မျှော်လင့်ချက်တွေ ညှီုစို့ပုပ်သိုးသွားသောနှလုံးသားသည် အိပ်မက်ထဲမှာသူ့ကိုမြင်တော့ပြန်ပြီး လန်းဆန်းလာ တတ်မြဲဖြစ်သည် ၊၊တကယ်တော့ အချစ်ဆိုသည်မှာ ဖောက်လွဲဖောက်ပြန်နိုင်လှသော ရာသီဥတုလိုသာဖြစ်သည် ၊၊ ခန့်မှန်း၍ ခက်လှပါသည် ၊၊ နမ်းရှိုက်ခွင့်မရှိခဲ့သော ပါးပြင်ကိုလွမ်းနေသူအား မိုက်မဲသူအဖြစ် သတ်မှတ်မည်ဆိုပါက ကျွန်တော်သည်လူမိုက် တစ်ယောက်ဖြစ်ပါသည်၊၊သိမ်းထားခွင့်မရ ခဲ့သောမျက်နှာလှလှလေးကိုနှလုံးသားထဲတွင်သိမ်းဆည်းထားမိသူအားရူးသွပ်သူအဖြစ်ပြောကြမည်ဆိုပါက ကျွန်တော်ရူးခဲ့မိပါသည် ၊၊ဆုပ်ကိုင်ခွင့်မရခဲ့သော လက်ချောင်းသွယ်သွယ်လေးများကို တမ်းတနေမိသူအား အဓိပ္ပါယ်မဲ့သည်ဟုယူဆကြမည်ဆိုပါက ကျွန်တော်အဓိပ္ပါယ်မဲ့စွာရင်ခုန်ခဲ့ပါသည် ၊၊
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော့်နှလုံးသားသည် အဝေးအရပ်သို့ လွမ်းတတ်နေခဲ့ပြီဖြစ်သည်၊ နှလုံးသားကို တူးဆွပြီးအတိတ်ကို ပြန်တမ်းတမည်ဆိုပါက ပျော်စရာအတိနှင့်နေ့စွဲများပင်ဖြစ်ခဲ့ပါသည် ၊၊
***** ****** ****** ******
ရုပ်ရှင်တွေ ၊၀တ္ထုတွေထဲကလို အဆန်းတကြယ်တွေ့ဆုံခဲ့ကြတာမျိုးလည်းမဟုတ်ပေ၊၊ တွေ့ဆုံပုံမှာ ရိုးစင်းခဲ့သော်လည်း အဖြစ်အပျက်တို့ကတော့ မရိုးစင်းခဲ့ပါ ..၊၊သူက ကျွန်တော်တို့နေ့စဉ်ထိုင်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်လေးနားရှိ ကားမှတ်တိုင်မှာ ကားစောင့်လေ့ရှိသည် ၊၊
သူ့ကို နေ့စဉ်ငေးကြည့်ရင်း အဖျားလေးတွေလိပ်ကာလိမ်ကောက်ထားသောဆံနွယ်များအောက် တွင်လည်းကောင်း၊လက်ဆွဲခြင်းနီနီလေးကိုဆွဲကိုင်ထားသေ ပြည့်ဖြိုးဖြူနုလက်ဖ၀ါးအောက်တွင်လည်းကောင်း တစ်ခါတစ်ခါကားစောင့်ရသည်မှာကြာ၍စိတ်မရှည်သည့်အခါအပေါ်သွားဖြူဖြူညီညီလေးတွေ နှင့်ကိုက်ထားေ လ့ရှိသော ပန်းနုရောင်နှုတ်ခမ်း လှလှလေးအောက်တွင်လည်းကောင်း ကျွန်တော့်နှလုံးသားသည် ဒူးထောက်
မိခဲ့သည် ၊၊ထို့နောက် ကျွန်တော့်နှလုံးသားသည်သူ့နှလုံးသားဆီသိုလှပစွာဦးညွှတ်ခုန်ကူးသွားခဲ့ပါသည်.၊၊့
ထိုသို့နေ့စဉ်ငေးမောကြည့်ရင်း ပထမဦးဆုံးနေ့ စကားလိုက်ပြောမိတော့ မည်သည့်စကားမှပြန်မပြောဘဲ မျက်လွှာလေးချ ၊ နှုတ်ဆိတ်နေခဲ့ခြင်းကိုသာ ရရှိခဲ့သည် ၊၊ဒုတိယနေ့တွင်တော့ မျက်စောင်းလှလှလေးဖြင့် လိုက်မနှောင့်ယှက်ရန် ပြောသောစကားကိုသူ့နှုတ်မှထွက်သောစကားအဖြစ်ပထမဆုံးကြားဖူးခဲ့သည်၊၊
နောက်ရက် နောက်ရက်များတွင် သူ့ကိုခင်မင်ရုံသာခင်မင်ချင်ကြောင်း ကြိမ်ဖန်ထပ်စွာလိုက်ပြောခဲ့ရသည်၊၊
တစ်ပတ်ခန့်အကြာတွင်ကား....“မိုးပွင့်ဖြူ”ဟူသော နာမည်လှလှလေးကို သိခွင့်ရခဲ့သည်...၊၊
တစ်လနီးနီး ကားမှတ်တိုင်လေးတွင် သူကားစောင့်နေချိန်၌စကားပြောဆိုပြီးသော်....ခင်မင်ရင်းနှီးခွင့်ကို ရခဲ့ပါသည် ၊၊
***** ******** ** ** * *
သူနှင့်ကျွန်တော် ခင်မင်မိသွားချိန်တွင် သူသည်အစစအရာရာ နေရာတကာပြောဆိုဆုံးမချင်သော လူတစ်ယောက်ဖြစ်ခဲ့ပါသည် ၊၊အအေးဆိုင်ထိုင်လျှင်လည်း ကျွန်တော်ဝယ်ကျွေးသောမုန့်ကိုသူဘယ်တော့မှ မစားပေ၊၊အအေးဆို သူဝယ်တိုက်ရမှ ၊ မုန့်ဆိုသူဝယ်ကျွေးရမှ ကျေနပ်သူလည်း ဖြစ်သည်၊၊
“ မောင်လေး.....၊ဆေးလိပ်တွေလည်း အရမ်းသောက်တာပဲနော် ၊၊ပြီးတော့
..ညနေတိုင်း ၊ညနေတိုင်းလည်း လက်ဖက်ရည်ဆိုင်မှာချည်း ပဲတွေ့.....တွေ့နေရတယ်
၊ စာရော လုပ်ရဲ့လား ....၊၊ ”
“စာလား ၊ ကျက်ပါတယ် မမ ရဲ့..၊၊ညဘက်ဆိုရင် စာကျက်တယ်လေ ၊၊ပြီးတော့
ကျက်စရာ ၊ ဖတ်စရာလည်း နည်းနည်းပဲ ရှိတာပါ ၊၊ ”
“အင်း........၊၊အဲဒါဆိုလည်း
အချိန်တွေဖြုန်းမနေနဲ့လေ...၊၊သင်တန်းတွေဘာတွေတက်ထား ၊၊ပြီးရင် အလုပ်လေး
ဘာလေး လုပ်ပေါ့၊၊ ကြည့်လိုက်ရင်တော့ လက်ဖက်ရည်ဆိုင်ချည်းပဲနော်...၊၊ ”
သူက စကားပြောသောအခါ မျက်စောင်းလေးချိတ်ပြီး ပြောလေ့ရှိသူလည်းဖြစ်သည်၊၊လည်တိုင်မော့ ဟန်လေး ၊ ဆံနွယ်များကို လက်ချောင်းသွယ်သွယ်လေးများဖြင့် ပင့်တင်ဟန်လေး ၊ မျက်တောင်လေးများကို စင်းဟန် စသောသူ့အမူအယာ ၊သူ့ဟန်ပန်တို့သည် ကျွန်တော့်နှလုံးသွေးတွေ လည်ပတ်နေကျွန်တော့်
ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေပေလိမ့်မည်၊၊
“သူများကျတော့ ပြောတယ် ၊၊ မမကျတော့ အလုပ်ပြောင်းဖို့ မစဉ်းစားဘူးလား ၊၊မမ လုပ်နေတဲ့
အရောင်းစာရေးဆိုတာ တစ်နေကုန်မတ်တပ်ရပ်နေရတာလေ..၊၊ပင်ပန်းက
ပင်ပန်းနဲ့နော်...၊၊တခြားအလုပ်ပြောင်းလုပ်ပါလား ....၊၊ ”
ကျွန်တော်က သူ့ကိုစာနာဟန်ဖြင့်ပြောတော့သူဟက်ဟက်ပက်ပက်ရယ်မောခဲ့ဖူးသည်၊၊ ပန်းနုရောင်နှုတ်ခမ်းလွှာလေး ခတ်လှုပ်၍ရယ်မောဟန်လေးမှာ ကြည့်၍အလွန်ကောင်းပါသည်.၊၊**** *** *** **** * *****
သူနှင့်ပတ်သတ်၍လည်း သူငယ်ချင်းများကြားထဲတွင် စိတ်အခန့်မသင့်ဖြစ်ခဲ့ရဖူးသည်..၊၊ သူနှင့်ပတ်သတ်လာပါက ကျွန်တော့်နှလုံးသားသည်မာန်ဖီနေသော ကျားတစ်ကောင်လိုသည်းခံ စိတ်ကင်း မဲ့ကြောင်း ထိုစဉ်ကတည်းသတိထားမိခဲ့သည်..၊၊
“ဟေ့ကောင်....၊၊မင်းနဲ့မင်းဟိုမမနဲ့ အဆင်ပြေနေပြီလားကွ...၊၊မင်းဖွင့်ပြောပြီးပြီလား..၊၊”
ဝင်းထွန်းကတော့ မေးတော့ကျွန်တော်မသိချင်ယောင်ဆောင်နေခဲ့သည်၊၊ပြည့်ဖြိုးလင်းနှင့်ကျော်သူအောင်က
ပါအငြိမ်မနေဘဲဝင်ပြောလာကြသည်၊၊သူ့တို့စကားကြားတော့ကျင်ခနဲနာမိသည်.၊၊ကျွန်တော်သည်းမခံနိုင်ပေ၊၊ အရင်ကသူငယ်ချင်းတွေအပေါ်စိတ်ရှည်တတ်ခဲ့သော ကျွန်တော်သည်ဒေါသထွက်လွယ်ခဲ့သည်...၊၊
“မင်းမရရင်လည်း နောက်ဆုတ်လိုက်တော့ကွာ....၊၊ငါတို့ဆက်လှုပ်ရှားမယ်.လေ.....၊၊”
အူနုကို ကျွဲခတ်သည်လား..၊ အနာပေါ်တုတ်ကျသည်လား မသိပါ ၊၊ဒေါသကတော့ ထောင်းခနဲ ၊၊ စိတ်ထဲမှာလည်း တင်းခနဲ ၊၊“ခွပ် ” ဆိုသည့်အသံနှင့်အတူ ကျော်သူအောင်မျက်နှာကို အားရပါးရလက်ထိုး ပစ်ခဲ့မိသည် ၊၊
“ ဟာ...ဟေ့ကောင် ၊ ပိုင်ဇော် ၊၊မင်းဘယ်လို လုပ်လိုက်တာလဲကွာ ၊၊စတာလေးကို
သူငယ်ချင်းအချင်းချင်းကိုကွာ ”
ကျန်သည့်သူငယ်ချင်းတွေ ကျွန်တော့်ကိုမကျေမချမ်းဝိုင်းပြောကြသည်၊၊ကျော်သူအောင်ကတော့ မျက်နှာငယ်လေးနှင့် ၊၊
နှစ်ခြိုက်စွာအိပ်မောကျနေသော် ကျွန်တော့်နှလုံးသားကို လှုပ်နိုးသလိုဖြစ်သောကြောင့် နှုတ်ဖျားမှ စကားသံတွေခုန်ထွက်ကုန်သည်...၊၊
“မှတ်ထား ..၊မင်းတို့တွေ ၊၊ မမနဲ့ပတ်သတ်ရင် ဘယ်လိုမျိုးမှ မစကြနဲ့ ။၊မမ ဟာ ချစ်သူဟာ
ငါပဲဖြစ်ရမယ် ...၊၊ ”
***** ******** *******
သူ့ကိုချစ်သည့်အကြောင်းဖွင့်ပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူမုန်းသွားမည်ကို မလိုလား၍တုံ့ဆိုင်းနေမိခဲ့သည်.....၊၊သူ့နှင့်တွေ့တိုင်းသန့်စင်ချောမွှတ်သည့်သူ့ပါးပြင်လေးကိုလည်းကောင်း
၊မတွေ့ရသည့်အချိန်တွင်လွမ်း ဆွတ်နေခဲ့ရသော မေးဖျားသွယ်သွယ်လေးကိုလည်းကောင်း ၊စားပွဲကို တတောက်တောက်နှင့်ခေါက်နေတတ်သည့်လက်ချောင်းလှလှများကို လည်းကောင်း၊ခိုးကြည့်ငေးမော ရင်းသာအချိန်တွေကုန်လွန်ခဲ့ရသည် ၊၊
သူ့နှင့်တွေ့ရချိန်မှာ သူအလုပ်ဆင်းချိန်ညနေပိုင်းလေးသာ ဖြစ်သည်၊၊အအေးဆိုင်ထိုင်ရင်း စကားပြောဖြစ်ကြသည်မှာလည်း နာရီဝက်တစ်နာရီမျှသာ ၊၊သို့သော် မတွေ့ရသောအချိန်တိုင်းသည်လည်း ကျွန်တော့်နှလုံးသားသည် သူ့ဆီမှာသာဖြစ်သည်၊၊
သူ့အလုပ်က တနင်္ဂနွေတစ်ရက်နားရသည် ၊၊ထိုနေ့သည်ကား...ကျွန်တော့်ရင်ခွင်အလင်းရောင် ကင်းမဲ့သောနေ့ပင်တည်း ..၊၊
သူ့ရှေ့တွင် ဆေးလိပ်သောက်၍မရ ၊၊သူက ခေါင်းကိုမနာအောင် ခပ်ဖွဖွလေးခေါက်တတ်သည်၊ ၊ခေါင်းခေါက်ခံချင်သောကြောင့် ကျွန်တော်တမင်ပင် သောက်တတ်ခဲ့သည် ၊၊
တစ်ခါတစ်ခါ စိတ်ဆိုးသည်မှာလည်း အလွန်ချစ်ဖို့ကောင်းပါသည် ၊၊ပြုံးမလို၊မဲ့မလိုမျက်နှာပေးလေးဖြင့် စကားတစ်ခွန်းပဲနေသည် ၊၊ထိုအခါမျိုးတွင် မရယ် ရယ်အောင် ကျွန်တော်က ဟာသတွေပြောပြခဲ့ရဖူးသည် ၊၊ မရယ်ဘူး ဟုအားတင်းထားသည့်ကြားမှ မနေနိုင်တော့ဘဲနှစ်ခြိုက်စွာရယ်မောသည့်အခါမျိုးတွင် လေးကိုင်း
လိုညွှတ်နေသည့်နှုတ်ခမ်းလေးအောက်မှ နွားနို့ရောင်ဖြူဖြူလှလှသွားလေးများကို မြတ်မြတ်နိုးနိုးငေးကြည့်ခွင့်
ရခဲ့သည် ...၊၊
**** **** ******* * * ** * **
ထိုနေ့က သူနှင့်တွေ့ရန်အလွန်တက်ကြွနေမိသည်၊၊ညက စိတ်ကူးထားသည့်အတိုင်းသူ့မျက်ဝန်း များကို ခပ်ဆွေးဆွေးလေးကြည့်ပြီး “ချစ်တယ်”ဟုပြောမည်၊၊သူကလည်းပထမတော့ ငြင်းဆန်နေပေလိမ့်မည်၊
မရမက ပြောသောအခါ နောက်ဆုံးတွင် ရှက်စနိုးဟန်လေးဖြင့် ခေါင်းလေးညိမ့်ကာ အဖြေပေးပေလိမ့်မည် ၊၊
ထိုအခါ ကျွန်တော်က သူ့လက်လေးကို ဖွဖွလေးကိုင်ဆုပ်လိုက်ပေမည် ၊၊ ထို ထိုသောစိတ်ကူး တို့ဖြင့် ကြည်နူးခဲ့ရပါ၏၊၊
“မမကို ပြောစရာရှိတယ် သိလား ”
ကျွန်တော့်ကထိုသို့ပြောသောအခါသူကလုံးဝအံ့သြဟန်မပြတော့စိတ်ထဲတွင်စနိုးစနောင့်တော့
ဖြစ်သွားမိသည်၊၊ ဘာပြော မယ်ဆိုတာများ ကြိုသိနေ၍လားဟုတွေးမိကာ ရင်ပူသွားမိသည်၊၊သူ့မျက်နှာက တစ်ခုခုကို အလေးအနက်စဉ်းစားနေသည့်ဟန်၊၊
“မမလည်း မောင်လေးကို ပြောစရာရှိတယ်သိလား..၊၊ဟိုနေ့တည်းက
ပြောမလို့ပါပဲ..၊၊စောနေသေးလားလို့ ။။”
အအေးဆိုင်လေးထဲမှာ တိတ်ဆိတ်ငြိမ်သက်သွားသလိုမျိုးခံစားရသည်၊၊နှလုံးသားထဲမှာတော့ လမ်းပေါ်မှာပြေးလွှားနေသည့်ကားတွေနှင့်အပြိုင်လှုပ်ရှားနေခဲ့သည်၊သူ့နှုတ်ဖျားမှလွင့်စင်ထွက်လာမည့်စကား လုံးတွေကို ချုပ်သီရန်အထိတ်အလန့်နားစွင့်နေမိသည်၊၊ “ မမ ဘာပြောမလို့လဲ ။ပြောလေ...မမ အရင်ပြောလေ..၊၊ ပြီးရင်
ကျွန်တော်ပြောမယ်နော်...၊၊ ”
“အင်း.....ဘယ်လို ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး..၊၊ မမ
အလုပ်ထွက်လိုက်ပြီ...၊၊ပြီးတော့ မမချစ်သူ ရှိတဲ့ စင်င်္ကာပူကို သွားတော့မယ် ။၊ ”
“ ဗျာ ” “ဗျာ ” ဟူသောအသံသည် နှုတ်ဖျားမှ ခုန်ထွက်မလာဘဲလည်ချောင်းဝမှာတင်ပျောက်ဆုံးသွားသည် ၊၊“အလုပ်ထွက်ပြီ ”ဟူသော စကားကြားတော့ အထိတ်အလန့်မဖြစ်မိသေး ၊၊“မမ ချစ်သူရှိတဲ့....”ဟူသော စကားအကြားတွင်မူကျွန်တော့်နှလုံးသားသည်လမ်းပေါ်ပြေးလွှားသွားနေသည့်ကားတွေအောက်သို့ရောက်ရှိ သွားသလို ခံစားလိုက်ရသည် ၊၊လမ်းပေါ်မှ ကောက်ရထားသောအရုပ်တစ်ရုပ်ကို ပိုင်ရှင်ပေါ်လာ၍ပြန်ပေးလိုက်ရတော့မလိုမျိုးပင်၊၊အနက်ရှိုင်းဆုံးချောက်ထဲသို့ အရှင်လတ်လတ်တွန်းချခြင်းခံလိုက်ရသလို၊၊ကြားလိုက် ရသောစကားကို အံ့သြမှင်သက်မိကာ
“ မမ ဘာပြောလိုက်တယ် ။၊ ဘာပြောလိုက်တာလဲ..ဟင် ”
ဟုယောင်ယမ်း၍ကြိမ်ဖန်ထပ်လုပပင်ပြန်မေးမိသည် ၊၊
“မမစင်္ကာပူသွားတော့မယ်လို့ပြောတာလေ ၊၊ဟိုမှာ မမချစ်သူအလုပ်
လုပ်နေတာကြာပြီလေ.၊၊ ဟိုမှသူနဲ့အတူတူအလုပ်လိုက်လုပ်မလို့လေ ၊၊
မျက်ရည်တွေဝဲနေသလိုပဲ .၊၊ ဖုန်းဆက်လို့လည်းရတာပဲလေ..၊၊ပြီးတော့
အွန်လိုင်းပေါ်မှာလည်း တွေ့လို့ရနိုင်တာပဲလေ ၊၊ မောင်လေးကလည်း
ဘာဖြစ်ရတာလဲကွာ...၊၊ ”
“ ဟင့်အင်း....မမချစ်သူရှိတဲ့ စင်္ကင်္ာပူ ဟုတ်လား ...၊၊ ဟုတ်လား ဟင်...၊ ဟုတ်လား ၊၊ ”
ကျွန်တော်အရူးတစ်ယောက်လို ခေါင်းကိုတွင်တွင်ခါယမ်းမိသည် ၊၊သူကတော့ တည်တည်ငြိမ်ငြိမ်ပင်၊၊
“ဟုတ်တယ်လေ....၊၊
ခုနက ပြောစရာရှိလို့ဆို..၊၊ပြောလေ...ပြန်ရတော့မယ် မြန်မြန်ပြောလေ...၊၊ ”
“ ဘာပြောမှာလဲ မသိဘူးလား ..၊မမရယ် ”ဟု စိတ်တွင်းမှသာ မေးမိသည် ၊၊ကျွန်တော့်နှလုံးသားသည် ပွင့်ဖူးမည်ကြံရွယ်စဉ်မှာပင် ကြွေနွမ်းခဲ့ရလေပြီ...၊၊မမသည်ကျွန်တော့်ကိုသာယာကြည်ဖြူစွာဆက်ဆံခဲ့သည်မှာ ဘာအတွက်ကြောင့်နည်း၊၊မျှော်လင့်ခြင်းတို့ဖြင့်ပြည့်နှက်နေခဲ့သော ကောင်းကင်ရင်ခွင်တွင် အခုတော့ ၀မ်းနည်းမုန်တိုင်းများထန်နေလေပြီ..၊၊“မမရဲ့ရယ်သံလွင်လွင်လေးတွေနဲ့ ကျွန်တော့်အိပ်မက်တွေကို ရင့်မာလာစေခဲ့တာရောမမမသိဘူးလားမမရယ်”ဟုအသံတိတ်ပြောနေမိသည်၊၊ ကျွန်တော်ကသူ့ကိုငေးကြည့်နေရုံမှ
တစ်ပါး ဘာမှ မတတ်နိုင်တော့ ၊၊သူကတော့ ကျွန်တော့်ကို ခပ်အေးအေးသာကြည့်နေခဲ့သည်၊၊
“အင်း...မမ၊ ပြောစရာရှိတယ်ဆိုတာကလေ.......၊၊ ဟိုဟာလေ.........၊၊ အင်း....၊၊
ဟိုဟာ.......ကျွန်တော် ဆေးလိပ်ဖြတ်တော့မယ်လို့ ပြောမလို့ ”
ကျွန်တော် ကယောင်ကတမ်းပြောမိပြောရာ ပြောမိသည် ၊၊သူသဘာကျ၍ ခပ်ဖွဖွရယ်သည် ၊၊ဆေးလိပ်ဖြတ်မည်ဆိုသော စကားကိုသဘောကျရယ်သလား ၊၊ ကျွန်တော့်စိတ်ထဲကို လှမ်းမြင်၍ရယ်သလား ကျွန်တော်မသိပါ ၊၊သိလည်း မသိချင်တော့ပါ ၊၊
“ဟုတ်မှလည်း လုပ်ပါမောင်လေးရာ....၊၊ ပြီးရင် ပြန်သောက်လိမ့်ဦးမယ် မဟုတ်လား ၊၊ ” ကျွန်တော် မည်သည့်စကားမှမဆိုမိ၊၊မမသည်ကျွန်တော့်ကို နှုတ်ဆက်ပြီးပြန်သွားခဲ့သည်၊၊ခေါင်းလျှော် ရည်နံ့သင်းသင်းလေးကိုလည်းကောင်းသနပ်ခါးနံ့မွှေးမွှေးလေးကိုလည်းကျွန်တော်သည်ရှုရှိုက်ခွင့်မရနိုင်တော့
ပါ၊၊
ထိုနေ့က နေ၀င်ချိန်သည် သိပ်ကိုစောလွန်းခဲ့သည်...၊၊
******* ********* ******* ******
ထိုနေ့ကစ၍ ယခုတိုင် ကျွန်တော်ဆေးလိပ်မသောက်ဖြစ်တော့ပါ..၊၊ညနေပိုင်းလက်ဖက်ရည် ဆိုင်လည်း မထိုင်ဖြစ်တော့ပါ ၊၊သို့သော်အဖျားလေးတွေလိပ်ကာ ကွေးကောက်ထားတတ်သည့်ဆံနွယ်ပိုင်ရှင် မိန်းကလေးမျိုးတွေကို တွေ့တိုင်းတော့ ငေးမောကြည့်မိမြဲဖြစ်ပါသည် ၊၊
ကျွန်တော့်ရင်ဘတ်ကို ခွဲကြည့်မည် ဆိုပါကမမဟူသောအက္ခရာလေးကိုတခမ်းတနားထုထွင်း ထားကြောင်း တွေ့ရမည် ဖြစ်သည်..၊၊
မောင်ရေချမ်း
ခံစားအားပေးသွားပါတယ်ညီ....
ReplyDeleteတကယ်ကောင်းတယ်.... ၀တ္ထုတိုပိုရေး...မိုက်တရ်...
ReplyDeleteဝထ္ထုကောင်းလေးပဲ.... ခံစားအားပေးလျှက်..
ReplyDeleteကိုယ်ချင်းစာပါတယ်ဗျာ။
ReplyDelete