Tuesday, June 15, 2021

- အာဏာရှင် ကပ်တဲ့ အာရုဏ်ဆွမ်း -


ဝက်သား မဟုတ်ပါဘူး ပြီးခဲ့တဲ့အပတ်က 

ကျည်ဆံထိသေသွားတဲ့ ကျောင်းသားလေးရဲ့ပေါင်သားပါ

ဘုန်းပေးတော်မူပါ . . .ဘုရား

ငါးငပိရည် မဟုတ်ပါဘူး

ဒီမနက်မိုးလင်းခါနီးလေးကမှ

ဗုံးကြဲပစ်လိုက်တဲ့ တောင်တန်းဒေသရဲ့အရိုးတွေ

တို့စရာလေးတွေ မစုံလို့လား ဟင်

သေသေသပ်သပ် လှီးထားတယ်လေ

လတ်လတ်ဆတ်ဆတ် သခွားသီးအကွင်းလေးလား

အလယ်ကဟာကို သခွားစေ့လို့ မထင်ပါနဲ့နော်

အဲဒါ ဖမ်းပြီး 

ဖောက်ထုတ်လိုက်တဲ့ နိုင်ငံရေးသမားရဲ့မျက်လုံးလေးပေါ့

မွှေးနေတဲ့အကင်လေးတွေကိုရော

လျှောခနဲ ဝင်သွားအောင် 

 ပြည်သူ့မျက်ရည်ကို အပူပေးပြီး ကျိုထားတဲ့

ဟင်းချိုလေးနဲ့ သုံးဆောင်တော်မူပါလား

အဲဒါ . . အဲဒါ

အအီပြေအောင် အချဉ်ရည်လေး ယူပါဦး

နိုး နိုး ငရုတ်နှစ် မဟုတ်ပါဘူး 

လမ်းမပေါ်က သွေးတွေကို

ခဲပျစ်အောင် အဓမ္မနည်းနဲ့ လုပ်ထားတာပါ. . .ဘုရား

ဝရဲ့လား ပြည့်စုံရဲ့လား လုံလောက်လား

ဆွမ်းပူပူ ဖြူဖြူလေးတွေပေါ်မှာ

"ဒို့သာသနာ" လို့ ရေးထားတာ ပျော်ရဲ့လား

လက်ဆေးတော်မူပါ . .ဘုရား

အချိုပွဲကို ဘာတည်းဦးမလဲ

နောက်ထပ် အသက်ပေါင်းများစွာ

သေမယ့်စစ်ပွဲတွေလား 

ပြန်မကြွခင် . . .

"ဒကာနဲ့ဆရာ ငရဲကို အတူတူ သွားစို့" ဆိုတဲ့ 

စကားမပါဘဲ တရားကို ဟောသွားပါဦး အရှင်ဘုရား ။

                    မောင်ရေချမ်း

No comments:

Post a Comment

နှစ်သက်စွာ ခံစားနိုင်ပါစေ