Wednesday, October 14, 2020

နားရွက်တုများ ၊ အသံတုများ ၊ အချိန်တုများ

 အခုတလော သူ့နားရွက်ကြောင့် သောကရောက်နေရသည် ။ သူ့နားရွက် သူဒေါသထွက်နေရသည်။ နားရွက် ကြောင့် နေ့ဘက်တွင်နေမထိ ထိုင်မသာ ၊ ညဘက်တွင် အိပ်မပျော် ဖြစ်နေရသည်။ တဝီဝီအသံများက ဒုက္ခကြီး စွာပေးနေသည်။ တဂွီဂွီ ၊ တဂီးဂီးအသံများ များကို အချိန်တိုင်းလိုလိုကြားနေရသည်။ တချို့အသံများကိုညကို အားတင်း၍ အိပ်ပျော်နေစဉ်တွင်ပင် အိ်ပ်မက်ထဲ၌ ကြားနေရပြန်သည်။ 

“ ကိုယ်အခု ရက်ပိုင်း နေရထိုင်ရ ကျပ်နေတယ်ကွာ” ဟု သူ့မိန်းမကို ဖွင့်ဟပြောမိတော့ သူ့မိန်းမက တွေတွေ ငေးငေးကြည့်ကာ သက်ပြင်းဖွဖွချသည်။ ထို့နောက်

“ ကျွန်မ သတိထားမိတာ ကြာပြီ။ ညဘက်တွေလည်းအိပ် ယာထဲမှာ ဟိုဘက်လူး ၊ ဒီဘက်လိမ့်နဲ့ အိပ်ပျော်ပုံ လည်းမရဘူး ။ နေ့ခင်းဘက်လဲ အလုပ်က ပင်ပန်းနဲ့ ရှင့်စိတ်ထဲ ဘာတွေဖြစ်နေလဲမသိရဘူး။ စိတ်ညစ်တာပဲ”

ဟု ညင်သာတိုးဖျော့စွာပြောသည်။ သူ့ခေါင်းတွေ မိုက်ခနဲဖြစ်လာသည်။ သူ့မိန်းမနှင့်စကားပြောနေစဉ်တွင် တစ်ချိန်တည်းမှာပင်  ကြားနေကျအသံပေါင်းများစွာက ပဲ့တင်ထပ်စွာရိုက်ဟည်းနေသည်။ သူ့နားရွက်ကိို သူ အထိတ်တလန့် ဆွဲကိုင်မိသည်။ နှုတ်ဖျားမှလည်း အထစ်ထစ် အငေါ့ငေါ့နှင့် စကားလုံးတချို့ခုန်ပေါက်ထွက်ကျ လာသည်။

“ နားထဲမှာ ၊ ကိုယ့်နားထဲမှာ ….” မပီမသ တုန်ခါတိုးဖျော့နေသောစကားစုတချို့။

သူ့မိန်းမက သူ့ကိုကြည့်သောအကြည့်တွင် အထူးအဆန်းသက်ရှိသတ္တဝါတစ်ကောင်ကိုမြင်လိုက်ရသောနှယ်။

“ရှင် ဘာဖြစ်နေတာလဲ ။ ခက်တော့တာပဲ ။ အိပ်ရေးပျက်တာတွေ များပြီး ကယောင်ကတမ်းဖြစ်နေပြီထင်တယ်”

သူ့မျက်ကွင်းတွေက တွင်းနက်နက်တစ်ခုလို ဟောက်ပက်။ မျက်နှာပြင်တစ်ခုလုံးလည်း သွေးမရှိသလို ဖြူရော် အက်ကွဲနေသည်။ သူ့နားရွက်တွေကို ဒုတိယအကြိမ်အယောင်ယောင်အမှားမှား ဆွဲဆုပ်ထားမိပြန်သည်။ နားဝ နှစ်ဖက်လုံးကို အလန့်တကြားပိတ်ထားမိသည်။ သူ့မိန်းမကတော့“ကျွတ်” ခနဲတစ်ချက်စုတ်သပ်ကာ သူ့အနား မှ ထွက်သွားလေပြီ ။


++++                    ++++                                   ++++


အသံများက ထူးကိုထူးဆန်းလွန်းသည်။ သွေးဆာနေဟန်တစေ ္ဆသရဲပေါင်းများစွာ၏အော်သံများ ၊ နာနာကျင် ကျင်ညည်းညူနေသော တစ်ဆို့ငိုရှိုက်သံများ ။ တစ်ခါတရံ တချို့အသံများက ဆာလောင်မွတ်သိပ်မှုကိုအံကြိတ် နေသော အသံများပမာ။


“ပေါင်မုန့်တစ်လုံးလောက် ပေးပါ ။ ကျွန်တော်(ကျွန်မ)တို့ကို ပေါင်မုန့်တစ်လုံးလောက်ပေးပါ…ပေါင်မုန့်…တစ်.. လုံး…..လောက်……”


ထိုကဲ့သို့ အက်ကွဲကြမ်းရှနေသောအသံမျိုးများထဲတွင် သူ့နားရွက်များ ပူလောင်လာသည်။နှုတ်ခမ်းများတဆတ် ဆတ်တုန်ရီလာသည်။ မျက်ဝန်းများ စိုထိုင်းလာသည်။


“အား”


သူ့စိတ်တွင်းမှအော်ဟစ်လိုက်သောအသံကလည်ချောင်းဝရောက်လုရောက်ခင်ပဲ တစ်စုံတစ်ရာကပိတ်ဆို့လိုက် သကဲ့သို့ တိမ်ငုပ်ပျောက်ကွယ်သွားသည်။ အိပ်ယာဘေးက နာရီလေးကို ဖျတ်ခနဲ ကြည့်မိသည်။ ည (၂)ထိုးရန် ဆယ်မိနစ်အလို ။ နံဘေးတွင် ယှဉ်တွဲအိပ်စက်သော ဇနီးသည်ကို ကြည့်မိပြန်သည်။ နံရံကိုကြည့်မိပြန်သည်။ တစ်ခါ လစ်ခနဲပြန်အကြည့်က မျက်နှာကြက်ကို ရွေ့သွားပြန်သည်။


“မဖြစ်တော့ဘူး …။ အသံတွေ… ၊ အ… သံ…တွေ ။”


သူ့နှုတ်ခမ်းလွှာများကျယ်လောင်စွာပွင့်ဟအန်ထွက်လာသည်။ ဗလုံးဗထွေးစကားသံတချို့က ညဘက်အိပ်ခန်း လေးထဲတွင် ပဲ့တင်ထပ်စွာ။


“ရှင် … ရှင် . ဘာဖြစ်နေပြန်လဲ ။ အိပ်မပျော်ပြန်ဘူးလား ။ ခက်တော့တာပဲ တော်ပြီ တော်ပြီ ။ ကျွန်မလဲအခန်း ပြောင်းအိပ်တော့မယ်။ ရှင်နဲ့အိပ်ရတာ လန့် လန့် နိုးလာတယ် ။ ဘာတွေဖြစ်နေလဲမသိ ။ခက်တော့ခက်နေပြီ”


အိပ်မှုန်စုံဖွားဖြစ်နေဟန်သူ့မိန်းမ၏တိုးတိုးဖျော့ဖျော့စကားသံတချို့က သူ့နားတွင်ကြားတစ်ချက်၊မကြားတစ် ချက် ။ အဝေးမှအသံများက တုန်ခါကျယ်လောင်စွာ သူ့နားစည်ထဲသို့ ရိုက်လွင့်လာပြန်သည်။ သူ ငူငူငိုင်ငိုင်ဖြင့် အိပ်ယာပေါ်တွင် ထထိုင်လိုက်သည်။ သူ့မိန်းမကတော့ သူ့ကိုစိတ်ပျက်လက်ပျက်ကြည့်တာ ခေါင်းအုံးနှင့် စောင်ယူ၍ အခန်းအပြင်သို့ ထွက်သွားလေပြီ ။ သူတစ်ယောက်တည်းသာ တတွတ်တွတ်အသံအပိုင်းအသံများ ကို ရေရွတ်နေမိသည်။


“မဖြစ်တော့ဘူး ၊ မဖြစ်တော့ဘူး ။ အား  ဘာလုပ်ရမလဲ ၊ ဘာလုပ်ရပါ့မလဲ ။”


အိပ်ယာမှ ထကာ ခေါက်တုံ့ခေါက်ပြန်အခန်းထဲတွင် လမ်းလျှောက်နေမိသည်။ အသံပေါင်းများစွာက နားထဲသို့ တိုးဝှေ့ဝင်လာဆဲ။ ပြတင်းပေါက်မှ အပြင်ဘက်ကို အလန့်တကြားသူလှမ်းကြည့်မိပြန်သည်။ ညသည် သည်း ထန်အုံ့မှိုင်းစွာ မှောင်ရီပြာဝေနေသည်။ စိတ်ကို စိတ်က ကုတ်ခြစ်လာသံတွေ တဖျင်းဖျင်း ။

“မဖြစ်တော့ဘူး ။ မဖြစ်တော့ဘူး …….” သူ့နှုတ်ဖျားမှ ကြိမ်ဖန်ထပ်စွာ ရေရွတ်နေမိပြန်သည်။

ဖျတ်ခနဲ အတွေးတစ်စ ခေါင်းထဲသို့ လက်ခနဲဝင်လာသည်။ သူ အထက်တန်းကျောင်းသားဘဝက သင်ယူခဲ့ရ သော အိပ်ပျော်ခြင်းနှင့်အိပ်မက်များ စာစုထဲမှ အိပ်မက်များကို ပျော်ရွှင်သောအဆုံးသတ်ဖြစ်စေရန်ကြိုးစားနည်း တစ်ခုကို သတိရသွားသည်။ အိပ်ယာဘေး စားပွဲမှအံဆွဲများကို ဒရောသောပါးဖွင့်လိုက်သည်။ လက်တွေကိုတုန် ရီခါယမ်းနေသည်ကို သူကိုယ်တိုင်သတိထားမိသည်။ စာရွက်အလွတ်တစ်ရွက်ကို တွေ့တော့ သူအလွန်အမင်း ပျော်ရွှင်တက်ကြွသွားရသည်။ စားပွဲပေါ်တွင်အသင့်ရှိသော ဘောပင်ကိုယူ၍ နားထဲတွင်ကြားနေရသောအသံ ပေါင်းများစွာကို ချရေးမိသည်။သိပ်မကြာမီ စာရွက်တစ်ရွက်လုံး ရှုပ်ထွေးမည်းညစ်လာ၏။


“မြင်းခွာသံများ ။တိမ်ပြေးလွှားသံများ ။ သေနတ်သံများ ။ ရေစီးသံများ ။ ပွယောင်းယောင်းရယ်သံများ။အမှောင် ထုထည် အစိုင်အခဲတို့ပွတ်တိုက်သံများ။ ထစ်အနေသောစီဒီခွေတစ်ခွေမှ ရော့(ခ်)သီချင်းကြမ်းကြမ်းများ။”

သူချရေးလိုက်သော စာရွက်တွင် အသံပေါင်းများစွာ ပြည့်ကျပ်လာ၏။ တချို့အသံများက အလံဖြူလွှင့်နေသည်။ တချို့အသံများက သွေးပွက်ပွက်ထလုအနီရောင်အလံများကို ထူမတ်ထားလျက်။တဖြည်းဖြည်း အသံများတိုး တိုးလာ၏။ ထို့နောက် ဝေး၍ဝေး၍သွားသည်။ ပြီးနောက် နား နားတွင်ကပ်အော်သကဲ့သို့ကျယ်လောင်ကွဲရှလာ ပြန်၏။ ပီပြင်ရှင်းလင်းစွာ ကြားရစေရန် သူသေချာနားထောင်အာရုံစွင့်နေမိသည်။


(ငိုသံများ ၊ ငိုသံများ ….ငိုသံများ ။ အဆုံးအစမရှိသော ငိုသံများ ။)


စာရွက်ပေါ်တွင်ပြည့်ကျပ်နေသောနေရာများပေါ်မှထပ်ရေးလိုက်သည်။ ဟုတ်သည်။ သူ ပီပီသသကြားလိုက်ရ သည်က ငိုသံများဖြစ်သည်။ ငိုသံများသည် ရောထွေးပြွက်သိပ်နေ၏။ ငိုသံများကို ဖုံးလွှမ်းသွားသော အသံနက် နက်များကို ထပ်မံကြားရပြန်သည်။


သူအလန့်တကြား အော်မိပြန်သည်။ “အား”


( ပေါက်ကွဲ လွင့်စင်သံများ ၊ ပစ်ခတ်နေသော လက်နက်ပေါင်းများစွာ၏အသံများ ။ ငိုသံများ ။ တောင်းဆိုကြေ ကွဲနေကြသော အသံများ ။ ကျယ်လောင်စူးရှသော သေနတ်သံများ ။ )


သူ နားရွက်များ ထူပူလာလေပြီ။ သူ့နားရွက်သူဖြတ်ချင်စိတ်ပေါက်လုပင် ကျယ်လောင်သောအသံများကို သူ သည်းခံနိူင်စွမ်းမရှိတော့ပါ။ ဝေ့ဝိုက်ပျံ့လွင့်လာသော အသံတို့သည် ပို၍ပို၍ပင် စူးနက်လှိုင်းထလာ၏။ သူ့လည် ချောင်းသည်လည်း ခြစ်တောက်ပူနွေးနေလေပြီ။ အနီးရှိအဝတ်စတခုကို ဆွဲယူ၍နားရွက်ထဲသို့ အတင်းထိုးသိပ် နေမိသည်။ ထို့နောက် အသံတို့သည် တဖြည်းဖြည်း တိုးဖျော့၍သွားပြန်သည်။ သူ မျက်လုံးများကို အားနှင့်အင် နှင့် မှိတ်၍ထားသည်။ မကြာမီပင် တစ်ချက်တစ်ချက် ညည်းညူကာ သူအိပ်ပျော်သွားတော့သည်။

++++              ++++                                  ++++

“ရှင် အဆင်ပြေရဲ့လား ။ ညက အိပ်ပျော်သေးလား ။”

မနက်ခင်းတွင် ကော်ဖီသောက်ရင်း သူ့မိန်းမက အေးစက်စက်မေးသည်။ သူ မပြုံးမရယ် ၊ တွေဝေပျော့အိသော အကြည့်တစ်ခုနှင့် ဖျတ်ခနဲကြည့်ရင်းသာ သူ့မိန်းမ မေးခွန်းကို ခေါင်းညိတ်ဖြေလိုက်သည်။ကော်ဖီသောက်ရင်း သူ လစ်ခနဲသတိရလာသည်။ ရုတ်တရက် ဝုန်းခနဲထကာ သူ့အိပ်ခန်းအတွင်းသို့ပြေးဝင်သွားသည်။ သူ့မိန်းမ နားမလည်ဟန်၊ပူပန်ဟန်ဖြင့် ကျန်ခဲ့သည်။


သူ့အိပ်ခန်းအတွင်းသို့ရောက်သော် ရှုပ်ပွနေသည့်စားပွဲပေါ်တွင် သူတစ်စုံတစ်ခုကို အပြင်းအထန်ရှာသည်။ ဒေါက်ခနဲ ကြမ်းပြင်ပေါ်သို့ ဘောပင်တစ်ချောင်းပြုတ်ကျသွား၏။ တြွေ့့ပီ။ သူဝမ်းသာအားရဖြင့် အားပါးတရရယ် မောလိုက်သည်။ စာရွက် ။ ညတုန်းက သူရေးခဲ့သည် စာရွက်။ နောက်သူ အထိတ်ထိတ်အပြာပြာဖြစ်လာဟန် ၍အရယ်ရပ်မိသည်။ သူ သွေးဆုပ်ဖြူရော်သော အကြည့် ဝေခွဲမရသောအကြည့်ဖြင့် စာရွက်ပေါ်ကို ပြူးကျယ် စွာကြောင်ငေးကြည့်နေမိသည်။

“အသံတွေ ။ အသံ…တွေ  ၊ ဘယ်ပျောက်ကုန်လဲ ။ ငါ အသံတွေ ။ ငါတို့ အသံတွေ”

ထူးဆန်းစွာပင် သူရေးသမျှအသံတစ်ခုမျှမရှိတော့ စာရွက်က အဖြူထည်ထည်သက်သက်။ သူအထိတ်တလန့် ဖြစ်လာ၏။ အသံများ ၊ မွတ်သိပ်နေသောအသံများ ၊ ဆူညံနေသောအသံများ ဘယ်ပျောက်ကုန်သလဲ ။သူ့စိတ် တွင်း မေးခွန်းပေါင်းစွာသိုင်းခြုံလာ၏။ ထို့နောက် “အား”ဟု ကျယ်လောင်ပြင်းပြစွာ အော်ဟစ်ပြန်လိုက် သည်။ သူ ကြားနေရပြန်လေပြီ။ သူ့နားရွက်သည် ဒုက္ခပေးလာပြန်ပြီ။ အသံများစွာ တိုးခါ ကျယ်ခါ ကြားရပြန် လေပြီ။ အေးစက်စက်လက်တစ်စုံသူ့ပုခုံးကို သိုင်းဖက်လိုက်သောကြောင့် သူအလန့်တကြားကြည့်မိသည်။

“ရှင် ဆေးခန်းသွားဖို့ လိုပြီထင်တယ်။ ရော့ … ၊ အိပ်ဆေးသောက်လိုက် ။ ဒီနေ့အလုပ်မသွားနဲ့တော့ ။ ပြန်အိပ် လိုက်တော့ ။”

ဟု ကြင်ကြင်နာနာ ညင်သာစွာပြောဆိုသည့် သူ့မိန်းမ ။ ကမ်းပေးလာသည့် ဆေးကိုပါးစပ်ထဲပစ် ထည့်ကာ အလျင်အမြန်ပင်သောက်ချလိုက်သည်။ သိပ်မကြာမီပင် သူ့မျက်လုံးတွေစင်းလာကာ နှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်သွား၏။ အိပ်မက်ထဲတွင်တော့ ကြားနေကျအသံပေါင်းများစွာကို သူကြားနေဆဲ။

++++                               ++++                                  ++++

သူအိပ်ယာနိုးတော့ ပတ်ဝန်းကျင်တစ်ခုလုံးမည်းမှောင်နေ၏။ နာရီက ညဆယ်နာရီထိုးလုထိုးခင်။ သူနာရီပေါင်း များစွာ အိပ်ပျော်သွားပါကော။ပြတင်းပေါက်မှပတ်ဝန်းကျင်ကို ကြည့်မိတော့ညစစ်စစ်အတိုင်းမဲပြာအုံ့မှိုင်းနေ၏။ သူ့အသိဉာဏ်က ကြားနေကျအသံများကို ရုတ်တရက်သတိရသွား၏။ တစ်ပြိုက်နက်ပင် အသံပေါင်းများစွာ ဝုန်းဒိုင်းကြဲ ဝင်လာကြ၏။

“စာရွက် ။ စာ ရွက် ။ ဘောပင် …ဘော ပင် ဘောပင်”

သူသွေးရူးသွေးတန်းညည်းတွားရင်း စာရေးစားပွဲသို့ မောဟိုက် နွမ်းလျစွာ ပြေးလွှား သွားသည်။ ထို့နောက် နားထဲတွအူခဲ ပိတ်ဆို့နေသောအသံများကို သုတ်သီးသုတ်ပြာ ချရေးနေမိတော့သည်။

(မွတ်သိပ်မှုအသံများ ။ ငိုသံများ ။ အိပ်မက်နတ်ဆိုးများ၏ပွယောင်းယောင်းရယ်သံများ ။ ကလေးငယ်တစ်ဦး    နို့တိုက်ကျွေးရန်တောင်းနေသံများ ။ တောင်းပန်ရို့ကျိုးသံများ ။ ခက်ထန်မာကျောနေသော အသံများ ။ မီးတောက်များ တဖျစ်ဖျစ်လောင်ကျွမ်းနေသောအသံများ )

အသံများ ။ မဆုံးနိုင်သောအသံများကို သူ ဒရကြမ်းချရေးနေမိသည်။ တဖြည်းဖြည်း သူ့စိတ်သည် လွင့်မျောပေါ့ ပါးလာ၏။ သူ့မျက်လုံးများသည် တဖြည်းဖြည်းစင်း စင်းလာ၏။ ဒီညတော့ သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တော့ မည်ထင်သည်ဟု သူအားတင်းတွေးနေမိသည်။ ရုတ်တရက် ဝုန်းခနဲ ၊ ဒိုင်းခနဲအသံများက ထပ်မံဆောင့်ဝင်လာ သောအခါ စင်းနေသော သူ့မျက်လုံးများ ပြူးကျယ်လန့်ထိတ်လာပြန်သည်။ နှလုံးခုန်သံများ တဖြည်းဖြည်း မြန် မြန်လာ၏။ တဖြည်းဖြည်း မော မောလာသည်။ အသံများက ပို၍ ပို၍ ကျယ်လောင်လာသည်။

“အား”  သူခြစ်ကုစ်၍အော်ပစ်လိုက်မိသည်။ သူ့ပတ်ဝန်းကျင်ကို သူကြောက်လန့်တကြား ကြည့်မိသည်။ အမှောင်များက ထုထည်ကြီးစွာ ညကို အုပ်မိုးပိုင်စီးထားဆဲ။ နားစည်ထဲတွင် ပူလင်းပြင်းထန်သော အသံလှိုင်း များ ၊ တောင်းဆိုဆာလောင်သံများက ဆက်တိုက်။ သူ့စိတ်များသည် စိမ်းစိုသောမြက်ခင်းများ၊ကြည်လင်သော စမ်းချောင်းလေးများ ၊ တဖိတ်ဖိတ်လဲ့နေသော ကြယ်များကြား ရောက်ရှိသွားကာ မကြာမီ အိပ်ပျော်သွား တော့သည်။

                                                                     မောင်ရေချမ်း

                                                               (  ( ရွှေအမြုတေမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြ )

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ