နေ့သည်လည်းကောင်း ညသည်လည်းကောင်း
တစ်နေ့ထက်တစ်နေ့ တစ်ညထက်တစ်ည ငြိမ်းချမ်းစေကြောင်း
ဆုတောင်းရင်းဖြင့် ဒီကဗျာအဖွင့်ကိုစတင်လိုက်တယ်
ချစ်ခြင်းတရားဟာ မှော်ဆရာရဲ့လက်ထဲကဆေးတောင်ဝှေးလေးလို
တဖြည်းဖြည်း သေးကွေးလာ
အို….ကမ္ဘာလောက
မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့
အရာရာဟာ မှုန်ပြဝေရီလို့ အလေအလွင့်ခေတ်ထဲ အလွင့်အလေများတယ်
တစ်ခုခုတော့ တစ်ခုခုပဲတစ်နေရာမှာ လွဲချော်နေတာ
ငေးရင်းလွမ်းရင်း ၊ လွမ်းရင်းငေးရင်းနဲ့ အလေအလွင့်ခေတ်ထဲမှာ
ပြာလဲ့အက်ရှလို့ ကြေကွဲနေရ
ခြင်မတစ်ကောင်သန္ဓေအောင်ဖို့ သွေးကိုအရေးတကြီးလိုနေသလိုမျိုး
မုန့်ဟင်းခါးစားပြီး အပူတပြင်းရေငတ်နေသလို
နှလုံးသားသွေးထဲ ၊ ခန္ဓာကိုယ်ထဲ ရင်ဘတ်ထဲ အိပ်မက်ထဲ
အပြင်းအထန် စွဲစွဲလန်းလန်းတောင့်တနေတာ
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ”
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ”
အို….ရေအနှံ့ မြေအနှံ့ငြိမ်းချမ်းပါစေတော့
ကမ္ဘာဥယျာဉ်ဟာ ငြိမ်းချမ်းရေးနှင်းဆီတွေနဲ့ ပျံမွှေးထုံသင်းစေတော့
မှော်ကဝေနတ်ဆိုးတွေရဲ့ အိပ်မက်ဆိုးရှည်တွေထဲ
ကိုယ်တို့ဟာ နာရီပေါင်းများစွာ ၊ နေ့ပေါင်းများစွာ အချိန်ပေါင်းစွာ အိပ်စက်ခဲ့ရဖူး
ဘယ်လိုမှ လွမ်းစရာမကောင်းတဲ့ပုပ်ပွပွအကြောင်းတွေ
အခုပြန်တွေးရင်တောင် ရင်ဘတ်ကခါးသေးတယ်
ဘာပဲဖြစ်ဖြစ်ပါ ဘာပဲဖြစ်ဖြစ်ပေါ့
ကိုယ့်တရားနဲ့ကိုယ်သာ ရဲရင့်စွာလင်းပွင့်ရှင်သန်မြင့်မြတ်ကြပါစို့
ဒီနေ့သမိုင်းမှာ ရိုင်းစိုင်းသူတွေဟာ
မနက်ဖြန်များရဲ့ပြက္ခဒိန်ထဲ မင်နီဝိုင်းခံရမှာပ
ကိုယ့်ရင်ဘတ်ကိုယ် ရိုးသားရဲရင့်စွာတီးခတ်ကြည့်ပါ
အိပ်မက်သီချင်းဟာ လှပစွာယှက်ဖြာကျလာလိမ့်မှာ
ဒဏ်ရာဆိုတာ ဘယ်လောက်နက်နက်
ခံစားတတ်မှ နာတတ်တဲ့အမျိုးမို့
ခေါင်းလောင်းထိုးလိုက်ပါရဲ့
မနေ့ကရဲ့မနေ့ကတွေက အငွေ့မသေသေး
နာရီတွေကလည်း ဒဏ်ရာတွေကိုကုစားမပေးနိုင်ခဲ့
အိပ်မက်နွမ်းတွေနဲ့ ကိုယ်တို့တွေဟာရှင်သန်နေရတာ
ညနေခင်းချိုချိုတွေ
မွှေးထုံချိုရှတဲ့မနက်ခင်းလှတပတတွေ
အလန်းတကယ့်အလန်းဆုံးမျှော်လင့်ချက်တွေ ယုံကြည်ရာတွေ
အားလုံးကို ကိုယ်တို့နှလုံးသားတွေထဲက ဆွဲဆုတ်ယူငင်ခြင်းခံလိုက်ရ
မယုံကြည်တာကို ယုံကြည်ဖို့ ခဲယဉ်းတယ် တဲ့
အိမ်ကပဲသေနေတာလား ၊ ဖဲပဲခဏခဏလိမ်ရိုက်ခံနေရလား
တခါတခါ စဉ်းစားရင်းရင်ဘတ်က တစ်ဆို့ကွဲကြေရပြန်တယ်
ဘ၀တွေ ဘ၀တွေက ငယ်အိပ်မက်တွေနဲ့လွဲချော်နေဆဲ
အလွမ်းတွေသာ တဖြည်းဖြည်းရင့်ရင့်လာတယ်
ဖြစ်တည်မှုတွေက ဟိုလူ ခိုး ၊ ဒီလူ ခိုး
အလင်းဆုံးအချိန်ရောက်ဖို့
မျှော်လင့်ခြင်းလှေငယ်ဟာ အရုဏ်ဦးအမှောင်မှာ မြုပ်ချည် ၊ပေါ်ချည်
အလျားလိုက် ဒေါင်လိုက်ခန္ဓာကိုယ်ပေါ်ဖြတ် ဖြတ်စီးသွားတာ အပူစီးကြောင်းတွေ
အိပ်မက်တွေက ခဏခဏကျန်းမာရေးချုချာတော့ခက်သား
ရာသီဥတုကလည်း မမှန်ဘူး
အဲဒါကြောင့်ပေါ့ မျှော်လင့်ချက်တွေ အတုံးအရုန်းသေကြေကုန်ကြတာ
အနာဂတ်ကို ဒီနေ့ကနေငေးရင် သက်ပြင်းမောတွေချွေချွေချနေရတာ
မနေ့ပေါင်းများစွာ်ကို တွေးရင်း အကြိမ်ကြိမ်တောက်ခေါက်နေရတာ
အတိတ်တောအုပ်ထဲမှာ ဘီလူးတွေကြီးစိုးကျက်စားခဲ့တာ မုန်းစရာ
မဖတ်ချင်တော့လို့ ပိတ်ထားတဲ့ဝတ္ထုတွေထဲမှာ
ထမင်းစားခါနီးမှ ဆန်ပြေးဝယ်ရတဲ့ဇာတ်ကောင်တွေပါတယ်
လူလို့ ခပ်ဖွဖွသာတံဆိပ်တပ်ခွင့်ရတဲ့လူတွေ ပါတယ်
အိပ်မက်ကြမ်းတွေနဲ့အသက်ဆက်နေရသူတွေ ပါတယ်
ဒီလိုနဲ့ပေါ့ ဒီကဗျာဟာ ခါးခါးလာတာ
ဒီလိုနဲ့ပေါ့ ကိုယ့်တို့ အိပ်မက်တွေဟာ ခါးခါးလာတာ
ဒီလိုနဲ့ပေါ့ ဘ၀တွေဟာ ခါးခါးလာတာ
ပန်းတိုင်ပျောက်ရှာရင်း ၀င်္ကပါထဲရောက်နေတဲ့ကလေးငယ်တွေ
အတောင်ချိုးခံရတဲ့ငှက်လေးတွေ
မျှော်လင့်ခြင်းတွေကိုယ်တစ်ပိုင်းသေကုန်ကြတဲ့လူတွေ
အိပ်မက်ခိုးကဝေတွေရေ
ငါတို့ကို လွတ်လပ်စွာ ရင်ခုန်ပွင့်ဝေခွင့်ပေးပါလေ
ဇာဘုရင်ရဲ့စနစ်ဆိုးကြောင့် ရုရှားသူတွေပြည့်တန်ဆာဘ၀ရောက်ခဲ့ဖူး
တီဗွီဂိမ်းဆိုင်တွေထဲမှာ ကလေးငယ်တချို့ဖိတ်စင်နေကြ
အရက်ဖြူဆိုင်ထဲ ၊ ဘီယာဆိုင်ထဲ လူငယ်တချို့ပျံ့ကြဲ
လက်ဖက်ရည်ဆိုင်ထဲ အလုပ်မရှိလူကြီးတွေဘာအကြောင်းညာအကြောင်း
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံးအကြောင်း ဆွေးနွေးလေကန်
ဒီလိုနဲ့ ဘာဘာညာညာအကြောင်းတွေကို မေ့ထားကြ
ကန်စွန်းရွက်တစ်စည်း
ဆန်တစ်ပြည်
ဘစ်(စ်)ကားတစ်မှတ်တိုင်စာ နှစ်မှတ်တိုင်စာ
ကျောင်းသုံးစာအုပ်
နေထိုင်စားသောက်စရိတ်
ဂရပ်တွေဟာ တဖြည်းဖြည်းအပေါ်ထောင်တက်လာ
ဘ၀တွေ ဘ၀တွေဟာလည်း မှော်ဆရာရဲ့လက်ထဲကဆေးတောင်ဝှေးလေးလို
သာမန်ခါးတာထက်ပိုပိုခါးလာတဲ့ သာမန်တွေ ၊၊
တစ်ချိန်မှာတော့
အိပ်မက်တွေဟာ အခမ်းနားဆုံးပွင့်လို့ ဥယျာဉ်တော်ထဲငွားငွားစွင့်စွင့်ဖြစ်လာမပေါ့
အိပ်မက်ခိုးဘီလူးတွေ ဖန်ဆင်းတဲ့ကမ္ဘာမြေကို အလင်းသစ်တွေရောက်လာမယ့်အချိန်
မနက်ခင်းတွေဟာ ပန်းနှင်းဆီတွေနဲ့မွှေးထုံသင်းလာမယ့်အချိန်
လတ်ဆတ်ရွှမ်းစိုတဲ့ရင်ခုန်သံတွေနဲ့ လွတ်လပ်သီချင်းတွေသီကျူးခွင့်ရမယ့်အချိန်
အဲဒီ့အချိန်ကိုပဲ မျှော်လင့်ချက်မှိန်မှိန်နဲ့မျှော်နေမိ
အို….ကမ္ဘာလောက
မီးတောက်တွေ ကင်းစင်လို့ ကြွရွလှပနေပါစေတော့
“စနစ်ဘယ်လောက် ကောင်းကောင်း
လူကောင်းဖို့ဘဲ လိုပါတယ် ” တဲ့
ဘယ်သူပြောတဲ့စကားလဲ မမှတ်မိတာ ခွင့်လွှတ်စေချင်
မိုးမှောင်တိမ်သား ကင်းစင်
ပတ်ဝန်းကျင်တစ်ခွင်လုံး တိမ်ဖြူတို့နှင့်အတူကြည်လင်လို့
တို့ကမ္ဘာမြေကြီးသာယာပါစေ သတည်း ၊၊ ၊၊
မောင်ရေချမ်း
ဖူးငုံ teen magazine / ဧပြီလ ၊ ၂၀၁၂
တကယ့် ကဗျာဆရာဆိုတာ ဒါမျိုးမှပီသတာ။ ပြည်သူတွေရဲ့ ပုံရိပ်အစစ်အမှန်ကို ပုံတူကူးပြနိုင်တာ ရက်ရက်စက်စက်ပဲ။
ReplyDeleteပန်းတိုင်ပျောက်ရှာရင်း ၀င်္ကပါထဲရောက်နေတဲ့ကလေးငယ်တွေ
အတောင်ချိုးခံရတဲ့ငှက်လေးတွေ
မျှော်လင့်ခြင်းတွေကိုယ်တစ်ပိုင်းသေကုန်ကြတဲ့လူတွေ
အိပ်မက်ခိုးကဝေတွေရေ
ငါတို့ကို လွတ်လပ်စွာ ရင်ခုန်ပွင့်ဝေခွင့်ပေးပါလေ
ဇာဘုရင်ရဲ့စနစ်ဆိုးကြောင့် ရုရှားသူတွေပြည့်တန်ဆာဘ၀ရောက်ခဲ့ဖူး
တီဗွီဂိမ်းဆိုင်တွေထဲမှာ ကလေးငယ်တချို့ဖိတ်စင်နေကြ
အရက်ဖြူဆိုင်ထဲ ၊ ဘီယာဆိုင်ထဲ လူငယ်တချို့ပျံ့ကြဲ
လက်ဖက်ရည်ဆိုင်ထဲ အလုပ်မရှိလူကြီးတွေဘာအကြောင်းညာအကြောင်း
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံးအကြောင်း ဆွေးနွေးလေကန်
ဒီလိုနဲ့ ဘာဘာညာညာအကြောင်းတွေကို မေ့ထားကြ
ကန်စွန်းရွက်တစ်စည်း
ဆန်တစ်ပြည်
ဘစ်(စ်)ကားတစ်မှတ်တိုင်စာ နှစ်မှတ်တိုင်စာ
ကျောင်းသုံးစာအုပ်
နေထိုင်စားသောက်စရိတ်
ဂရပ်တွေဟာ တဖြည်းဖြည်းအပေါ်ထောင်တက်လာ
ဘ၀တွေ ဘ၀တွေဟာလည်း မှော်ဆရာရဲ့လက်ထဲကဆေးတောင်ဝှေးလေးလို
သာမန်ခါးတာထက်ပိုပိုခါးလာတဲ့ သာမန်တွေ ၊၊
အဲဒီစာပိုဒ်အကြိုက်ဆုံးပဲ။
:)
ReplyDelete