Sunday, July 26, 2015
မင်း လွယ်ထားတဲ့မြွေအရေခွံအိတ်ဟာ အနာဂတ်တဲ့လားကွာ
"သူများသောက်ပြီးသား ဘီယာပုလင်းခွံတွေဟာ
တစ်စုံတစ်ယောက်အတွက် ညစာ"တဲ့လား
တခြားသူတွေနားလည်အောင်
ငါ ဘယ်လိုပြောပြရမလဲ...ကလေး လေး
"ဘုရားရှိခိုးလည်း မထူးဘူး
အစိုးရကလည်း ထမင်းလာမကျွေးဘူး
ကိုယ်ကောက်မှ ကိုယ်စားရတာ"
ဆိုတဲ့ မာတင်းတဲ့မင်းယုံကြည်မှုဟာ
ဘာသာမဲ့တစ်ယောက်လိုပြောစေသလား
သူပုန်တစ်ယောက်လိုပြောစေသလား
ဘယ်လိုပဲဖြစ်ဖြစ်...
"ကိုယ်ကောက်မှ ကိုယ်စားရတာ"ဆိုတဲ့
မင်းအဘိဓမ္မာမှာ ငါ ဖျားခဲ့ပါပြီ ။
ဖိနပ်မပါသော ကလေး လေးရယ်
ညရဲ့အဓိပ္ပာယ်ဟာ
အိပ်ရေးဝဝအိပ်ဖို့ မဟုတ်ဘဲ
ပုလင်းခွံတွေရှာဖို့ပါတဲ့လား ။
မိုးရေတွေက လမ်းကို လူကို ရွှဲရွှဲစိုစေသလို
ခေတ်ကလည်း လမ်းကို လူကိုရွှဲရွှဲစိုစေသလား
ငါ့မေးခွန်းက င့ါကိုလှောင်တယ်
မင်း ဖြေနိုင်သမျှကတော့
ပလတ်စတစ်ရေသန့်ဗူးက တစ်ဆယ်တန်တယ်
သံဗူးလေးတွေက ဆယ့်ငါးကျပ်/နှစ်ဆယ်
ဘီယာဖန်ပုလင်းတွေက ငါးဆယ်
ဒါပါပဲလား
ညကို တူးဆွလို့ အနာဂတ်ကိုရနိုင်ရင်
မင်းပြောသလို ငါလည်း မာတင်းစွာပြောချင်ပါရဲ့
ငါ့ရှေ့က အနာဂတ်ဟာလည်း
မင်းကောက်သွားတဲ့ ပုလင်းခွံလေးလိုပါပဲ
ပါးချပ်တွန့်ကြေနေခဲ့ပါတယ်
မင်းမြွေအရေခွံအိတ်က ငါ့ကို ပြန်လှောင်တယ်
အမှောင်က တကယ်အဓွန့်ရှည်လွန်းပါတယ်။ ။
မောင်ရေချမ်း
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
နှစ်သက်စွာ ခံစားနိုင်ပါစေ