Showing posts with label ကဗ်ာ. Show all posts
Showing posts with label ကဗ်ာ. Show all posts

Friday, July 24, 2026

အတောင်ပံတွေ အားလုံးက ငိုနေပြီ

မင်းလည်း ဘယ်ကိုမှ မပျံသန်းနိုင်

ကိုယ်လည်း ဘယ်ကိုမှ မပျံသန်းနိုင်


မပျံသန်းနိုင်တဲ့ ကိုယ်တို့ အချင်းချင်းလည်း

(ဘယ်တော့မှ မဟုတ်ပေမယ့် )

အခုတော့ ဘယ်လိုမှ တွေ့ဆုံဖို့ မဖြစ်နိုင်


မင်းရဲ့လှောင်အိမ်ကို ကိုယ်ငေးကြည့်တယ်

ကိုယ့်ရဲ့လှောင်အိမ်ကို မင်းငေးကြည့်တယ်


ကိုယ်တို့ကြားမှာ သံတိုင်တွေ ခြားနေတယ်

သံတိုင်တွေကြားထဲမှာတော့ ...

လွတ်လပ်သော လေများ မုန်တိုင်းပမာ တိုက်ခတ်လို့


ပျော်ရွှင်စရာဆိုတာ ...

ဘယ်လှောင်အိမ်ထဲမှာ ရှိခဲ့ဖူးလို့လဲကွယ် ။ ။


                      -မောင်ရေချမ်း

Monday, September 7, 2020

--- ဝါညိုနုရောင် သနပ်ခါးပေါ်က လောက် ---


ရွှေတိဂုံစေတီတော် ၊ စနေထောင့်မှ

အလိမ်အညာ အမှတ်တရတွေအတွက်

ဂိုသေ့ရဲ့ဖော့စ်ကို ငါ စားတယ်

ရိုင်းပျရန်လိုမှု မဖြစ်စေဘဲ

အထီးကျန်ဆန်ခြင်းဟာ အလေ့အကျင့်ဖြစ်လာလို့

ထင်ရာစိုင်းခွင့်ကို ငါ စားတယ်

ပဋိပက္ခကို အသွင်ပြောင်းဖို့

အောက်မှ အထက်သို့ ချဉ်းကပ်နည်းနဲ့

တစ်ယူသန် တတိယကမ္ဘာကို ငါ စားတယ်

ပြဿနာသစ်ပင်ကို နစ်နာချက်အရ

တပြေးညီ မုန်းတီးစွာ ငါ စားတယ်

ချွန်မြစူးရှတဲ့ ဘိုင်စကယ်စမုတ်တံတွေကို ကျော်လွန်ပြီး

ရစ်ချပ်ဒေါကင်းရဲ့တစ်ကိုယ်ကောင်းဆန်သောမျိုးစေ့ကြောင့်

ဆက်သွယ်ရေး ကျွမ်းကျင်မှုမှာ

ဘုံတူညီချက် ရပ်တည်ရေးမှာ

လှုပ်ရှားပြောင်းလဲရေးသမားကို ငါ စားတယ်

ထိရောက်တဲ့နားထောင်ခြင်းလည်း မရှိ

တက်ကြွတဲ့ အကြမ်းဖက်ခြင်းလည်း မရှိ

ရောမမြို့ရဲ့ရေပြင်ပေါ်မှာတော့

ငါ မရေးထားတဲ့ ကိရဲ့စာကြောင်းတချို့ ရှိတယ်

အဲဒါကြောင့်…

လူ့တန်ဖိုးကို ယုံမှားသံသယဖြစ်လို့

အနားသတ်ဘောင်ခတ်ထားသော

ရှေးရိုးစွဲဒီမိုကရေစီကိုပါ ငါ စားတယ် ။ ။

                           မောင်ရေချမ်း

 အာသီသမဂ္ဂဇင်း | အမှတ် ၂ အတွဲ ၁ | 

      စက်တင်ဘာ  ၂၀၁၉

Monday, September 17, 2018

- ရခိုင်ဒေသ -


မျှော်လင့်ချက် ၊ မီးတောက် ၊ ကျိန်စာ
စစ် ၊ ကိုဗစ် ၊ အစိုးရ
ဆင်းရဲမွဲတေမှု ၊ မူးယစ်ဆေးဝါးအရောင်းအဝယ်
မုဆိုးမ ၊ အလောင်း ၊ သူပုန်
မျက်ရည် ၊ အမုန်းတရား ၊ သတင်းမှား
အမှောင်တိုက်၊ နာကျင်ခြင်း ၊ ချောင်းကြည့်ပေါက် ။ ။

                                      မောင်ရေချမ်း

Wednesday, November 1, 2017

~~ အာသာနဲ့ ဟယ်လင် ~~


" ရှင် ဘယ်မှာလဲ "

" ဘီဟာပီတော့ကြယ်စုထဲမှာ"

နေထွက်ပြီးစ အချိန် ၊ မိုကီးတွိုင်းဆွာမြို့ တစ်နေရာ။ အာသာက ဘောင်းဘီဇစ်ကို ဆွဲတပ်နေခိုက် ဟယ်လင်က ခေါင်းဖြီးနေရင်း

ရွှင်မြူးတဲ့လေသံနဲ့ လှမ်းအော်တယ်။

"ဝက်ပေါင်ခြောက်တွေရဲ့အနာဂတ်ကတော့ မြောင်းထဲမှာ။

ရှင့်အနေနဲ့ တမာချဉ်ကို စိတ်ဝင်စားမှ ဖြစ်တော့မယ်"

အိပ်ချင်မူးတူး အာသာက မဆိုင်းမတွပဲ ပြန်ပြောတယ်။

"ကိုယ်က ဘာပဲဖြစ်ဖြစ် ရပါတယ်။ မင်းသာ ကြက်ဥတွေသုံးပြီး

ခေါင်းလျှော်တဲ့ အကျင့်ကို မြန်မြန်ပြင်စမ်းပါ"

အဲဒီစကားက ဟယ်လင့်ဒေါသကို ဆွလိုက်ပုံပါပဲ။ ဟယ်လင်ဟာ

မှန်တင်ခုံပေါ်က နှုတ်ခမ်းနီတောင့်နဲ့ အာသာ့ကျောကို ပေါက်လိုက်တယ်။

" ရှင်ဟာ တကယ်တော့ တစ်နာရီမှာ အကြိမ်တစ်ရာ့နှစ်ဆယ်လောက် ရိုက်သတ်ပစ်သင့်တဲ့ တစ္ဆေပဲ။ မနက်ဖြန်မနက်ကျရင်တော့ ဒီနေ့လို မုန့်ဟင်းခါးကို စားရလိမ့်မယ်လို့ ရှင် ဘယ်တော့မှ မမျှော်လင့်နဲ့ "

ပြောမယ့်သာ ပြောရတာပါ။ ဟယ်လင်ဟာ သူကိုယ်တိုင် ဒီနေ့ ဘာနေ့ ဆိုတာကို မသိဘူး။ အာသာလည်း သိမယ် မထင်ဘူး။

ဘာပဲဖြစ်ဖြစ်...သူတို့အိမ်ရှေ့မှာ မြင်းလှည်းတစ်စီးက ရောက်နေပြီ။ ။


မောင်ရေချမ်း

30 June 2017

Monday, October 31, 2016

ဗုံးဒဏ်ရာမဲ့ဂွေး

စစ်ကြီးပြီးတဲ့အခါ
ကလေး ကြီးပြင်းလာတယ်
ပျော်ရွှင်စရာဇာတ်သိမ်းဟာ
 ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ် ။ ။

                                မောင်ရေချမ်း
                             31 Oct 2016

Sunday, October 30, 2016

တောအုပ်ကျောင်းတော်

အမြင့်ကို မော့ကြည့်တော့
မန်ကျည်းရွက်တွေဟာ လှပထူထပ်လို့
သရက်ပင်လေးဟာလည်း
နံဘေးမှာ ရန်မလိုဘဲ ယှဉ်တွဲနူးညံ့ကာ
အကိုင်းအခက်တွေ တခမ်းတနားဖြာလို့
မြေပြင်ပေါ်ဝယ်...
ရေအိုင်ငယ်လေးတွေမှာ ချမ်းမြမှု လူးတယ်
ရွက်လှပင်များ ခြံရံစုပေါင်းရင်းပေါ့
တိတ်ဆိတ်ရနံ့များ အထူးမွှေးကူးစွာ
သပြေပင်နုနုလေးဟာ ပုဝပ်ငြိမ်သက်နေတယ် ။ ။

                                     မောင်ရေချမ်း
                                 28 Oct 2016

Sunday, October 16, 2016

ငြိမ်းချမ်းရေးဝတ္ထုထဲက ဇာတ်နာတဲ့သားအဖ

ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
သူ ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ် ပြောတယ်
တိုက်ပွဲဖြစ်နေတဲ့ ငါတို့နယ်မြေမှာ စာသင်ကျောင်းတွေမရှိဘူး
ငါ့သားလေး စာတော်တာ ဘယ်သူမှ မသိဘူး
အင်တာနက်ပေါ်တင်ဖို့ 

ဒီနေရာမှာ ဆက်သွယ်ရေးတာဝါတိုင်တွေ မရှိဘူး
သမ္မတကိုဆဲထားတယ်ဆိုတဲ့စာတွေ
အနာဂတ်ကို ဖော်ဆောင်ပြောင်းလဲစို့တွေ
လူအများထောက်ခံပါတီရဲ့လိုဂိုတံဆိပ်တွေ
ဒီနေရာမှာ မမြင်ရဘူး
ဝေစုခွဲတမ်းနဲ့ရတဲ့အစားအစာတွေ
အသစ်ရောက်လာတဲ့အရွယ်တူကစားဖော်တွေ
တိုးချဲ့ဆောက်လုပ်နေတဲ့ရွက်ဖျင်လေးတွေ
ငါ့သားလေးဟာ အရေအတွက်သင်္ချာကိုစဉ်းစားရင်း 

 ကစားဖို့ မေ့ချင်မေ့နေမလား
ငါ့သားလေးအတွက် အင်္ဂလိပ်စာသင်ပေးဖို့
War ကို ဘာသာမပြန်နိုင်တဲ့ဆရာ ငါ ရှာရမယ်
ငါ့သားလေးက စာသိပ်တော်တယ်
ကျောင်းကို သုံးမိုင်လောက်လျှောက်ရတယ်
အဲဒါ ဒီနေရာကိုမရောက်ခင်ရဲ့တစ်ချိန်က
ဟိုး...တုန်းက ငါ့သားလေးကျောင်းဖွင့်ချိန်ကပါ။


မောင်ရေချမ်း
17 Oct 2015

Thursday, October 6, 2016

နှလုံးသားဈေး

သူသည် လူအုပ်ကြားထဲမှ
ဖြေးလေးစွာနှင့် လာခဲ့သည်
ကြက်သွန်ဖြူ  ၊ အာလူး ၊ လက်ဖက်ခြောက်
ကုန်ခြောက်တန်းကို ကျော်လာခဲ့သည်
ကုန်စိမ်းတန်းကို ထပ်ဖြတ်ကာ
သစ်သီးစုံတန်း တစ်ဖက်ရှိ
ပန်းပွင့်တန်းသို့ ရောက်လာခဲ့သည်
အားလုံး နေပူထဲမှာချည်းပင်
အမိုးမရှိ ၊ အကာမရှိ
နေပူထဲ ချရောင်းနေကြသည် ။ ။

                                  မောင်ရေချမ်း
                               6 Oct 2016

Saturday, September 24, 2016

ကကြှဲသံ

တိုးတိုးလေးပဲ မိုးတွေ ရွာသွားတယ် ရေအိုင်ငယ်လေးထဲမှာ ကမ္ဘာပျက်ဖို့ ။ ။ မောင်ရေချမ်း

ကမ္ဘာကြီးအတွက် ဒိန်ချဉ်တစ်ခွက်

၁။ နွားနို့ ၁ ပိဿာကို ဆူအောင်ကျိုပါ
ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့
ကြာကြာလေး ကျိုပါ
တအားလည်း မပျစ်ပါစေနဲ့

၂။ပြီးရင် မီးဖိုပေါ်ကချပါ
အအေးခံပါ
လုံးဝတော့ မအေးပါစေနဲ့နော်
(နွေးနေတဲ့အချိန်မှာ အလျဉ်ထည့်ရမှာပါ)
လက်ညိုးလေးကို ထည့်ကြည့်လို့
အပူခံနိုင်တယ် ဆိုရုံလေးနွေးပါစေ
၃။အလျဉ်(ဟင်းခတ်ဇွန်း၁ဇွန်းစာ)
ပြီးရင် မွှေပေးပါ
၎။အဲဒီနောက် အုပ်ဆောင်းနဲ့ အုပ်ပြီး
မရွေ့လျားစေဘဲ ၂၄ နာရီထားပါ
အခန်းအပူချိန်မှာပဲ ထားတဲ့အခါ
၂၄နာရီ ပြည့်ရင် ဒိန်ချဉ်ရပါပြီ
သတိပြုရမှာကတော့
လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ။

                    မောင်ရေချမ်း
              22 September 2016

Saturday, October 17, 2015

စက်တင်ဘာကို မမေ့နဲ့


စက်တင်ဘာကို မေ့ပစ်လိုက်ရင်တောင်
စက်တင်ဘာက သမိုင်းမှာ လိုက်ပါလိမ့်မယ်
ဒါကြောင့် စက်တင်ဘာကို မမေ့နဲ့

အမှောင်တိမ်တွေအောက်မှာ
တဝေါဝေါသွန်ချနေတဲ့
မတရားမှုမိုးစက်တွေအောက်မှာ
စက်တင်ဘာဟာ ရွှေဝါရောင်တောက်ခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို ဘယ်တော့မှ မမေ့နဲ့

"ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ
  ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး"
အဲဒီအသံတွေ
ွသွေးအိုင်ထဲမှာ ပေလူးသွားခဲ့ဖူးတယ်
အဲဒီစက်တင်ဘာကို မမေ့နဲ့

Monday, August 17, 2015

ဒီဒုက္ခဟာ ရေးလို့ ဖတ်လို့ မကောင်းတဲ့ကဗျာ

အစကတည်းက ရေမွန်းနေတဲ့နိုင်ငံကိုမှ
အရင်ကတည်းက ရေနစ်နေတဲ့အနာဂတ်ကိုမှ
အဲဒီရေတွေဟာ ရေမဆန်စွာရောက်လာတာပဲ

ဆဲစရာဟာ စုံနေတဲ့အခါ
ဘယ်ဟာကို စဆဲရမလဲ ဝေဝါးလို့
မိမိကိုယ်မိမိပြန်ဆဲပြီး ယူကြုံးမရဖြစ်ခြင်းကစမယ်

ရေလွှမ်းသွားသော ရုတ်ရုတ်သဲသဲနေ့များ
ရသလောက်အရိုင်းမခံဘဲရုန်းကန်ကြမယ်
ရေကို ယဉ်ကျေးစွာတုံ့ပြန်မယ်

Sunday, July 26, 2015

နိုင်ငံတော်ဆိုတာကို အကြည်ညိုမရှိ !


နိုင်ငံတော်မှာ
ကလေးကအစ ခွေးအဆုံး အားလုံးပါတယ်
နိုင်ငံတော်မှာ
လူငယ်ကျောင်းသားဟာ အနာဂတ်များပေါ့
ဒါထက် ရိုးရှင်းတာ ဘာမှမရှိ
အနာဂတ်ကို ဖူးဖူးမှုတ်ထားတဲ့နိုင်ငံတော်ဆိုရင်
ငါတို့ဟာ ဖင်ဘူးထောင်ပြီးကို ကြည်ညိုကြရမယ်
ဒီလိုသာ တွေးခေါ်ခဲ့

လမ်းမှာ ယိုင်ထိုးထိုးဖြတ်သွားတဲ့အရက်သမားက
အော်ပြောသွားတယ်
ဒီနိုင်ငံတော်မှာ လူထုခေါင်းဆောင်နဲ့
ဒီနိုင်ငံတော်မှာ လူတစ်စုခေါင်းဆောင်နဲ့
ငါတို့ဟာ ကိုယ့်ဟာကိုယ်သာ ကြည်ညိုကြပါစို့ တဲ့
ဟေ့..လူ ! ခင်ဗျား သိပ်မှန်တယ်
အရက်သမားစကားဟာ သမ္မတစကားထက် ပိုကြည်ညိုစရာကောင်းကြောင်း ငါသတ်မှတ်တယ်

မင်း လွယ်ထားတဲ့မြွေအရေခွံအိတ်ဟာ အနာဂတ်တဲ့လားကွာ


"သူများသောက်ပြီးသား ဘီယာပုလင်းခွံတွေဟာ
တစ်စုံတစ်ယောက်အတွက် ညစာ"တဲ့လား
တခြားသူတွေနားလည်အောင်
ငါ ဘယ်လိုပြောပြရမလဲ...ကလေး လေး

"ဘုရားရှိခိုးလည်း မထူးဘူး
အစိုးရကလည်း ထမင်းလာမကျွေးဘူး
ကိုယ်ကောက်မှ ကိုယ်စားရတာ"
ဆိုတဲ့ မာတင်းတဲ့မင်းယုံကြည်မှုဟာ
ဘာသာမဲ့တစ်ယောက်လိုပြောစေသလား
သူပုန်တစ်ယောက်လိုပြောစေသလား
ဘယ်လိုပဲဖြစ်ဖြစ်...
"ကိုယ်ကောက်မှ ကိုယ်စားရတာ"ဆိုတဲ့
မင်းအဘိဓမ္မာမှာ ငါ ဖျားခဲ့ပါပြီ ။

Tuesday, June 16, 2015

ငတ်နေတဲ့စစ်သားလေးတွေ

ငါတို့
ကျည်ဆန်သုံးတောင့်ကို ရောင်းစားလိုက်တာ
ပေါင်မုန့်ငါးချပ်ပဲရတယ်

သေနတ်မပစ်ချင်တော့ဘူး
သေနတ်က ဒိုင်းခနဲကျည်တစ်တောင့်ထွက်သွားရင်
ငါတို့ ပေါင်မုန့်ချပ်တွေ လျော့မယ်

ရဲဘော်ရဲဘက်တွေက သေပြီ
ရန်သူတွေက ဘယ်မှာလဲ မသိတော့ပါ
ရိက္ခာက ပြတ်နေတာ ကြာပြီ
လူတွေ့ရင် ပေါင်မုန့်ရဖို့ပဲ ငါတို့အားခဲ
ကိုက်စားလို့မရတဲ့သေနတ်က ပုခုံးပေါ်မှာ လေးတယ်
ခပ်ဝေးဝေးမလျှောက်နိုင်တော့ဘူး
တအားဆာလောင်လာတဲ့ နောက်ဆုံး
ငါတို့ဟာ အချင်းချင်းသတ်ဖြတ်စားရတော့မလား
ကမ္ဘာထဲ...
တူညီဝတ်စုံနဲ့စစ်သားလေးသုံးယောက်
မရှိတဲ့လမ်းကိုလျှောက်နေတော့တယ် ။ ။

 

                                            မောင်ရေချမ်း

Thursday, March 26, 2015

အဲဒီ့တီရှပ်ပေါ်က ချေဂွေဗားရား


အဲဒီ့တီရှပ်ပေါ်က ပုံကိုပဲ ငါ့မှာ ငေးကြည့်နေရ
ဆံပင်အရှည်နဲ့... ချေဂွေဗားရား
သူများဒုက္ခတွေကိုတော့ ဒုက္ခခံပြီးရိတ်ညှပ်ပေးခဲ့သူ
သူ့ဆံပင်သူတော့ ညှပ်ဖို့အချိန်မရှိခဲ့ရှာ

သူဟာ
တီရှပ်ပေါ်ကနေ
လူငယ်တွေကျောကုန်းပေါ်
ပြီးတော့ရင်အုံပေါ်အထိ ခုန်ကူးလာ
ချေဂွေဗားရားရေ...
ခင်ဗျားဘယ်လိုလူစားလဲမသိဘဲ ခင်ဗျားပုံကိုတက်တူးထိုးထားသူ လူငယ်များကိုတွေ့ရင်တော့
ကျနော့်မှာ သူတို့အစား ခင်ဗျားကို အားနာ ။

ခင်ဗျားတိုက်ခဲ့ပါတယ်
ကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်မက
သူများတိုင်းပြည်လွတ်လပ်ရေးအထိ
ပြီးတော့
ခင်ဗျား ခန္ဓာကိုယ်အပိုင်းပိုင်းကျေသွားသည့်အထိ ။

ရင်းခဲ့ရတယ်
ဆေးထိုးအပ်ကို ပစ်ချပြီး
တောကြီးမျက်မည်းတွေထဲ တစ်ဘဝလုံးပစ်ချခဲ့အထိ ။

ရှုံးဆုံးခဲ့သမျှ အားလုံးဟာ အလကားပါပဲ
အခုချိန် တစ်ကမ္ဘာလုံးမှာ စစ်ပွဲတွေများစွာ
အဲဒီ့အတွက်နဲ့ ကျနော့်မှာ ခင်ဗျားကို ကြိမ်ဖန်များစွာအားနာ ။ ။

မောင်ရေချမ်း

17.2.2015

လှည်းတန်းက အပြန်


ဓာတ်ပုံတစ်ပုံမြင်ရုံနဲ့
အလုပ်ပျက်ခံ လမ်းပေါ်ထွက်လာတဲ့လူငယ်တစ်ယောက် ။

ဘတ်(စ်)မှတ်တိုင်မှာ အလုပ်ကပြန်လာသူများကို ငေးမော
အင်းယျားကန်ဘောင်ပေါ်က စုံတွဲများကို ငေးမော

တစ်ခုခုများ လွဲမှားနေသလား
တစ်ခုမကများ လွဲမှားနေသလား

တော်လှန်ရေးဆိုတာ
အသက်တစ်ချောင်းသေရင် နောက်တစ်ချောင်းထပ်ထွက်လာရမှာ မဟုတ်လား။

လမ်းပေါ်မှာ လူတွေများစွာ
ဘတ်(စ်)ကားတွေပေါ်မှာ လူတွေများစွာ
ညနေ အိမ်ပြန်ဖို့သာ သူတို့ပန်းတိုင်လား ငါတွေးတောနေမိ

ငါ့မျက်လုံးထဲ
လမ်းမပေါ်က ခြေထောက်တွေပဲ တဖွဲဖွဲ ဝင်လာကြ ။ ။ ။ ။ 


မောင်ရေချမ်း
10.3.2015

Thursday, September 11, 2014

အရည်မရ အဖတ်မရ ရန်ကုန် ၊ ရေခဲစိမ်နေပြည်တော် !



ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတော့
လယ်သမားတွေက ရယ်ကြတယ်
ရန်ကုန်က အလုပ်လက်မဲ့လူငယ်တွေက အဲဒီ့စကားလုံးတွေပေါ်ကွမ်းတံထွေးတွေ ထွေးချလိုက်တယ်
ရဲ ခနဲ

ကောင်းကင်ဆိုလည်း
ကြယ်တွေသန့်မှ ကြည့်လိုကြတဲ့ခြေထောက်တွေကတော့ လမ်းပေါ်မှာ

“မိဘပြည်သူများ..ခင်ဗျာ” ဟာ
မိဘများအတွက် အရည်လည်းမရ ၊ပြည်သူများအတွက် အဖတ်လည်းမရ

သားဆိုးလူမိုက်များကို အမွေဖြတ်စွန့်လွှတ်ကြောင်းကို
မိဘဖြစ်တဲ့ပြည်သူများက သတင်းစာတွေထဲကနေကြေညာထည့်တယ်
စာမဖတ်တတ်တဲ့သားများက ဖတ်ရပုံမရရှာ

ပေါက်လွှတ်ပဲစားစိုက်ထားတဲ့
၂၀၀၈ ညစ်တီးညစ်စုတ်သစ်ပင်ကြီးကို ခုတ်ချပေးဖို့ ရန်ကုန်ကအော်ပြန်တယ်
နေပြည်တော်က ၀ီစကီပုလင်းလေးငဲ့ပြီး ခေါင်းခါတယ်
စီးကရက်လေး…အေးအေးလူလူဖွာပြီး ဒူးနန့်နေပြန်တယ်
ပြီးတော့…ရန်ကုန်နှင့်တကွတခြားမြို့ကလေးများကို သနားစဖွယ်ဆိုတဲ့အပြုံးနဲ့လှောင်တယ်

ရန်ကုန်ကထုတ်တဲ့ သတင်းစာဂျာနယ်တွေမှာ
စစ်ဘေးဒုက္ခသည်များဓာတ်ပုံနဲ့
ကျူးကျော်သူအိုးမဲ့အိမ်မဲ့များဓာတ်ပုံနဲ့
ဘာသာရေးဖဲချပ်အောက် မီးတောက်သွားသောမြို့ ၊ ရွာများဓာတ်ပုံနဲ့
အဲဒီ့ဓာတ်ပုံတွေကို နေပြည်တော်က အိပ်မပျော်တဲ့အခါ ထုတ်ထုတ်ကြည့်တယ်
ပြီးတော့ အိပ်ရေး၀၀အိပ်တယ်

ရန်ကုန်က ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ဖို့ကြိုးစားပြန်တယ်
နေပြည်တော်က အားရပါးရလက်ခုပ်တီးပြီးသြဘာပေးတယ်
ပြီးတော့
ကိုယ့်ဒုက္ခကိုယ် ဆယ်ဖို့မေ့နေတဲ့အသက်ရှူသံတွေကို ဇိမ်လေးခံပြီးကြည့်နေရှာတယ်။ ။

                            မောင်ရေချမ်း
ပဲ့တင်သံဂျာနယ် ၊ အမှတ်(၆၁) စက်တင်ဘာ ၂၀၁၄

Monday, April 28, 2014

၁ လ သား ကလေးငယ်လေး




မင်းကို ကြည့်ပြီး
မိခင်လက်ပေါ် ရှူးရှူးပန်းချတဲ့အရွယ်များကို ပြန်ရောက်ချင်သွားတာ
ဒါ နည်းနည်းလေးလိမ်ပြောလိုက်တဲ့ တကယ့်အဖြစ်အပျက်ပါ...ကလေးလေး

ကလေးလေးရဲ့ မျက်လုံးတွေက ၀ိုင်းစက်ကြည်လင်နေတာ
ဟင့်အင်း ...ဒါ ကဗျာဖွဲ့စရာမဟုတ်ပါဘူး
အထာကျပုံကတော့
သူ့လောက် ရိုးသားသူမရှိဘူးလို့ပြောနေသယောင်
ဝိုင်းအုံကြည့်နေသူတွေကို တခိခိ တခစ်ခစ် ရယ်ပြနေတာ
ကလေးလေးရေ...
အဲဒီ့လူတွေကို ပြောလိုက်စမ်းပါ
အနှီးထုပ်ထဲက ဘ၀လောက် ဘယ်ဘ၀မှ မဖြူစင်ဘူးဆိုတာ

မင်္ဂလာပါ ...ချာတိတ်လေးရာ
တကယ်တော့ ..မင်းမရောက်သေးတဲ့ ကမ္ဘာမှာ ဘာမှမရှိပါဘူး
အားလုံးဟာ အင်ထုထားတဲ့ အတုတွေပါကွာ ။ ။

မောင်ရေချမ်း
( ၁၂ / ၁ / ၂၀၁၄ )

Saturday, April 19, 2014

သူငယ်ချင်းကဗျာဆရာ အလည်လာခြင်း



ကိုယ့်သူငယ်ချင်း ကဗျာဆရာရယ်
ခင်ဗျားကတော့ ချေဂွေဗားရားရုပ်ပုံနဲ့အင်္ကျီဆိုလွှတ်ကြိုက်တာပဲ
ကိုယ်ကတော့ ဖြစ်နိုင်ရင် တိမ်တွေကိုခူးပြီးနှင်းဆီပွင့်တွေပေါ်ပုံထားချင်တာ

ရိုးရိုးရှင်းရှင်းပဲ တွေးခေါ်နိုင်စွမ်းရှိပါတယ်
" မှန်သောအရာဟာ သစ္စာပေါ့ကွာ" တဲ့
ခင်ဗျားက အဲလိုပြောတယ်
အိုကေပါ ... ကဗျာဆရာရဲ့
အခုလောလောဆယ်တော့
ပိုက်ဆံမရှင်းရသေးဘဲ ဖွာလိုက်တဲ့စီးကရက်တောင့်တွေဟာ ကိုယ်တို့ဖြစ်ခဲ့ပါတယ်

ဖြစ်နိုင်ရင်ပေါ့
ကမ္ဘာရဲ့အစမှာ
စံပယ်ပွင့်လေးများ ဘယ်လိုထွန်းကားခဲ့ကြောင်းပြောပြခဲ့ပါ

ကဗျာဆရာရေ ... ကဗျာဆရာ
ခင်ဗျားအိမ်မပြန်ခင်
ကိုယ့်ရင်ဘတ်ထဲက မေတ္တာကို ကဗျာဖွဲ့ခဲ့ပါ
နှောင်းလူတို့ အပျင်းပြေရယ်မောဖို့ပါ ။ ။

                                      မောင်ရေချမ်း