ချစ်စကားကို ခခယယပြောပြန်သည်.။ကျွန်မလည်း ခပ်မြူးမြူးလေးပြုံးပြီး အဖြေပြန်ပေးလိုက်သည်။သူလည်း
စားချင်သောမုန့်ကိုရသွားသည့်ကလေးလေးတစ်ယောက်၏အပျော်မျိုးဖြင့် ပျော်သွားသည်.။ပြီးနောက်
ကျွန်မတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တွဲပြီး လျှောက်လည်ကြသည်..။ဇိမ်ခံသဘောင်္ကြီးများ ၊အဆင့်မြင့်ဟိုတယ်ကြီးများပေါ်မှာ ပျော်ချင်တိုင်းပျော်ကြသည်.။စတိုးဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ သူက ကျွန်မကို“ဘာလိုချင်သလဲ”ဟုမေးသည်.။ကျွန်မကအသည်းပုံလေးတွေပါသည့်ခရမ်းရောင်ထီးလှလှလေး တစ်လက်ကိုလက်ညှိုးထိုးပြမိသည်။သူဝယ်ပေးတော့ ကျွန်မအလွန်အမင်းပျော်သွားသည်......။
@ @ @ @ @ @ @ @ @
“ သမီး...၊ထတော့ ...ထတော့ ၊၊ လေးနာရီတောင် ထိုးနေပြီ၊၊သုံးနာရီခွဲလောက်ထပါဆိုတာကို..၊
အမြဲတမ်း နှိုး နှိုးနေရတယ်နော်..။ဟင်း..၊အိပ်နေလိုက်တာများ ...။ငါ့မှာတော့မိုးတွေရွာတာနဲ့
တစ်ညလုံး မအိပ်ရသေးဘူး ၊၊ဟိုနား မိုးယိုတာကိုခံလိုက် ၊ ဒီနား ယိုတာကိုခံလိုက်နဲ့ ၊၊ တစ်ည
လုံးမအိပ်ရသေးဘူး ညည်းမှာတော့ ဇိမ်နဲ့ကို အိပ်နေလိုက်တာနော်..။ ဟဲ့...ထတော့ဆို...။ ”
အမေ့အသံစူးစူးကြီးထွက်လာတော့ စိတ်ထဲမှာကြောင်စီစီဖြစ်သွားသည်..။အိပ်မက်မက်နေခြင်း ဖြစ်ကြောင်းကိုလည်း ခုမှတွေးမိတော့သည်။သို့သော်...မျက်လုံးကမဖွင့်ချင်သေး.။မျက်လုံးလေး မှိတ်ပြီးမှိန်းနေလျက်ပင် မပီမသပြောမိသည်။
“ ခဏလေးနော် ...အမေ ၊ ငါးမိနစ်လောက်ပဲ..၊ငါးမိနစ်ပဲ ။ပြီးရင် ထမယ် ”
“ဟာ......၊ဒီကောင်မတော့ ၊ဇိမ်က ယူချင်နေသေးတယ်.။ကောင်းကောင်းမွန်မွန် နှိုးလို့ကိုမရဘူး ၊၊
ငါရိုက်ပုတ်ပြီး နှိုးမှ ဘေးအိမ်တွေ အနှောင့်အယှက်ဖြစ်ဦးမယ်..။ထဆို ထတော့လေ...။ ”
နည်းနည်းပြင်းထန်လာသော အမေ့အသံကြောင့်မျက်လုံးကိုမရမကဖွင့်လိုက်ရတော့သည်။ အိပ်ယာက မထလို့လည်းမရတော့ပေ..။ဆက်အိပ်နေပါက တံမြက်စည်းရိုး သို့မဟုတ် ကြိမ်လုံးတစ်ခုခု လာပေတော့မည်...။
ငုတ်တုတ် ထထိုင်နေသော်လည်း မျက်လုံးကတော့သိပ်မဖွင့်ချင်သေး။မထချင်ထချင်မို့ အပျင်းကြောတစ်ချက်တော့ဆန့်မိသေးသည်.။
“သွား...၊မျက်နှာသွားသစ်...မြန်မြန် ။။ မိုးအေးတယ် ၊ရေတော့ မချိုးနဲ့တော့.။နေ့လည်ကျောင်းက ပြန်လာမှ ချိုး။
မြန်မြန်လုပ် ၊ပြီးရင် လင်ပန်းတွေ ယူပြီး လိုက်ခဲ့တော့ .။ငါသွားပြီ...။”
အမေက ပြောချင်ရာပြောပြီး မုန့်နှစ်ရည်များ ဖျော်ထားသောပုံးနှင့်ဆီပုံးကိုဆွဲကာအိမ်ပေါ်မှ ဆင်းသွားသည်.။ကြမ်းပြင်ကိုထိရုံသာဖွဖွလေးနင်းသွားသော်လည်း ဆွေးနေသောဝါးကြမ်းခင်းတွေမို့ အိမ်လေး
တစ်ခုလုံးငလျင်လှုပ်သလို တုန်ခါသွားစေသည်.။
အိပ်မက်ကိုသတိရတော့ပြုံးမိသေးသည်.။မျက်နှာကရေနဲ့ထိတော့ အေးခနဲနေသွားသည်။ရေချိုး ချင်သေးသော်လည်းအချိန်က မရှိတော့ပေ။သည်နေ့ ရေတိုင်ကီရေပြည့်နေပြီ.။“တော်ပါသေးရဲ့ ”ဟု
စိတ်ထဲမှာ ရေရွတ်မိသည်.။မိုးသည်းသည်းမည်းမည်း ရွာတာကိုပင် ကျေးဇူးတင်ရပေမည်.။နို့မို့ဆို...ရေစည် လှည်းတစ်လှည်းကို တစ်ရာ့ငါးဆယ်ပေးကာ ၀ယ်ဖြည့်နေရဦးမည်။
မျက်နှာကို ကပျာကယာသစ်သည်။မျက်နှာသုတ်ပ၀ါလည်းမရှိတော့လက်နှင့်ပင်ရေစက်တွေ ကိုသပ်ချပြီးလွယ်အိတ်ထဲသို့ ကျောင်းစာအုပ်တွေအလျင်အမြန်ထည့်ရသည်.။အမေ့ကိုကူစရာရှိတာကူပြီး
ကျောင်းသို့တန်းသွားရမည် ဖြစ်သည် ၊၊
ခုနက ကျေးဇူးတင်မိတော့ မိုးကို အခုတော့ စိတ်ဆိုးမိပြန်သည်။အုံ့ဆိုင်းမည်းမှောင်နေသာ မိုးရိပ်မိုးသားတွေကို အလိုမကျဟန်နှုတ်ခမ်းလေးကို ဖိကိုက်ထားလိုက်မိသည်.။
“ တကတည်း..၊ရွာပဲရွာနိုင်လွန်းတယ်နော်..။င့ါမှာ ထီးမရှိမှန်းသိလို့များ စွက်ရွာနေတာလား
မသိပါဘူး ...ဟွန်း ၊၊ ”
ဗွက်တွေကိုနင်းရင်း မကျေမချမ်းရေရွက်ကာ လမ်းပေါ်မှာ တစ်ယောက်တည်းမျက်စောင်း ထိုးမိသည်.။“ကျောင်းသွားခါနီးလေးတော့ ..တိတ်ပါစေ ”ဟုလည်းဆုတောင်းမိပြန်သည်။“ဟိုကောင်မတွေေ တာ့အိပ်လို့ကောင်းတုန်းရှိမှာပေါ့လေ..” ဟုလည်းကျောင်းက သူငယ်ချင်းတွေဖြစ်သည့် လဲ့ရည်တို့ ၊စုစု တို့အပေါ် မနာလိုစိတ်လေးက ဖြစ်လာသေးသည်.။“အင်းလေ ၊ သူတို့မိဘတွေကချမ်းသာတာပဲကိုး ”ဟု
ကိုယ့်ဘ၀ကိုယ် အားငယ်စိတ်လေးက ၀င်လာပြန်သည်။ဘာပဲဖြစ်ဖြစ်....သည်တစ်ရက်နှစ်ရက်တော့ ထီးလေးတစ်လက် ၀ယ်နိုင်ပေတော့မည်ဖြစ်သည်..။ကျွန်မ ပိုက်ဆံစုထားတာပြည့်တော့မည် ဖြစ်သည်...။
“ဟဲ့....ကောင်မ ၊ မြန်မြန်လာ ..ဟဲ့..။စင်ပေါ်မှာ မော်ဒယ်ရှိုးလျှောက်နေတယ်များမှတ်နေလား
မိုးရွာထဲကိုဇိမ်နဲ့လျှောက်နေတယ် ၊၊ ပြောကိုမပြောချင်ဘူး...ဟင်း..၊
ဒီမှာ ..ကျက်တဲ့အကြော်တွေ ဆယ်လှည့်.။မီးလည်းထိုးဦး..။အချဉ်ရည်ထုပ် ကျန်ခဲ့လို့ ငါခဏပြန်ယူလိုက်ဦးမယ်...။ ”
အကြော်တဲထဲ မရောက်မီပင်အမေ့အသံပြာအက်အက်ကိုကြားတော့ကျွန်မအတွေးတွေပြယ်လွင့် သွားသည်၊၊အမေကတော့သုတ်သုတ်နဲ့အိမ်ပြန်သွားသည်။ကျွန်မနံနက်ခင်းအစကတော့ ခေါက်ရိုးကျိုးနေသည့်
သည်အတိုင်းပင်ဖြစ်သည်...။
@ @ @ @ @ @ @ @ @
ခြောက်နာရီ ထိုးပြီ..။“ကျောင်းချိန်မှ မီပါ့မလား”ဟုစိုးရိမ်မိသည်.။အိမ်ပြန်ပြီးသနပ်ခါးလေး လူးချင်သေးသော်လည်း အချိန်မရတော့ပေ။ခေါင်းတွင် ကပ်နေသောပြာမှုန့်များကိုခါချပြီးသပ်သပ်ရပ်ရပ် ဖြစ်အောင်တော့ လုပ်မိသေးသည်.။
“ သွားရင်လည်း ...သွားတော့လေ။ နာရီတကြည့် ကြည့်နဲ့..။တကတည်းတော်..၊နည်းနည်းပါးပါးတောင်
ကူမလုပ်ချင်ဘူး...။ဟင်း...သွားရင်သွားတော့...။ရော့......ရော့.....”
အမေက မုန့်ဖိုးနှစ်ရာ ထုတ်ပေးသည်။တခြားသောဆယ်တန်းကျောင်းသူတစ်ယောက် အတွက် မုန့်ဖိုးနှစ်ရာဆိုသည်မှာနည်းသော်လည်း ကျွန်မအတွက်တော့များလှပါသည်.။တစ်ရာကို မုန့်စား ၊တစ်ရာကိုထီးဝယ်ရန်အတွက်နေ့စဉ်စုနိုင်သည်...။
“ဟုတ်ကဲ့..အမေ၊ သမီး .သွားပြီနော်..။”
“ အေး ...အေး.......နေဦး ၊ဒီအကြော်ထုပ်ပါ တစ်ခါတည်း ယူသွား..၊လမ်းထိပ်က မအေးမော်တို့ မုန့်ဟင်းခါးဆိုင်ကို ၀ယ်ပို့ခဲ့....။”
***** **** *** **** **** *****
ကျောင်းဝင်းထဲကို ၀င်လာသည့်ထီးရောင်စုံလေးတွေကိုလိုက်ကြည့်နေမိသည်။ မိန်းမဆောင်းခေါက် ထီးလေးတွေ ၊ယောကျာင်္းဆောင်းအညိုရောင်ရင့်ရင့် ထီးလေးတွေ ၊၊ဘယ်ထီးမျိုးမဆို ကျွန်မနှစ်သက်မိပါသည်.။တချို့ထီးလေးတွေကလူသုံးကုန်ပစ္စည်းတံဆိပ်လေးတွေနဲ့။သည်လိုထီးမျိုးလေးတွေ
ကလည်း ကျွန်မအမြင်အာရုံတွင်ခမ်းနားနေပြန်သည်.။တချို့က ထီးကို လှလှပပဆောင်းလာကြသည်.။
တချို့ကတော့ ထီးချင်း၊ထီးချင်း တွန်းတိုက်ရင်းကစားကာဆောင်းလာကြသည်။ထီးရွက်ဖျင်ပေါ်ကတစ်ဆင့်
စီးကျနေသည့် မိုးရေစက်တွေကို လက်ဖြင့်ခံကာ သူငယ်ချင်းအချင်းချင်းလှမ်းပက်ကြည်စယ်ကြပုံကိုလည်း
ငေးကြည့်နေမိသည်..။
“သူတို့မှာ ကိုယ်ပိုင်ထီးလေးတွေ ရှိတော့ ပျော်ကြမှာပေါ့...”
ဟု စိတ်ထဲမှ မချင့်မရဲလေးပြောမိသည်..။
ပိုက်ဆံစုထားတာ ပြည့်ပါက ဘယ်လိုထီးမျိုးဝယ်ရင်ကောင်းမလဲ တွေးကြည့်မိသည်.။ နှစ်ဆစ်ချိုးခရမ်းရောင်ဖဲထီး။ခရမ်းရောင်ဆိုရင်တော့ အရောင်နည်းနည်းဖျော့ပေမည်။အများကြားထဲမှာ
ကျွန်မထီးလေးထင်းခနဲဖြစ်နေအောင် အပြာရောင်နုနုလေးဝယ်မည်ဟု စိတ်ကူးကြည့်မိသည်.။
“ အို...ဒါလည်းသိပ်မကောင်းပါဘူး ”ဟုစိတ်ကုးကို စိတ်ကူးထဲမှာ ထပ်မံပယ်ချလိုက်ရပြန်သည်.။အနီရောင်
ထီးလေးမှာ ပန်းပွင့်လှလှလေးတွေနှင့်ဆို သိပ်ကြည့်ကောင်းမည်ဖြစ်သည်။ ပြီးတော့မိုးရွာတိုင်းလည်းဆောင်းလို့ မဖြစ်ဘူးဟု တွေးမိပြန်သည်။ကျွန်မထီးလေးဝယ်ပြီး သိပ်မကြာခင် အရောင့်လွင့်သွားမှာ၊နွမ်းဖျော့သွားမှာစိုးရသည်..။
ထီးအသစ်လေးနှင့်လမ်းလျှောက်နေသော ကျွန်မပုံရိပ်လေးကို စိတ်ကူးထဲမှာမြင်ယောင်ကြည့်ကာ ကျွန်မကြည်နူးလာမိသည်.။စိတ်ကူးအိပ်မက်တို့သည် မကြာခင်လက်တွေ့အကောင်အထည်ဖော်ခွင့်ရတော့မည် ဖြစ်သည်.။
သည်နေ့တစ်နေ့လုံး မိုးကလည်းရွာနေသဖြင့် ကျွန်မစိတ်ထဲတွင် ထီးလေးတစ်လက်ဝယ်မည့် အကြောင်းကိုသာ တွေးနေမိသည်။စာသင်ရသည်မှာလည်းစိတ်မပါ။ထီးဝယ်ပြီးသွားရင်လည်းမိုးတွေ နေတိုင်း ရွာပါစေ ဟုသာဆုတောင်းနေမိသည်.။
“ သင်းသက်ထား ၊ မတ်တပ်ရပ် ”
အတန်းပိုင်ဆရာမ၏အသံစုးစုးကြောင့်လန့်သွားသည်။လက်လေးပိုက်ပြီးမတ်တပ်ရပ်ကာ ခေါင်းလေးကို ငုံ့ထားမိသည်.။ထင်သည့်အတိုင်းပင်။
“သမီး ..။စာမေးပွဲကြေးပေးဖို့ ကျန်သေးတယ်နော်..။ဟိုအပတ်ကလည်း အသင်းကြေးတွေလည်း မပေးရသေးဘူး
ကျောင်းအပ်တုန်းက စာအုပ်ဖိုးတွေရော..။စီးပွားရေး အဆင်မပြေရင်မိဘ လာတွေ့ဖို့ပြောထားတာလည်း မလာဘူးနော်...။ဘယ်လိုဖြစ်တာလည်း...သမီး..။”
“အမေ မအားလို့ပါ ဆရာမ..။အားရင်လာမယ်လို့တော့ ပြောပါတယ်..ဆရာမ.”
ခေါင်းငုံ့လျက်ပင် ပြောမိသည်..။ဆရာမကတော့ မျက်မှန်ကို ဟန်ပါပါပင့်လိုက်ပြီးလေ သံဖျော့ဖျော့လေးနှင့်ပြောပြန်သည်။
“အမေ မအားလည်း အဖေလာရမှာပေါ့..။အခုတော့မလေးမစားနဲ့ကွယ်..။စာကြိုးစားတဲ့ကလေးမို့ မဆူချင်ပါဘူးလေ”
ဆရာမအသံကြားရတော့ လွန်ခဲ့သောလေးနှစ်ခန့်က ဆုံးသွားတော့ အဖေ့မျက်နှာကို ကျွန်မဖျတ်ခနဲ မြင်ယောင်မိသည်.။“အဖေသာရင် ရှိရင် ထီးလေးတစ်လက်တော့ မရမက ၀ယ်ပေးရှာမှာပဲ ”
ဟုမဆီမဆိုင်တွေးမိသေးသည်.။
“သမီးအဖေက မရှိတော့ပါဘူး ဆရာမ ၊ဆုံးသွားပါပြီ..။အမေပဲ ရှိပါတယ်.။”
“ကဲ..ထိုင်တော့ ..။ထိုင်တော့။ဒါဆိုလည်းသမီးအမေကိုလွှတ်လိုက်နော်..။
တီချယ်သမီးအမေနဲ့ အေးအေးဆေးဆေး
စကားပြောချင်တယ်..။”
ဆရာမလေသံတွင် ကရုဏာငွေ့တို့ ယဲ့ယဲ့လေးယှက်သန်းနေသည်.။ထိုင်ခုံမှာပြန်ထိုင်ရင်း ခုံကို လက်သည်းလေးတွေဖြင့်ခြစ်နေမိသည်.။တစ်ခန်းလုံးဝိုင်းကြည့်နေမည့် မျက်ဝန်းတွေကိုစိတ်ထဲမှ ရဲရဲပြန်ကြည့်သည်.။တချို့က အထင်သေးဟန်၊တချို့က သနားဟန်၊။တချို့က လှောင်ပြောင်လိုဟန်။
ဘေးနားက လဲ့ရည်နှင့်စုစုတို့ကတော့ ဘယ်သူ့ကိုမှ စိတ်မ၀င်စားဟန်ဖြင့်သူတို့ညက ကြည့်ခဲ့သော ကိုရီးယားဇာတ်လမ်းအကြောင်းကို ပြောဆိုနေကြသည်.။
@ @ @ @ @ @ @ @ @
ကျောင်းဆင်းချိန် မိုးတိတ်သွားသဖြင့်တော်သေးသည်.။နို့မို့ဆို အများကြားထဲ ထီးမပါသည့်အဖြစ်က သိသာနေဦးမည်.။လဲ့ရည်နှင့်စုစုတို့က ကျွန်မကိုနှုတ်ဆက်ပြီးစက်ဘီးလေးတွေ ကိုယ်စီနင်းပြီးပြန်သွားကြသည်.။သူတို့လို ဂျပန်စက်ဘီးလှလှလေးလည်းလိုချင်မိပါသည်.။သို့သော်
အခုလောလောဆယ် ကျွန်မအလိုချင်ဆုံးမှာထီးလေးတစ်လက်သာဖြစ်သည်.။
သူများတွေလိုကျူရှင်လည်းမတက်ရသဖြင့်အိမ်ကိုပဲတန်းတန်းမတ်မတ်ပြန်လာသည်.။မိမိအိမ်မိမိပြန်
လာသည်ကိုပင်ကျွန်မရင်ခုန်နေမိသည်။သည်နေ့တစ်နေ့လုံးမုန့်မစားဘဲနှစ်ရာလုံးစုနိုင်ခဲ့သည်..။နောက်နေ့ဆို
ထီးလေးတစ်လက်ဝယ်နိုင်ပေတော့မည်.။ရက်ပေါင်းများစွာ မျှော်လင့်ကြည်နူးခဲ့ရသောစိတ်ကူးလေးသည်
မကြာမီပြည့်ဝတော့မည်.။ကျွန်မကိုယ့်အတွေးနှင့်ကိုယ်ပျော်မိသည်.။
အိမ်ပြန်ရောက်တော့အိမ်ရှေ့ကပြင်တွင်ထိုင်နေသောအမေကို တွေ့ရသည်.။အမေ့မျက်နှာ ကြည်ကြည် လင်လင်မရှိ၊၊ထို့ကြောင့်နှုတ်မဆက်တော့ဘဲစုဘူးလေးထားသောအိပ်ယာဘေးသို့သာ ကျွန်မလှမ်းသွားသည်၊၊
ရင်ထဲမှ မီးညွန့်မီးတောက်များ တက်လာသလို လှိုက်ခနဲ..။ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ပျက်စီးဆုံးရှုံးသွားသလို စူးခနဲ ၊နင့်ခနဲ....။ကျွန်မ ကြေကြေကွဲကွဲခံစားလိုက်ရသည်.။
နှစ်ပိုင်းပြတ်နေသော ဘိုမရုပ်စုဘူးလေးကို လက်မှကိုင်ရင်း
“အမေ.....၊အမေ။ အမေ။.........သမီး စုဘူး ....လေး...........လေ..”
အမေ့ကိုသာ မရပ်မနားခေါ်နေမိသည်.။
အမေသည်ဟင်းခနဲ သက်ပြင်းရှည်ကြီးတခုကိုချသည်..။ပြီးနောက် နံရံကို ကြည့်ပြီးတစ်လုံးချင်းပြောသည်..။
“ဈေးရင်းဖို့ ငွေလိုလို့ နေ့ပြန်တိုးယူထားတာ အတိုးသွားပေးရတယ်လေ..။သမီးရယ်..။ပိုက်ဆံက ထောင်ဂဏန်းလောက်
ကပ်သီးကပ်သပ် လာလိုနေတယ်..လေ...။အဲ..ဒါ...နဲ့...။အမေ လည်း...။အ.......မေ...လည်း..လေ...”
ပြောရင်း အမေ့အသံသည် တိမ်ဝင်သွားသည်.။တရှုံ့ရှုံ့ငိုနေသော ကျွန်မကို နှစ်သိမ့်ရန် ကြိုးစားသည်.။တောင်ထိပ်ရောက်ပြီှးမှတွန်းချခြင်းခံလိုက်ရသလို ကျွန်မမျှော်လင့်ချက်တို့သည်
ကြွေလွင့်ခဲ့ရပြီ......။
“သမီးရယ်..မငိုပါနဲ့တော့နော်...။အမေတောင်းပန်ပါတယ်..။သမီး ထီးဝယ်ချင်လို့ စုနေတာလည်း အမေသိပါတယ်
လကုန်ရင်လေ...ဒီလကုန်ရင်လေ....အမေ၀ယ်ပေးပါ့မယ်နော်..။နော်...သမီး နော်..”
ကျွန်မ မျက်ရည်တွေကို တယုတယသုတ်ပေးရှာသည်။ကျွန်မ အမေ့ကိုမော့ကြည့်မိသည်..။အို.......အမေလည်း ငိုနေပါလား..။ကျွန်မ အမေ့ကိုပြုံးပြသည်..။
“အမေရယ်..။သမီးကထီးမလိုပါဘူး။။။နောက်လဆိုရင်လေ..မိုးပဲကုန်တော့မယ်
ဟာလေ အဲဒီ့ပိုက်ဆံတွေကလေ...အဲဒီ့ပိုက်ဆံ......လေး.....တွေ...က
လေ အမေအသုံးလိုရင်သုံးဖို့ သမီးစုထားတာပါ...။အမေရယ်နော်..။ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်..။”
သည်တစ်ခါအမေ့ကို ကျွန်မပြန်ချော့နေရသည်.။ထီးလေးတစ်လက်ဝယ်ရန်ထက် အမေ့အကြော်တဲလေး နေ့စဉ်ချောမွေ့စွာလည်ပတ်နေရန်မှာ
ထီးလေးတစ်လက်ပိုင်ဆိုင်ရန်မှာလည်း ကျွန်မအတွက်မခဲယဉ်းပါ..။ကျွန်မ၏ချစ်သူ ကိုရီးယားမင်းသားလေးရိန်းက ကျွန်မကိုအိပ်မက်ထဲတွင်ချစ်သက်လက်ဆောင်အဖြစ်ဝယ်ပေးပေလိမ့်မည်။
မောင်ရေချမ်း
ဆယ်ကျော်သက်အရွယ်ရဲ့ ဘ၀အစိတ်အပိုင်းနဲ့ စိတ်ခံစားမှု့ပေါ်လွင်အောင် ဖွဲ့စည်းနိုင်တယ်။ ကြိုက်တယ်။
ReplyDelete..............................
အားပေးလျှက်
ဖြိုး