျံလာ သေး၏။ အိပ်နေရင်း ယောင်မိခြင်းပင်ဖြစ်လိမ့်မည်။ ငယ်စဉ်က သူရင်းနှီး ကျွမ်း၀င်ခဲ့သော သူ့ဖခင်၏ သူရုပ်အတိုင်းပင် ယောင်ယမ်းနေသည့် စကားလုံးတချို့တွင် ထူပြိန်းနေသော အတ္တဝေါဟာရများ ပေကျံပျော်၀င်နေပါသည်။ ( ၁၁ ) ကြွေပန်းကန်ထဲသို့ ဇလုံထဲတွင် ထည့်ထားသော ထမင်းခဲများကို ဖဲ့ခူးထည့်လိုက်သည်။ ဟင်းခွက် နှစ်ခွက်ထဲမှ တွေ့သမျှ ဟင်းတို့ကို ထမင်းပေါ်ပုံလိုက်သည်။ ထို့နောက် ဇွန်းဖြင့် ခပ်ကာ ထမင်းတစ်လုတ်ကို ပါးစောင်ထဲတွင် မြုံထားမိသည်။ သူမျိုမချဖြစ်သေး။ သူမျိုချရန် အားယူနေသော သူ့လည်ချောင်းသည် တစ်ဆို့နေပါသည်။ လျှာများ၏သတင်းပေးပို့မှုကြောင့် သူဝါးနေသော ထမင်းနှင့်ဟင်းသည် မိခင်ဖြစ်သူ ချက်ထားမှန်း သေချာစွာ သိလိုက်ရသည်။ သူ ‘ဆက်’ ခနဲ ထမင်းပန်းကန်ကို ချလိုက်မိသည်။ ထို့နောက် . . . ( ၁၂ ) အိမ်၏တစ်ခုတည်းသော အိပ်ခန်းထဲသို့ သူ့ခြေလှမ်းများက လှမ်းမိလျက်သားဖြစ်နေသည်။ အိပ်ခန်း အပေါက်၀အရောက်တွင် ခြေဖျားကို တကူးတကထောက်ကာ အခန်းတွင်းသို့ သူ့အကြည့်က လွင့်ဝဲရောက်သွားမိ၏။ ပန်းနုရောင်ခြင်ထောင်ပါးလေးတစ်လုံး ထောင်လျက်သား။ အထဲတွင် သူ့မိခင်နှင့် ညီမလေး နှစ်ခြိုက်စွာ အိပ်မောကျ နေသည်။ အိပ်ခန်းအပေါက်၀တွင်မိန်းကလေးသုံးအလှပြင်ပစ္စည်းတချို့လဲကာထောင်ကာနေရာယူထားသည်ကို တွေ့လိုက်ရသည်။ သူ့မိခင်သည် နိုင်ငံခြားဖြစ်အလှကုန်ပစ္စည်းများကို သုံးတတ်သည်မဟုတ်ကြောင်း သူ ငယ်စဉ်ကပင် သိပြီးဖြစ်သည်။ ယခုမြင်တွေ့နေရသော အလှပြင်ပစ္စည်းများမှာ သူ့ညီမလေးသုံးစွဲရန် မိခင်ဖြစ်သူ ၀ယ်ပေးထားခြင်းဖြစ်ကြောင်း မည်သူမှမပြောဘဲ သူသိလိုက်သည်။ ထိုအလှပြင်ပစ္စည်းဘေးတွင် ကျောက်ပျဉ်တစ်ချပ် သည် သိမ်ငယ်စွာရှိနေပါသည်။ ကျောက်ပျဉ်ပေါ်တွင် သွေးပြီးသား သနပ်ခါးအနှစ်များနှင့် သနပ်ခါးတုံးတစ်တုံးကို တင်လျက်သားတွေ့ရသည်။ သေချာလွန်းပါသည်။ မနက်စောစော ညီမလေးကျောင်းသွားချိန်တွင် လူးပေးရန် မိခင်ဖြစ်သူသည် ယနေ့ညနေပိုင်းတည်းက အဆင်သင့်သွေးထားခြင်း ဖြစ်ပေလိမ့်မည်။ သူ မူလတန်းကျောင်းသား အရွယ်က မိခင်ပေါင်ပေါ်တွင် မျက်နှာကိုမော်ကာ သနပ်ခါးလူးပေးသည်ကို ဇိမ်ကျစွာခံခဲ့သည်ကို နှမြောတမ်းတစွာ သတိရဖြစ်သေးသည်။ တစ်ခါတစ်ခါ မိခင်ဖြစ်သူမှ ပါးကိုလိမ်ဆွဲ၍ ‘သား . . .သား၊ ပါးစပ်ဟ’ ဟုဆိုကာ ပါးစပ်ထဲသို့ သနပ်ခါးနှစ်များ ခွံ့ခဲ့သည်ကို ကြည်နူးရွှင်ပျစွာ သတိရလျက် ယခုချက်ချင်းပင် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ တံတွေးများ မျိုချလိုက်မိ၏။ မိခင်ဖြစ်သူအိပ်စက်နေသည်ကို သူငေးကြည့်နေမိပြန်သည်။ အိပ်ခန်းလေးကိုလည်း ဝေဆွေးမှုန်ဝါးစွာ ဝေ့ကြည့်မိ၏။ ငယ်စဉ်က မနက်ကျောင်းမသွားမီ ယခုအိပ်ခန်းထဲသို့ သူ၀င်ရောက်၍ လွယ်အိတ်ကိုယူခဲ့သော သူ့ပုံရိပ် များ။ ပြီးနောက် အခန်းပြတင်းပေါက်မှ ဖြာဆင်းနေသော နံနက်ခင်းနေခြည်အောက်တွင် နုဝါညက်ညောနေတတ်သည့် မိခင်၏ပါးပြင်ကို လှစ်ခနဲ မွှေးကြူကာ နှုတ်ဆက်ခဲ့မြဲ။ အခုတော့ ပါးစပ်ကလေးဖွင့်ဟကာ အိပ်ပျော်နေရှာသော မိခင်ဖြစ်သူကို ခိုးကြောင်ခိုးဝှက် ငေးမောကြည့်ရသည်မှာ အိပ်မက်ဆန်လွန်းလှပါသည်။ ငယ်စဉ်က ညက်ညောဝါစင် သည့် မိခင်၏ပါးပြင်သည် ယခုမူ လှေကားထစ်စိုက်ခင်းများ စိုက်ပျိုးထားသော တောင်စောင်းတစ်ခုကို ကြည့်ရသလိုပင် အရေးအကြောင်းများ မင်းမူနေလေပြီ။ ယခင်က သူနမ်းမွှေးခဲ့သော စိမ်းမြညိုမှောင်သည့် ဆံနွယ်စများသည် ယခုမူ ကွမ်းရွက်စိမ်းလေးပေါ်တွင် ထုံးရည်ကြည်များ ပတ်ဖျန်းထားသလို ဟိုတစ်ကွက်၊ သည်တစ်ကွက် ဖွေးဖြူနေလေပြီ။ ( ၁၃ ) မည်သည့်အရာကို ၀မ်းနည်းမှန်းမသိသော ခံစားမှုတိမ်လွှာတို့သည် တလိပ်လိပ်ထလာ၏။ သူ့စိတ်က သွားရန်အားယူနေစဉ်မှာပင် ခြေလှမ်းတို့က ခြင်ထောင်အနားသို့ တိုးကပ်သွားသည်။ ခြင်ထောင်ထဲက မိခင်ဖြစ်သူသည် တစ်ချက်လူးလွန့်ကာဘေးသို့စောင်းအိပ်လိုက်သည်။ကုတင်တန်းပေါ်တွင်အင်္ကျီအပါးလေးတစ်ထည် လွှားလျက်တင်ထားသည်ကိုသူတွေ့လိုက်သည်။ လေးပင်သောလက်များက သွက်လက်စွာ ကောက်ယူမိလျက်သားဖြစ် သွား၏။ သူကိုယ်တိုင်ပင် မထင်မှတ်သော အပြုအမူကို သူလုပ်ဖြစ်သွားသည်။ ထို အင်္ကျီပါးနွမ်းနွမ်းလေးကို သူ့နှာခေါင်း၀သို့ တေ့ဆိုင်ကာ အားရပါးရ အသက်ရှူလိုက်ခြင်းဖြစ်သည်။ ငယ်စဉ်က စွဲလမ်းမွှေးမြခဲ့သော မိခင်၏ ကိုယ်နံ့၊ သူ့ကို လူလားမြောက်အောင် ရင်းနှီးခဲ့သော ချွေးနံ့များ။ မွှေးမြလွန်းပါသည်။ သူ အားရအောင် နမ်းမွှေးပြီးမှ ခြင်ထောင်အပါးမှ ဖယ်ခွာလာခဲ့သည်။ အိပ်ခန်းထဲမှ ထွက်ခဲ့သည်။ မိခင်ဖြစ်သူ၏မေတ္တာရနံ့များ သူ့ခန္ဓာကိုယ်ထဲသို့ အားကောင်းမောင်းသန် စီး၀င်သွားပြီး ဖြစ်ပါလိမ့်မည်။ ( ၁၄ ) ထမင်းပန်းကန်ကို ကိုင်လိုက်ချိန်မှာပင် တိတ်ဆိတ်နေသောအမှောင်ထဲမှချောင်းဟန့်သံက သူ့နားထဲ တွင် မိုးကြိုးပစ်လိုက်သလို ကျယ်လောင်စူးရှစွာ။ နှလုံးခုန်သံများကို ရင်ဘက်လမ်းတစ်လျှောက် ကြားနေရပြန်သည်။ အယောင်ယောင်အမှားမှားဖြစ်ကာ လက်ထဲတွင်ကိုင်ထားသော ဇွန်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သတ္တုဇွန်းနှင့် ကြမ်းပြင် ထိခတ်သံက ‘ချွင်’ ခနဲ ထအော်သည်။ သူအလန့်တကြားဖြင့် အမှောင်ကို မဝံ့မရဲ ကြည့်နေမိသည်။ မူလအတိုင်း ဆွံ့,အ,တိတ်ဆိတ်သွားသောအခါမှ ဇွန်းကို သူပြန်ကောက်ကာ ထမင်းပန်းကန်ထဲ ပြန်နှစ်လိုက်သည်။ ထို့နောက် ထမင်းတစ်လုတ်ကို ခပ်ယူ၍ အားရပါးရစားလိုက်သည်။ ထို့နောက် … နောက်ထပ် တစ်လုတ်။ ထို့နောက် … နောက်ထပ်တစ်လုတ်။ ထို့နောက် … ထမင်းအလုတ်ပေါင်းများစွာ။ ( ၁၅ ) ထမင်းပန်းကန်ထဲတွင် ထမင်းလုံးတစ်စေ့မှ မကျန်အောင်ပင် ပြောင်တလင်းသွားပြီ။ သူ ကျေနပ်သော အပြုံးဖြင့် ပြုံးလိုက်သည်။ ထို့နောက် အသံထွက်အောင်ပင် အားရပါးရ ရယ်ချပစ်လိုက်သည်။ သူ့ရယ်သံအဆုံးတွင် ချောင်းဟန့်သံက ထပ်ကြပ်မကွာ လိုက်လာသည်။ အုပ်ဆောင်းကို ပြန်လှပ်ကာ စားပြီးထမင်းပန်းကန်ကို အသံမြည် အောင်ပင် တမင်ပစ်ချလိုက်သည်။ သူ ငယ်စဉ်ကလုပ်လေ့ရှိသော အပြုအမူပင်ဖြစ်သည်။ ကလေးဘ၀သို့ သူပြန်ရောက်သွားသလို ခံစားရသည်။ သို့သော် ကျယ်လောင်သော စကားသံက လက်ရှိအချိန်ဖြစ်ကြောင်း သတိပေးလိုက်၏။ ( ၁၆ ) “ဘယ်သူလဲ .. သားကြီးလား’’ ဘုရားကျောင်းဆောင်ရှေ့ခြင်ထောင်မှ ‘ဝုန်း’ ခနဲ ထလာသံနှင့်အတူ ကျယ်လောင်စူးရှသည့် မေးခွန်းသံက သူ့နှလုံးအိမ်ထဲကို ညင်သာမှုကင်းစွာ ၀င်လာ၏။ သို့သော် သူကျေနပ်ပြုံးပြုံးကာ ချာခနဲကျောခိုင်းလိုက်သည်။ တံခါး၀ကို မျက်နှာမူပြီး ဖြစ်၏။ “ဟေ့ကောင်” ခေါ်သံမှာ ကြမ်းရှ။ မဟုတ်သေးပါ။ ခေါ်သံမှာ ကြမ်းရှသိမ်မွေ့လွန်းနေပါသည်။ သို့သော် နောက်ဆက်တွဲ မည်သို့ပြောလိုက်သည်ကို သူ မကြားရပါ။ တိုးတိမ်၀ပ်ဆင်းသွားသည် ဟု ဝုိးတဝါး ထင်မိပါသည်။ သူ လှည့်မကြည့်မိ အောင် စိတ်ကိုတင်း၍ ရှေ့သို့တစ်လှမ်း လှမ်းသည်။ သူ့မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်ပစ်လိုက်သည်။ သေချာလွန်းပါသည်။ သူ့မျက်လုံးတို့ နီရဲ၍ နေပေလိမ့်မည်။ “မင်း ဘာလာလုပ်တာလဲ” ထပ်မံ၍ကြားရသော မေးခွန်းက မာကျောလွင့်ခါနေသော်လည်း အက်ကွဲတုန်ရီနေမှန်း သူသတိထားမိသည်။ သို့သော် အမေးကို အမေးဖြင့်သာ ပြန်လည်တုံ့ပြန်၍ ကျဲတောက်သော ခြေလှမ်းများဖြင့် ခြံ၀င်းအတွင်းမှ စက်ဘီးကို ဒေါက်ဖြုတ်ကာ မြန်ဆန်စွာတွန်းထွက်လာခဲ့သည်။ “မင်းဆာပြီး ငတ်တဲ့အခါ ပြန်လာခဲ့လို့ အဖေ ပြောထားတယ် မဟုတ်လား။ အခုငတ်လို့ ထမင်းလာစားတာ။ လာလို့မရဘူးလား” နောက်ထံပါးတွင် တစ်လုံးချင်းပြောလိုက်သော သူ့စကားသံက အဖေ့အတွက်ချွန်မြထိုးခွဲ၍ ကျန်ခဲ့မည် ဖြစ်ကြောင်း သူအတပ်သိလိုက်သည်။ သူ့စိတ်တွင် ပတ်၀န်းကျင်သည် လေပြည်နုနုများတိုက်နေသံပါရပ်ဆိုင်းသွားသလို ထင်ရ၏။ အိမ်အပြင်ရောက်၍ စက်ဘီးကို နင်းကာထွက်လာသောအခါ တိုးကာ ကျယ်ကာ ကြားလိုက်ရသော စကားသံများကို သူလိုက်လံဖမ်းဆုပ်၍ မနေတော့ပါ။ “မိန်းမရေ .. မိန်းမ .. သားကြီး သားကြီး.။ နင်ချက်တဲ့… ထမင်းကို။ လာခိုးစားသွားတယ် အိမ်ထဲကို .. ခိုးပြီး .. ၀င်လာတာ” လေထု၏တုန်ခါမှုကြောင့်ပင် ဖြစ်ပါလိမ့်မည်။ အသံလှိုင်းတို့သည် တုန်ခါလှိုင်းထနေကြောင်း သူခံစားရသည်။ စက်ဘီးကို ဒရောသောပါးအလျင်ဖြင့် သူနင်းထွက်လာခဲ့သည်။ ကျန်ခဲ့ပြီးသော အိမ်လေးထဲတွင် မုန်တိုင်းနုနုတစ်ခု တိုက်ခတ်သွားခဲ့ပြီးဖြစ်ကြောင်း သူအတပ်သိ လိုက်ပါသည်။ ( ၁၇ ) အိမ်ထဲမှ ပြန်ထွက်လာသော သူ့ခြေလှမ်းများသည် နန်းတော်ပေါ်မှ လောလောလတ်လတ် ဆင်းလာ သော မင်းသားတစ်ပါး၏ ခြေလှမ်းများပမာ မောက်မောက်မာမာ ဖြစ်နေပါလိမ့်မည်။ အပြုံးတစ်ခုကို လုပ်ကြံ၍ သူအားရပါးရပြုံးပစ်လိုက်သည်။ စိတ်ထဲတွင် ကာလပေါင်းများစွာ ဆင်နွှဲခဲ့သော အိပ်မက်တိုက်ပွဲတစ်ခုကို သူအောင်မြင်ခဲ့လေပြီ။ ( ၁၈ ) သူ့အခန်းကျဉ်းလေးသို့ ပြန်ရောက်ခဲ့၏။ ဆီးကြိုသူမရှိသော အခန်းငယ်လေးက သူ့ကိုလှောင်နေသယောင်။သူ့ကိုယ်သူ မလုံမလဲ ရှက်ရွံ့နေမိသည်။ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော ခိုးမှုကြီးတစ်ခုကို ကျူးလွန်ခဲ့သလို သူခံစားရသည်။ သို့သော် စိတ်ကျေနပ်မှု၊ ကြည်နူးမှုများစွာဖြင့် ထပ်မံပြုံးမိသည်။ ယနေ့ညတွင် သူသည် တစ်ခါတစ်ရံ လိုချင်ခဲ့ဖူးသော မိသားစုချစ်ခြင်းမေတ္တာကို တိတ်တိတ်လေး ခိုးယူနိုင်ခဲ့ကြောင်း သူမှလွဲ၍ မည်သူမှ သိမည်မဟုတ်ပါ။ သို့သော် အမေကတော့ ပြုံးနေလိမ့်မည်ဖြစ်ကြောင်း အမှောင်ထဲမှာပင် သူမြင်လိုက်ရသည်။ မောင်ရေချမ်း ကလျာမဂ္ဂဇင်း ၊သြဂုတ်လ၊၂၀၁၄

Wednesday, July 9, 2014

ပျော်စရာ ရွှင်စရာ မြို့တော်၏ မိုးရာသီကာလ


(၁)
ထိုမြို့တော်၏ အမည်နာမကို “ရေပေါ်မြို့” ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်တော့မည်ဖြစ်ကြောင်း သတင်းစာများ၊
ရုပ်မြင်သံကြားလိုင်းများ၊ ရေဒီယိုများမှတစ်ဆင့် “အထူးသတင်းတစ်ရပ်” အနေဖြင့် ကြေညာသွားသည်။
မြို့သူမြို့သားများ
အလွန်တရာပျော်ရွှင်ကြသဖြင့် တချို့ခုန်ပေါက်ကြ၏။
တချို့က လမ်းပေါ်ထွက်၍ပင် ပြေးလွှားပျော်မြူးကြသေးသည်။ သို့သော် လမ်းပေါ်ထွက်သော်လည်း ခြေထောက်နှင့်မြေကြီးသည် တိုက်ရိုက်ထိတွေ့ခွင့် မရချေ။ အဘယ်ကြောင့်ဆိုသော် ခြေထောက်နှင့်မြေကြီးကြားဝယ် ရေလွှာက ခြားထားသောကြောင့်ပင်တည်း။
လမ်းများ၊ လမ်းများတွင် ရေများပြည့်လျှံနေပါသည်။
(၂)
ရုပ်မြင်သံကြားမှ သတင်းကြေညာသူ မိန်းမပျိုလေးသည်
သတင်းကြေညာနေစဉ်မှာပင် လက်ထဲမှ စာရွက်ပြုတ်ကျသွား၍ ပြန်ကောက်လိုက်ရသည်။
သူ့လက်ထဲပါလာသော စာရွက်သည် ရေစက်လက်ဖြင့် ရွှဲနစ်အိစိုနေလျက်။
ပြီးနောက် ထိုမိန်းမပျိုလေးမှ “ဟီး” ခနဲ တစ်ချက်ရယ်၍ တစ်ဆက်တည်းမှာပင် သူမတို့ အသံလွှင့်ရုံအတွင်းတွင်လည်း ရေများဝင်လျက်ရှိကြောင်း မဆီမဆိုင် ယောင်ယမ်း၍ ထည့်သွင်းကြေညာသွားသေးသည်။ သူမကို ကင်မရာမှ တစ်ကိုယ်လုံးပေါ်အောင် ရိုက်ပြတော့ ဒူးခေါင်းကျော်အထိ ရေထဲတွင်မြုပ်လျက်သားရှိနေသည်ကို သနားစဖွယ်တွေ့ရ၏။ သူမကတော့ ရှက်စနိုးဟန်ပန်ကလေးဖြင့်
“ခစ်” ခနဲ တစ်ချက်ရယ်သည်။ ရုပ်မြင်သံကြား သတင်းကြည့်နေသူများကတော့ “ဝါး” ခနဲ ရယ်မောလိုက်ကြသည်။ ထိုသို့ ရယ်မောရှုစားနေစဉ်မှာပင် တီဗွီဖန်သားပြင်သည် မည်းမှောင်သွားလေ၏။
မီးပျက်သွားခြင်းဖြစ်သည်။ မိုးရွာသည်။ မိုးရွာသဖြင့် ရေများလျှံသည်။ ရေများလျှံသောကြောင့်
မီးပျက်သည်။ ဆိုင်လား၊ မဆိုင်လားတော့ မသိပါ။ မီးပျက်သွားသည်ကတော့ သေချာလွန်းပါသည်။
အမှောင်ထဲဝယ် ဟိုမှ၊ သည်မှ ဆဲသံ၊ ဆိုသံ ကလေးငိုသံများ စူးစူးရှရှ ထွက်ပေါ်လာ၏။
“ဟဲ့….ဒီမသာလေးကလည်း မီးပျက်ပါပြီဆို၊ မှောင်ကြီးမည်းကြီးထဲ
ဖေ့စ်ဘွတ်ခ်
ထိုင်သုံးနေသေးတယ်”
အမှောင်ထဲတွင်
ဖေ့စ်ဘွတ်ခ်သုံးနေသော ကောင်လေးတစ်ယောက်ကို သူ့အမေ၏ ဆူသံ။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှလည်း အားကျမခံဖြင့် ဆိုင်ရှင်ဖြစ်သူမှ ထအော် ၏။
“ဘောလုံးပွဲကြည့်မယ့် ပရိသတ်တွေကို တောင်းပန်ပါတယ်ဗျို့။ မီးစက်ထဲ ရေတွေ ဝင်ကုန်လို့ မီးစက်မောင်းလို့ မရတော့ပါဘူးခင်ဗျာ”
ဘောလုံးပွဲကြည့်ရန် အားခဲထားသူများ၏ ဆဲသံ၊ ဆိုသံများ စီခနဲ ထွက် လာပြန်သည်။
(၃)
ထို့အပြင် မြို့သူမြို့သားများမှာ ထိတ်လန့်နေရသေးသည်။ နေ့စဉ်ထုတ် သတင်းစာများတွင် သတင်းထူးထူးခြားခြား၊ ပြောစကား ထူးထူးခြားခြားများ ပါလာမလားဆိုသည့်အတွေးဖြင့် စောင့်မျှော်ဖတ်သူတချို့ကလည်း ဖတ်ကြသည်။ အင်မတန်Óဏ်အမြော်အမြင်ကြီးလှသော ဝန်ကြီးတစ်ဦးဦးမှ ယခုလျှံနေသော ရေများကို နွေရာသီသုံးစွဲရန် လှောင်ထားသင့်ကြောင်း ပြောဆိုလိမ့်မည်ဟု ထင် ကြေးပေး၍လည်း မြို့သူမြို့သားတို့က ပြောဆိုနေကြပြန်သည်။
မြို့တော်စည်ပင်သာယာရေးအဖွဲ့ကမူ ယခုကဲ့သို့ ရေကြီးရသည်မှာ ရေနုတ် မြောင်းများ ပိတ်ဆို့နေသောကြောင့် မဟုတ်ကြောင်း၊ ၄င်းတို့တွင် တာဝန်မရှိ ကြောင်း ထုတ်ပြန်ကြေညာ၏။ ထိုအဖွဲ့၏ တာဝန်ရှိသူ ဉာဏ်ပညာရှိ ပုဂ္ဂိုလ် တစ်ဦးကမူ ယခုကဲ့သို့ မြို့တော်အတွင်း ရေများလျှံပြည့်နေခြင်းကြောင့် မြို့တော် ၏အလှမှာ တစ်မျိုးတစ်ဖုံပင် တိုးသွားကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များကိုပင် ယခင်ထက် ပိုမိုဆွဲဆောင်နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်နေပါကြောင်း စသည်ဖြင့် စပ်ဖြဲဖြဲမျက်နှာကြီးနှင့် ပြောဆိုသွားသည်ကို ရုပ်မြင်သံကြား အင်တာ ဗျူးတစ်ခုတွင် မြို့သူ၊ မြို့သားတို့ ကြည့်ရှုလိုက်ရပြန်၏။
မြို့တော်အတွင်း ပြေးဆွဲလျက်ရှိသော မော်တော်ယာဉ်များ၊ ဘတ်စ်ကား များကို ဖျက်သိမ်းလိုက်၏။ ပြီးနောက် မော်တော်ယာဉ်လိုင်းပေါင်းစုံနေရာတွင် မြို့တော်အတွင်း ခရီးသည်တင်လှေအဖွဲ့(ယာယီ)ဟူ၍ ဖွဲ့စည်းလိုက်သည်။
မြို့သူ၊ မြို့သားတို့ ပျော်ရွှင်ရပြန်၏။
မနက်မိုးလင်းချိန်ဆိုလျှင် လှေကလေးများဖြင့် ရုံးသွား၊ ရုံးတက်နေကြသောမြို့သူမြို့သားများကို
မြို့တော်အတွင်း တွေ့မြင်နိုင်ပါသည်။တချို့တတ်နိုင်သူများက ကိုယ်ပိုင်လှေငယ်ကလေးများ ဝယ်စီးကြ၏။ ကျူရှင်ဆရာလည်းဖြစ်၊ စာရေးဆရာများလည်းဖြစ်ကြသော မောင်နှင်းပန်း၊ နိုင်မြင့်၊
မင်းဝေဟင် စသူတို့ကို မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ လှိုင်သာယာ စသည့်မြို့နယ်များတွင် လှေကလေးများစီး၍ တစ်နေကုန် စာပတ်သင်လျက်ရှိသည်ကို တွေ့မြင်နိုင်သည်။
သူတို့ထဲတွင် ရေကြီးရာ၌ အဆိုးဆုံးဖြစ်သော တာမွေမြို့နယ်တွင် နေထိုင်သည့် စာရေးဆရာ ညီငယ်လေးမှာမူ
ပို၍ တမူထူးခြား၏။
သူ့ခမျာ လှေစီးရသည်ကို စိတ်မရှည်သည်ရော၊ လှေစီးခပေးရမည်ကို နှမျောသည်ရောကြောင့် သူ့ရုံးခန်းရှိရာ ၅၂ လမ်းရှိ ပဲ့တင်သံဂျာနယ်တိုက်သို့ တာမွေအဝိုင်းမှရေကူး၍ပင် သွားလေသည်။ ထို့ကြောင့် မနက်စောစော
တာမွေမှ ပုဇွန်တောင်တစ်လျှောက် အပေါ်ပိုင်းဗလာကျင်း၊ အောက်ပိုင်း ဘောင်းဘီတိုကလေးဖြင့် ဦးထုပ်ဆောင်းလျက် နေကာမျက်မှန်တပ်ကာ အားကြိုးမာန်တက် ရေကူးနေသူတစ်ဦးကို တွေ့မြင်ကြရပေမည်။ ထိုသူသည်ကား
ပဲ့တင်သံဂျာနယ် အယ်ဒီတာတစ်ဦးဖြစ်သော စာရေးဆရာ
ညီငယ်လေးပင်တည်း။ ပြောလိုသည်မှာမြို့တော်တွင်း ရေကြီးမှုကြောင့် မြို့သူမြို့သားများပျော်ရွှင်နေကြောင်းပင်။
တချို့ကုမ္ပဏီဝန်ထမ်းများ၊ ဆင်ခြေဖုံးမြို့နယ်အသီးသီးမှ ရုံးတက်ရသော ဝန်ထမ်းများလည်း ပျော်ကြရသည်။
ရုံးတက်ချိန်တွင် ရေကြီးရေလျှံ သောကြောင့်လည်းကောင်း၊ လှေအစီးအရေအတွက်
မလောက်၍လည်းကောင်း ရုံးနောက်ကျ ကြလေသည်။
အိမ်မှ ယခင်ထွက်ချိန်အတိုင်း ထွက်ခဲ့ကြသော်လည်းလှေပေါ်တွင် သုံးလေးနာရီကြာကာ ရုံးသို့ရောက်သော်
ထမင်းစားချိန်မှာပင်ရောက်နေလေပြီ။ တချို့သည်ကား စိတ်မရှည်၍ လမ်းတစ်ဝက်မှ လှည့်ပြန်ကြသည်။ တချို့စည်းကမ်းတင်းကျပ်သော လုပ်ငန်းရှင်များက ဝန်ထမ်းများကို
ရုံးမလာ၍လည်းကောင်း၊ ရုံးတက်ချိန်နောက်ကျ၍လည်းကောင်း ဒဏ်ကြေးငွေဖြတ်တောက်ပြန်သည်။ ထိုထိုသောအကြောင်းများကို တချို့ကလည်း ဝမ်းသာအားရ ပျော်ရွှင်လှစွာဖြင့်
လူမှုကွန်ရက်
ဝက်ဆိုက်ဒ်များပေါ်တွင် ခံစားချက်စာစုလေးများ ရေးသား၍တင်ကြ၏။ ယင်းတို့အနက်
တစ်ခုတလေကို ထုတ်နုတ်တင်ပြရသော်
“ဒီနေ့ အလုပ်မသွားရဘူး။ ပျော်တယ်…ပျော်တယ်။ ဒချိ…ဒချိ” ဟူ၍ လည်းကောင်း၊
“တစ်သက်နဲ့တစ်ကိုယ်
ဒီတစ်ခါပဲ
ဘတ်စ်ကား….(အဲ)
မဟုတ်ဘူး။ ဘတ်စ်လှေပေါ့။
စီးရတာ ဒီတစ်ခါအတန်ဆုံးပဲ။ ခါတိုင်း မိနစ်လေးဆယ် စီးရတဲ့ခရီးကို
အခု လေးနာရီလောက်
စီးရတယ်…ဟိ…ဟိ” ဟူ၍ လည်းကောင်း ဖြစ်ပေတော့သည်။
ဤသို့လျှင်“ရေပေါ်မြို့တော်”ဝယ်မြို့သူ၊ မြို့သားတို့ပျော်ချင်တိုင်းပျော်နေကြလေသတည်း။  

                                                                                                           မောင်ရေချမ်း
                                                                                              June 25 / 2014